ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် တက်တက်ကြွကြွ ဆောင်ရွက်သည်ကို မတွေ့ရကြောင်းနှင့် ဘင်္ဂါလီရွှေ့ပြောင်းဒုက္ခသည်များကိစ္စသည် အစိုးရဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၁၉ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
သတင်းထောက်များ မေးမြန်းခဲ့သည့် ကမ္ဘာ့မီဒီယာများ၌ ဖော်ပြနေသည့် လှေစီး ဒုက္ခသည်များကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်က “အဲဒီဟာတွေက အစိုးရက ရှင်းရမယ့်ကိစ္စတွေပဲ။ အဲဒါကြောင့် အစိုးရကို မေးရင် ပိုပြီးကောင်းမယ်ထင်တယ်”ဟု ဖြေကြားသည်။
ခြောက်ပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရေးကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို “သိပ်ပြီးတော့ တက်တက်ကြွကြွတော့မတွေ့ရဘူး။ အမေတို့ကတော့ တွေ့ဆုံဖို့ ဆန္ဒအများကြီးရှိတယ်။ ဖြစ်တာ မဖြစ်တာတော့ အမေတို့နဲ့မဆိုင်ဘူး။ အမေတို့ကတော့ အများကြီးဖြစ်စေချင်တာပေါ့”ဟု ပြန်လည်ဖြေကြားသည်။
ထို့ပြင် ကချင်ပြည်နယ်ခရီးစဉ်၌ KIA မှ ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံရန်လည်း လောလောဆယ်တွင် အစီအစဉ်မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပါဝင်သည့် ပထမအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ပြု လုပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူဘောင်ဖြင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးကိစ္စနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေးကိစ္စများနှင့် ပတ်သက်၍ဆက်လက် ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။
ယခုလအတွင်း ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံ ကမ်းခြေများအနီး လှေဖြင့် တရားမဝင်ရွှေ့ပြောင်းသွားလာသူ များ ထောင်နှင့်ချီ ရောက်ရှိခဲ့သည်။
လှေဖြင့် ရွှေ့ပြောင်းသွားလာသူများတွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ထောင်ပေါင်းများစွာပါဝင်ပြီး ၎င်းတို့အနေဖြင့် ပင်လယ်အတွင်း အစာရေစာ ငတ်မွတ်မှု ကြုံတွေ့ရလေ့ရှိသည်။
အဆိုပါ ရွှေ့ပြောင်းသွားလာသူများသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဦးတည်သွားလာနေခြင်းဖြစ်ပြီး ထိုနိုင်ငံများမှ လက်ခံခြင်းမရှိဘဲ ပင်လယ်အတွင်းသို့ ပြန်လည်လွှတ်ပေးမှုများကြောင့် ကုလသမဂ္ဂက ဝေဖန်ခဲ့သည်။
အရှေ့တောင်အာရှအတွင်း လှေဖြင့် ရွှေ့ပြောင်းသွားလာသူများ အရေးဖြေရှင်းရန်အတွက် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ပူးပေါင်းကာ ထိပ်သီးဆွေးနွေးပွဲတစ်ခု မေ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Najib Razak က မေ ၁၆ ရက်တွင် ပြောကြားသည်။
ဗီယက်နမ်စစ်ပွဲအပြီး အကြီးမားဆုံး လှေဖြင့်ရွှေ့ပြောင်းသွားလာမှုများကို ရပ်တန့်ရာတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်ကြောင်း Jakarta Post သတင်းစာက သုံးသပ်ထားသည်။
သို့သော် ထိုင်းနိုင်ငံတွင် ကျင်းပမည့် လှေဖြင့် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံမှ တက်ရောက်ရန် ငြင်းဆန်ထားသည်။
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် တက်တက်ကြွကြွဆောင်ရွက်သည်ကို မတွေ့ရကြောင်းနှင့် ဘင်္ဂါလီရွှေ့ပြောင်းဒုက္ခသည်များကိစ္စသည် အစိုးရဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား