ပုဒ်မ ၅ (ည) ဟု နာမည်ဆိုးနှင့် ကျော်ကြားသည့် “၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ” ကို ရုပ်သိမ်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆိုတင်သွင်းမှုအား ပြည်သူ့လွှတ်တော်၌ မေ ၂၀ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူများသဖြင့် ရှုံးနိမ့်သွားသည်။NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ” ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်းဥပဒေကြမ်းကို လွှတ်တော်၌ လက်ခံဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀ မဲသာ ရရှိခဲ့ပြီး ကန့်ကွက်မဲ ၂၆၅ မဲနှင့် ကြားနေမဲ ၁၇ အထိ ရှိခဲ့သဖြင့် ဦးဝင်းမြင့်၏အဆို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ဦးဝင်းမြင့်က အဆိုတင်သွင်းရာတွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက်အများစုသည် ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းပြီးသော အချက်များဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် နိုင်ငံသားများအား ဖိနှိပ်ချုပ်ချယ်နိုင်သည့် ယခုဥပဒေမျိုး မရှိသင့်ကြောင်း၊ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ မကျရောက်ဘဲ နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူပြည်သားများအား ဖိနှိပ်ချုပ်ချယ်သည့် ချေမှုန်းလုပ်ကိုင်ခြင်း၊ မတရားဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်ရန် ယခုဥပဒေအား လက်နက်သဖွယ် အသုံးပြုခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်တွင် ခေတ်နှင့်မလျော်ညီသော နိုင်ငံသားများ၏ မူလအခွင့်အရေးကို နစ်နာစေမည့် အရေးပေါ်စီမံမှု အက်ဥပဒေအား ရုပ်သိမ်းသင့်ကြောင်း တင်ပြခဲ့သည်။၎င်းအဆိုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ထောက်ခံဆွေးနွေးရာတွင် “ဒီဥပဒေဟာ ၁၉၅၀ ကနေ နှစ်ပေါင်း ၆၀ ကျော်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ နာမည်ဆိုးနဲ့ ကျော်ဇောနေတဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ ပြည်သူလူထုကြားမှာ ပုဒ်မ ၅ (ည) ဆိုရင် ထိတ်လန့်ဖွယ်ရာ ပုဒ်မတစ်ခုလို ဖြစ်နေပါတယ်။ ညအချိန်မတော် အခန်းတံခါးကိုခေါက်ပြီး ကိုယ့်သား၊ သမီးတွေကို ခေါ်ယူသွားတဲ့ အချိန်တိုင်းမှာ မိသားစုတွေအတွက် ထိတ်လန့်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီဥပဒေမျိုးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးက ပြုပြင်ပြောင်းလဲသင့်တယ်လို့ပဲ ဆွေးနွေးချင်ပါတယ်။ နောက်တစ်ခုက အုပ်ချုပ်ရေး အဖွဲ့အစည်းကို အာဏာအလွန်အကျွံပေးထားတဲ့ ပုဒ်မကြီး ဖြစ်နေပါတယ်။ ဒီပုဒ်မတွေက ဘယ်လောက်အထိ အာဏာအလွန်အကျွံ ဖြစ်ခဲ့လဲဆိုရင် ကျွန်တော် ကျောင်းသားဘဝက ထိန်းသိမ်းခံခဲ့ရပါတယ်။ ပုဒ်မ ၅ (ည) နဲ့ ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေကြောင့် ချမှတ်ခံခဲ့ရသော်ငြားလည်း အကျဉ်းထောင်ထဲရောက်ပြီးမှ ပုဒ်မ ၅ (င) နဲ့ ထပ်မံ ခုနစ်နှစ် ထောင်ချခံခဲ့ရတယ်။ အကျဉ်းထောင်ထဲမှာပဲ ပုဒ်မ ၅ (ဃ) နဲ့ နောက်ထပ် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒီဥပဒေတွေဟာ ပြင်ပမှာတင်မဟုတ်ဘဲ ထောင်လိုနေရာတွေအထိပါ အုပ်ချုပ်ရေးဘက်က အလွန်အကွ ျံအာဏာကို သုံးစွဲနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတဲ့အတွက် ဒီဥပဒေကို ရုပ်သိမ်းဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့တိုင်းပြည်ဟာ ဒီအချိန်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အရေးပေါ်စီမံချက်တွေနဲ့ ဖမ်းဆီးထောင်ချနေခြင်းမျိုးကို ရှောင်ကြဉ်ဖို့ လိုအပ်တဲ့အတွက် ဒီဥပဒေကို ရုပ်သိမ်းသင့်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဆွေးနွေးသည်။ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရုပ်သိမ်းရန်မသင့်ကြောင်း ဆွေးနွေးခဲ့သည်။ထို့နောက် မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သဖြင့် ဦးဝင်းမြင့်တင်သွင်းသည့် “၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား လွှတ်တော်၌ လက်ခံဆွေးနွေးခြင်းပြုမည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ပုဒ်မ ၅ (ည) ဟု နာမည်ဆိုးနှင့် ကျော်ကြားသည့် ‘‘၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ’’ ကို ရုပ်သိမ်းရန် NLD ပါတီ၏ အဆိုတင်သွင်းမှု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်