စာရေးသူတို့နိုင်ငံမှာ အတုယူဖွယ်တွေ များစွာရှိနေတယ်။ (၂၀-၄-၂၀၁၅) ထုတ် အပတ်စဉ်ဂျာနယ်မှာ “ကိုးနှစ်အရွယ် ဂျပန်ကလေးငယ်၏ ဆုတောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတိုတစ်ပုဒ် ဖတ်လိုက်ရတယ်။ Inoue Kotori ရဲ့ တစ်မိနစ်မိန့်ခွန်းပြောမှု အစီအစဉ်မှာ ပြောသွားတဲ့ စကားသံတွေက စာရေးသူတို့ မြန်မာနိုင်ငံသားတွေအားလုံး မှတ်သားဖွယ်ဖြစ်ပါတယ်။ နိုင်ငံခြားသူတစ်ဦးအနေနဲ့ မြန်မာနိုင်ငံမှာ သူမြင်တွေ့ခံစားရတာကို ပြောသွားတာဖြစ်တယ်။
အမှိုက်တွေကိုစည်းကမ်းတကျ စွန့်ပစ်တတ်ဖို့ဆိုတဲ့ အခြေခံလူ့ကျင့်ဝတ်တွေကအစ ပြုပြင်ဖို့လိုနေသေးတာ သတိထားမိကြမှာ ဖြစ်တယ်။
ဂျပန်နိုင်ငံက ဟိုယခင်ကတိုးတက်တဲ့ နိုင်ငံတွေကရော အခြားသော နိုင်ငံတွေကပါ ကောင်းတဲ့စနစ်တွေကို ပုံတူကူးယူပြီး မိမိနိုင်ငံ တိုးတက်အောင်လုပ်ဆောင်ခဲ့လို့ မျက်မှောက်ကာလမှာ ကမ္ဘာ့အလယ် ထည်ထည်ဝါဝါ တိုးတက်လာစေခဲ့တာဖြစ်တယ်။ တိုးတက်တဲ့နိုင်ငံတွေက စာကောင်းပေမွန်တွေကို ဂျပန်ဘာသာနဲ့ တိုက်ရိုက်ပြန်ဆိုပြီး ဂျပန်ဘာသာနဲ့ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ စာအုပ်ထုတ်တယ်။ နှိုင်းယှဉ်ပြီး ဖတ်လို့ရစေတာပါ။
အဓိကကတော့ မိမိနိုင်ငံသားတွေ စာများများဖတ်အောင် လုပ်ဆောင်ပေးကြရမှာ ဖြစ်တယ်။ သို့ပေမဲ့ စာရေးသူတို့နိုင်ငံက အတိတ်ကာလမှာ လူတွေကိုပညာမဲ့အောင် လုပ်ဆောင်ခဲ့ကြတယ်။ ဆင်းရဲအောင် လုပ်ဆောင်ခဲ့ကြတယ်။ ကြောက်စိတ်တွေများအောင် လုပ်ခဲ့ကြတယ်။ ဒါတွေက နိုင်ငံကို အောက်ဆုံးအဆင့် ရောက်အောင်လုပ်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေဖြစ်ခဲ့တယ်။ မိမိနိုင်ငံ မိမိလူမျိုးအပေါ် စေတနာမှန်မှန်နဲ့ တိုးတက်အောင် လုပ်ပေးဖို့လိုအပ်တယ်။
စာရေးသူတို့နိုင်ငံမှာ နှစ်ပေါင်းများစွာလွဲမှားတဲ့ စီမံခန့်ခွဲမှုဒဏ်ကြောင့် အဘက်ဘက်မှာ အားနည်းယိုယွင်း လာတဲ့အထဲမှာ မြန်မာစာ၊ မြန်မာစကားကလည်း အခန်းကဏ္ဍစ်ခုက ပါဝင်နေတယ်။ မြန်မာစာ၊ မြန်မာစကားမှာ စကားလုံးအထားအသို လွဲမှားသွားတာနဲ့ အဓိပ္ပာယ်ပြောင်းပြန် ဖြစ်သွားတာမျိုးတွေရှိတယ်။
လာဘ်ပေးရန် မလို
နဲ့
လာဘ်ပေး ရန်မလို
အတွဲကိုကြည့်ရင် အဓိပ္ပာယ်ကလုံး၀ ပြောင်းသွားတာ တွေ့ရမှာဖြစ်တယ်။
ဒီကနေ့ ကွန်ပျူတာခေတ်စားလာချိန်မှာ ကွန်ပျူတာမှာ မြန်မာစာလုံးအတွဲတွေ မကြာခဏ မှားနေတာတွေ့ရတယ်။ ဒါကြောင့် ခေတ်နောက်ပြန်ဆွဲတယ်ပဲဆိုဆို စာရေးသူက လက်နှိပ်စက်နဲ့ ကိုယ်တိုင်ရိုက်ပြီးမှ ဆောင်းပါးစာမူတွေ ပို့လေ့ရှိပါတယ်။ စာရေးသူတို့ နိုင်ငံကပြုပြင်စရာတွေ ဘက်ပေါင်းစုံမှာ ရှိနေတယ်။ ဒါတွေကို စစ်မှန်တဲ့အသိနဲ့ ပြုပြင်တတ်ဖို့ လိုအပ်တယ်။ ဘာသာပြန်ဆိုရာမှာ စကားလုံး အသုံးအနှုန်း၊ သဒ္ဒါအထားအသို မှန်ကန်မှုတွေက အရေးပါတယ်။ အင်္ဂလိပ်စကားလုံးကို မြန်မာဘာသာ ပြန်ဆိုရာမှာ မူရင်းစကားလုံးရဲ့ အဓိပ္ပာယ်အတိုင်း တိုက်ရိုက်ယူပြီး ဘာသာပြန်လိုက်ရင် အမှားဖြစ်သွားနိုင်တယ်။ ဥပမာဆိုရရင် Brainstorming ဆိုတဲ့စကားလုံးမှာ Brain ဆိုတာက ဦးနှောက်ကို ဆိုလိုတယ်၊ Storm ကမုန်တိုင်း၊ Storming ကတော့ မုန်တိုင်းတိုက်ခတ်ခြင်းကို ဆိုလိုတယ်။ Brainstorming ကို တိုက်ရိုက်ဦးနှောက် မုန်တိုင်းထန်ခြင်းလို့ တိုက်ရိုက်ပြန်ဆို လိုက်တဲ့အခါ အဓိပ္ပာယ်ကတစ်မျိုး ဖြစ်သွားတယ်။ ဒါကိုမြန်မာစကားလုံးမှာ အဆင်ချောစေမယ့် စကားလုံးရွေးသုံးလို့ ရပါတယ်။ ဥပမာ ခေါင်းချင်းဆိုင် ဆွေးနွေးခြင်း ဒါမှမဟုတ် ဒူးတိုက်ဆွေးနွေးခြင်းလို့ ပြန်လိုက်ရင် စကားလုံးလှသွားမယ် ထင်ပါတယ်။
စာရေးသူတို့နိုင်ငံမှာ မိမိနိုင်ငံ တိုးတက်တာကို တွေ့လိုမြင်လိုကြသူတွေ များစွာရှိမှာပါ။ လူနည်းကသာ သူတို့မတရား ရယူထားတဲ့ပစ္စည်းတွေ ဥစ္စာဓနတွေကို နိုင်ငံတော်ကို ပြန်လည်ပေးအပ်ရမှာ စိုးရွံ့တဲ့အတွက် မိမိကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒအရ မိမိနိုင်ငံကို မျက်ဖြူဆိုက်လေပုံစံ ဖြစ်နေမှာပါ။ မိမိနိုင်ငံသား မဟုတ်တဲ့ ဂျပန်သူလေးကသော်မှ မိမိနိုင်ငံရဲ့အားနည်းချက်တွေကို မြင်နေတယ် ဆိုတော့ အင်မတန် ရှက်ဖွယ်ကောင်းပါတယ်။
ဂျပန်နိုင်ငံက အခြားနိုင်ငံတွေက ကောင်းတာမှန်သမျှရယူပြီး မိမိနိုင်ငံတိုးတက်အောင် ဆောင်ရွက်သွားတာ ဖြစ်တယ်။ အလားတူ မိမိနိုင်ငံကလည်း အပေါ်ယံကြောအနေနဲ့ မဟုတ်ဘဲ မိမိနိုင်ငံကို အမှန်တကယ် တိုးတက်လိုစိတ်နဲ့ အဘက်ဘက်က တိုးတက်လာအောင် လုပ်ဆောင်ပေးစေလိုတယ်။ စာရေးသူတို့နိုင်ငံသား တစ်ဦးချင်းကို စစ်တမ်းကောက်ယူရင်လည်း အများစုက နိုင်ငံတိုးတက်လိုပြီး ဂျပန်နိုင်ငံလို ဖြစ်လိုကြောင်း အဖြေထွက်လာမှာဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်ကို ဂျပန်ပြည်လို မြန်မြန်ဖြစ်အောင် လုပ်ဆောင်ပေး ကြပါလို့သာ တိုက်တွန်းလိုကြောင်းပါ။










