ကိုယ့်လိပ်ပြာ လုံနိုင်ပါစေ

ကိုယ့်လိပ်ပြာ လုံနိုင်ပါစေ
Published 20 May 2015
ဟယ်ရီမွန်

ဘယ်သူမပြု မိမိမှု၊ ဘယ်သူပျက်ပျက် ကိုယ်တရားမပျက်နဲ့ဆိုတဲ့ စကားတွေကို လူကြီးသူမတွေရဲ့ ဆုံးမစကားတွေတိုင်းမှာ ကြားဖူးနေပါတယ်။ ဘယ်သူတွေဘာတွေပဲ လုပ်နေလုပ်နေ ကိုယ်လုပ်တဲ့အရာတွေက ကိုယ့်ရဲ့ပုံရိပ်တွေပဲ ဖြစ်နေမှာပါ။ တခြားသူတွေ မကောင်းရင် သံသရာဝဋ်ကြွေးတွေကို တခြားသူတွေ ခံရမှာပါ။ ကိုယ်မကောင်းရင်တော့ ကိုယ့်သံသရာဝဋ်ကြွေးကို ကိုယ်တိုင် ခံစားကြရမှာပါ။ ဘယ်သူတွေ ဘာတွေပြောပြော ဘယ်သူတွေဘာတွေလုပ်လုပ် ကိုယ့်ကိုယ်ကျင့်တရားကို ကိုယ်တိုင်ကောင်းမွန်စွာ စောင့်ထိန်းဖို့ လိုပါတယ်။ တခြားသူ သိသိ မသိသိ ကိုယ့်လုပ်ရပ်ကို ကိုယ်တိုင်အသိဆုံးမို့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးပါတယ်။အရာရာတိုင်းမှာ တရားသော နည်းလမ်းနဲ့သာ လုပ်ဆောင်မယ်ဆိုရင်တော့ ဘာကိုမှ နောက်ဆံတင်းစရာ မလိုတော့ပါဘူး။ ကိုယ်ရလာတဲ့ငွေကြေး၊ ကိုယ်သုံးစွဲနေတဲ့ အရာတွေဟာ တရားနည်းလမ်းတကျ ဟုတ်ပါရဲ့လားဆိုတာ ကိုယ်တိုင်သာသိမှာပါ။ သူတစ်ပါးတွေ ငိုကြွေးပြီးမှ ဆင်းရဲဒုက္ခခံပြီးမှ ရလာတဲ့ အရာတွေအတွက် ကိုယ်တွေအမြင့်ပေါ်မှာ အဆင်ပြေနေရင်ကော ကိုယ့်လိပ်ပြာ လုံပါရဲ့လား။ ပြည်သူတွေအတွက် စားဝတ်နေရေး ပြေလည်စေရေး၊ ဆင်းရဲနွမ်းပါးမှု (ဆင်းရဲမွဲတေမှုတောင် မသုံးနိုင်ဘဲ နွမ်းပါးမှုလို့သာ စကားအသုံးအနှုန်းကို အတင်းပြောင်းလဲထားခြင်း) လျှော့ချမှုအမည်ခံ ပရော့ဂျက်တွေကကော ဘယ်လောက်အထိ သက်ရောက်မှုရှိသလဲဆိုတာ ကျူးကျော်အဖြစ် နေထိုင်နေကြရတဲ့ အိမ်ခြေမဲ့တွေ၊ နေစရာနေရာ ကျဉ်းကျဉ်းလေးကို ငှားရမ်းနေထိုင်နိုင်ဖို့ ခြိုးခြံချွေတာပြီး ခြစ်ကုတ်စုဆောင်းနေကြရတဲ့ မိသားစုတွေ၊ တစ်နေ့စာတစ်နေ့ နပ်မှန်စေဖို့ ရတဲ့အလုပ်ကို ကြုံရာလုပ်ပြီး ဆင်းရဲပင်ပန်းစွာ ရှာဖွေနေရသူတွေ၊ နိုင်ငံအတွင်း ပေါများလာတဲ့ ခိုးဝှက်လုယက်သူတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အမှန်တကယ်တော့ ကိုယ်ကျင့်တရားကိုသာ ကောင်းအောင်ကြိုးစားမယ်ဆိုရင် အဲ့ဒီအရာတွေအတွက် ကိုယ့်လိပ်ပြာကိုယ်လုံအောင် ဆောင်ရွက်ပြီးသား ဖြစ်နိုင်ပါလိမ့်မယ်။   ဒါတင်မကပါဘူး။ အဲ့ဒီလို အရာတွေအတွက် ပြစ်တင်ထောက်ပြပြီး ဆင်းရဲတွင်းက ကျွတ်ချင်ကြပါတယ်။ တိုးတက်အောင် ဆောင်ရွက်ချင်ကြပါတယ် ဆိုသူတွေကကော ကိုယ်တွေရဲ့ လုပ်ဆောင်မှု ဆောင်ရွက်ချက် ကိုယ်ကျင့်တရားတွေအတွက် ကိုယ့်လိပ်ပြာ လုံကြပါရဲ့လား။ ဘတ်စ်ကားပေါ်မှာ ကားခိုးစီးကြတယ်ဆိုတဲ့ ယာဉ်နောက်လိုက်တွေရဲ့ ပြောစကားတွေဟာ မကြာခဏ ကြားနေကြရတဲ့ အသံတွေပါ။ ဒါပေမဲ့လည်း ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရတာတွေ များလာတော့ အဲ့ဒီသူတွေ ကိုယ့်လိပ်ပြာလုံရဲ့လား မေးချင်ပါတယ်။ ယာဉ်ပေါ်တက်လာပြီး ကျပ် ၁၀၀ သာပေးရတဲ့ မှတ်တိုင်နာမည်ပြောပြီး ယာဉ်ပေါ်ကမဆင်းဘဲ ကျပ် ၁၀၀ မကတဲ့ သွားလိုရာခရီးကို ဆက်လက်စီးနင်း လိုက်ပါခဲ့တာတွေက ကျွန်မရဲ့ ရုံးသွားချိန် ခရီးတွေမှာ တွေ့မြင်ရတာ များလာပါတယ်။ အဲ့ဒီအထဲမှာ အလုပ်သွား အမျိုးသမီးတချို့လည်း ပါလာတာကို တွေ့လာရတဲ့အခါ ကိုယ်ကျင့်တရားတွေ ပျက်ယွင်းလာတဲ့ ခေတ်ကာလကြီးအတွက် အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့ ကိုယ်တိုင်မှာတောင် လိပ်ပြာမလုံ ဖြစ်ရပါတယ်။ တစ်ခါတစ်ခါမှာတော့ ပေးလိုက်တဲ့ ပိုက်ဆံအကြွေကို ထောင်တန်ပေးတယ်ဆိုပြီး ပြန်အမ်းငွေတောင်းကြတဲ့ ကိစ္စပါ။ အမှန်တကယ် ထောင်တန်ပေးထားပြီး ပြန်အမ်းငွေကို ဆင်းခါနီးမှာ တောင်းယူကြတာလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အစကတည်းက ပိုက်ဆံအကြွေပေးတာကို ကိုယ်တိုင်တွေ့မြင်ထားပြီး ဆင်းခါနီးတော့မှ ထောင်တန်ပေးပါတယ်လို့ ယာဉ်နောက်လိုက်ဆီက ပိုငွေပြန်တောင်းယူတာကို ကြုံလာရတော့လည်း ကာယကံရှင်တော့ မသိပါဘူး။ အစအဆုံး မြင်တွေ့ခဲ့ရပြီး ဝင်မပြောလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် တာဝန်ကင်းမဲ့စိတ်နဲ့ လိပ်ပြာမလုံပါဘူး။ကျွန်မတို့ နေထိုင်တဲ့ တိုင်းပြည်ကို တိုးတက်ချင်သလားမေးရင် ကျွန်မတို့အားလုံး တိုးတက်ချင်တယ် ဖြေကြမှာပါ။ အဲ့ဒီလိုပါပဲ။ ကျွန်မတို့ နေထိုင်တဲ့ တိုင်း၊ ပြည်နယ်၊ မြို့ရွာ၊ နေထိုင်ရာအရပ်၊ ကျွန်မတို့ရဲ့ မိသားစု အဲ့ဒါတွေကိုလည်း ကျွန်မတို့အားလုံး တိုးတက်ချင်ကြပါတယ်။ ပြေပြေလည်လည် နေထိုင်လိုကြပါတယ်။ အပူအပင်မရှိ နေထိုင်လိုကြပါတယ်။ ဒီလို နေထိုင်နိုင်ဖို့ကတော့ ကျွန်မတို့အားလုံးရဲ့ လုပ်ရပ်တွေက တိုးတက်ရေး ဆောင်ရွက်ချက်တွေ၊ မှန်ကန်တဲ့လုပ်ရပ်တွေ ဖြစ်ရမှာပါ။ လူတစ်ဦးတိုင်းတစ်ယောက်တိုင်းက စည်းကမ်းရှိရှိ ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ကိုယ့်လိပ်ပြာလုံအောင် ဆောင်ရွက်နိုင်ကြမယ် ဆိုရင်တော့ ကျွန်မတို့လိုချင်တဲ့ အခြေအနေတွေဟာ အနှေးနဲ့အမြန် ရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို အခြေအနေကို တစ်ဦးတိုင်းတစ်ယောက်တိုင်း လုပ်ဆောင်နိုင်ဖို့ကလည်း ခဲယဉ်းပါတယ်။ ဒီလိုခဲယဉ်းရတဲ့ အဓိကအကြောင်းကလည်း ကျွန်မတို့တွေဟာ လက်ရှိအခြေအနေကို ယုံကြည်မှု မရှိတာပါ။ ကျွန်မတို့တွေအတွက် ယုံကြည်ရမယ့် ဦးဆောင်သူ၊ ယုံကြည်ရမယ့် အားထားစရာ၊ ယုံကြည်ရမယ့် လမ်းပြပေးသူ လိုအပ်နေကြပါတယ်။လက်ရှိအခြေအနေတွေမှာ အားလုံးက စည်းကမ်းမဲ့မှုတွေကို အမှတ်မထင်သော် လည်းကောင်း၊ မှတ်မှတ်ထင်ထင်သော် လည်းကောင်း ကျူးလွန်မိကြပါတယ်။ ‘အမှိုက်မပစ်ရဆိုတဲ့ နေရာမှာ အများပစ်ထားတဲ့ အမှိုက်တွေနဲ့အတူ ကိုယ့်အမှိုက်တစ်စကို ရောယှက်ပစ်လိုက်မိထားသူတွေ ကိုယ့်လိပ်ပြာကိုယ် လုံပါရဲ့လား။ လူကူးမျဉ်းကျား မဟုတ်ပါဘဲ အများနည်းတူ လမ်းကူးဖူးသူတွေကော ကိုယ့်လိပ်ပြာ ကိုယ်လုံပါရဲ့လား။ ယာဉ်ကြောပိတ်နေတဲ့ ကားလမ်းမှာ တစ်ဖက်လမ်းကဖြတ်တက်ပြီး အတင်းတိုးတက်သွားခဲ့ဖူးတဲ့ ယာဉ်မောင်းတွေကော ကိုယ့်လိပ်ပြာကိုယ် လုံပါရဲ့လား။ ကျွန်မကိုယ်တိုင်လည်း အဲ့ဒီလို အမှားမျိုးတွေ တစ်ခါတစ်ရံ ကျူးလွန်မိခဲ့ဖူးလို့ တကယ်တမ်းမေးကြပြီဆို လိပ်ပြာမလုံပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီလို အကြောင်းတရားတွေအတွက် အမှန်တကယ် လိုအပ်ချက်တွေ ပြည့်စုံဖို့ အဓိက တာဝန်ရှိသူတွေကကော ပြုပြင်ရမယ့် ပျက်ယွင်းမှုတွေကို ပြင်ဆင်ရေးအတွက် ကိုယ့်လိပ်ပြာလုံကြပါရဲ့လား။ ဘယ်သူမဆို ကိုယ်ပြုခဲ့ဖူးတဲ့ ကောင်းခြင်းဆိုးခြင်းတွေအတွက် ကိုယ်တိုင်သိကြမှာဖြစ်လို့ တခြားသူတွေ ပြုပြင်ပြင်၊ မပြင်ပြင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ကိုယ့်ကျင့်တရားကို ကိုယ်တိုင်ကောင်းမွန်အောင် ကြိုးစားရင်း ကိုယ့်လိပ်ပြာလုံအောင် ကြိုးစားကြည့်ကြပါစို့လား။

Most Read

Most Recent