ဗဟိုဘဏ်က ဝင်ရောက်ထိန်းချုပ်မည်ဟု ဆိုသော်လည်း ဒေါ်လာဈေး ကျပ် ၁၁၄၀ အထိ စံချိန်တင် မြင့်တက်နေ

ဗဟိုဘဏ်က ဝင်ရောက်ထိန်းချုပ်မည်ဟု ဆိုသော်လည်း ဒေါ်လာဈေး ကျပ် ၁၁၄၀ အထိ စံချိန်တင် မြင့်တက်နေ
Published 20 May 2015

သတ်မှတ်နှုန်းထက် ဒေါ်လာဈေးတင် ရောင်းချမှုများကို ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းချုပ် အရေးယူသွားမည်ဟု သတိပေးချက် ထုတ်ပြန်ထားခဲ့သော်လည်း မေ ၂၀ ရက် ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးသည် ၁၁၄၀ ကျပ်ဝန်းကျင်အထိ ဆက်လက်မြင့်တက်လာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ဗဟိုဘဏ်အနေဖြင့် မေ ၁၁ ရက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ငွေလဲကောင်တာ ၂၀၀ မှ လုပ်ငန်းရှင်များကို တွေ့ဆုံခဲ့ပြီး ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးသည့် ဈေးထက် ရောင်းဈေး ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ပိုရောင်းရန်၊ ဝယ်ဈေးကို သတ်မှတ်နှုန်းထက် ၀ ဒသမ ၈ ရာခိုင်နှုန်းသာ လျှော့ဝယ်ရန် ညွှန်ကြားထားပြီး ဈေးတင်ပိုမိုရောင်းချပါက ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည်ဟု သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာငွေလဲနှုန်းမှာ စံချိန်တင် မြင့်တက်လျက်ရှိသည်။  မေ ၂၀ ရက်ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့၏ တရားဝင်နိုင်ငံခြားငွေလဲ ကောင်တာများတွင် ရောင်းဈေး ၁၀၉၁ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၀၈၉ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀၈၂ ကျပ် သတ်မှတ်ထားသည်။ မေ ၂၀ ရက်တွင် ဖြစ်ပေါ်နေသော ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၁၃၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၃၂ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း၊ ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၁၄၀ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ပြင်ပေဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် မေ ၁၈ ရက်မှစ၍ တစ်ဒေါ်လာတန်ဖိုးမှာ ၁၁၁၂ ကျပ်ဝန်းကျင်မှ မေ ၁၉ ရက်တွင် ၁၁၂၅ ကျပ်ဝန်းကျင်သို့ လည်းကောင်း မေ ၂၀ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၁၃၇ ကျပ်ဝန်းကျင်ဖြင့် တစ်ရက်လျှင် ၁၃ ကျပ်ဝန်းကျင်အထိ မြင့်တက်လာသည်။ယခု ဖြစ်ပေါ်နေသော ဈေးနှုန်းသည် မေ ၁၂ ရက် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော ရောင်းဈေး ၁၁၃၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၂၉ ကျပ်ဝန်းကျင်ထက် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားထားသည်။ယခုကဲ့သို့ ဒေါ်လာဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်နှင့် သွင်းကုန်မမျှတမှု ဖြစ်ပေါ်နေပြီး ကုန်သွယ်မှုလိုငွေပြနေခြင်း၊ အစိုးရ၏ အသုံးစရိတ် မြင့်တက်နေခြင်းနှင့် စစ်ပွဲများကြောင့် စရိတ်ကုန်ကျမှု များပြားနေခြင်းကြောင့် ပြည်တွင်းတွင် ဒေါ်လာငွေတန်ဖိုး မြင့်တက်နေခြင်းဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ရှိနေသည်။

Most Read

Most Recent