တိုင်းပြည်အတွက် အဓိကကျသည့်ကိစ္စဖြစ်သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် နိုင်ငံရေးပါတီအားလုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူများ၏ ဆန္ဒအမှန်ကို ထင်ဟပ်စေမည့် ရွေးကောက်ပွဲများဖြစ်စေရန် အားလုံးတွင်တာဝန်ရှိသည်ဟု မေ ၁၈ ရက်က ရန်ကုန်မြို့၌ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ နှင့် ယခုကဲ့သို့ တွေ့ဆုံခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်ဖြစ်ထွန်းရေး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လိုအပ်သည့် ကြားကာလနိုင်ငံရေး တည်ငြိမ်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲရလဒ်များကို အခြေခံပြီး ပေါ်ပေါက်လာမည့် အစိုးရ၊ လွှတ်တော်များနှင့် အတူ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကိစ္စများ အထူးပြု ဆွေးနွေးလို၍ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတက “ကျွန်တော် မကြာခဏ ရည်ညွှန်းပြောဆိုခဲ့သလို ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ တိုင်းပြည်မှာ အဓိကကျတဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးပါတီအားလုံး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ အဲဒီတော့ နိုင်ငံရေးပါတီ အားလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲဖြစ်ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ထင်ဟပ်မယ့်ရွေးကောက်ပွဲများဖြစ်ဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်” ဟုပြောကြားသည်။
အစိုးရအဖွဲ့အနေဖြင့်လည်း သန့်ရှင်းပြီး မျှတသော ရွေးကောက်ပွဲများ ဖြစ်ရေးကိုအုပ် ချုပ်ရေးနည်းလမ်းကတစ်ဆင့် ဆောင်ရွက်နိုင်သည့် အတိုင်းအတာအတွင်းက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်က “ ရွေးကောက်ပွဲ ကာလတွေမှာ နိုင်ငံရေးအင်အားစုတွေ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ မြင့်မားတတ်တဲ့အတွက်ကြောင့် လက်တွေ့ကျတဲ့ ရလဒ်တွေ ဖြစ်ဖို့နဲ့ ရွေးကောက်ပွဲမတိုင်မီ ကြားကာလနိုင်ငံရေးတည်ငြိမ်ဖို့ အဲဒီကမှတစ်ဆင့် သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ရလဒ်တွေကနေ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ပြီး ဒီမိုကရေစီအသွင်ပြောင်းရေးဆိုတဲ့ သမိုင်းဝင် အလှည့်အပြောင်းကို အားလုံး လက်တွဲပြီး အောင်မြင်စွာ ကျော်ဖြတ်ဖို့ ကြိုးပမ်းကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း နိုင်ငံရေးပါတီများအနေဖြင့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်မပူကြရန် နှင့် ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင် လွတ်လပ်မျှတ ပွင့်လင်းမှုရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။
“ရွေးကောက်ပွဲကတော့ မစိုးရိမ်ကြပါနဲ့။ ဖြစ်နိုင်သမျှ ကျွန်တော်အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒီနေရာမှာ ကျွန်တော် မေတ္တာရပ်ခံချင်တာက ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပြီးသားပါ။ ကျွန်တော်အထဲမှာ ၁၀ ခါထက်မနည်း ပြောခဲ့ပါပြီ။ ရွေးကောက်ပွဲ ကျွန်တော်ကြိုးစားပါ့မယ်။ အောင်မြင်ရေးသည် ပါတီများ ပူးပေါင်းဆောင်ရွက်ကြပါ။ CSOs များ ပူးပေါင်းဆောင်ရွက်ကြပါ။ မီဒီယာများ ပူးပေါင်းဆောင်ရွက်ကြပါ။ ဒါမှသာလျှင် ပြီး ပြည့်စုံသော အောင်မြင်မှုရမှာ ဖြစ်ပါတယ်” ဟု ဦးတင်အေးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း မပြုလုပ်ဟု အပြတ်ပြော၍မရကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၉ ရက်တွင် ပြောကြားထားသည်။
တစ်ဖက်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များအား ဗဟိုအဆင့်မှ အောက်ခြေအဆင့်ထိ ဖွဲ့စည်းခြင်း၊ မဲစာရင်း စိစစ်ရေးအဖွဲ့များကိုလည်း ဗဟိုအဆင့်မှ အောက်ခြေအဆင့်ထိ ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံရေးပါတီအားလုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူများ၏ ဆန္ဒအမှန်ကို ထင်ဟပ်မည့်ရွေးကောက်ပွဲများဖြစ်စေရန် အားလုံးတွင် တာဝန်ရှိဟု သမ္မတဦးသိန်းစိန် ပြောကြား