၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်ကြေညာသွားမည်ဖြစ်ကာ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းစရာအကြောင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား

၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်ကြေညာသွားမည်ဖြစ်ကာ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းစရာအကြောင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 19 May 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် အနည်းဆုံး ရက်ပေါင်း ၉၀ ၊ အများဆုံး လေးလကြိုတင်ကြေညာသွားမည်ဖြစ်ကာ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းစရာအကြောင်းမရှိဟု မေ ၁၈ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများမှခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်မပူကြရန်နှင့် ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင် လွတ်လပ်မျှတပွင့်လင်းမှုရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးတင်အေးက နိုင်ငံရေးပါတီခေါင်းဆောင်များအား ပြောကြားသည်။ဦးတင်အေးက "၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလပထမပတ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းကိုကျင်းပပေးပါမယ်။ မကျင်းပလို့လည်းမရပါဘူး။ ပထမအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းက ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၀ရက်မှာကုန်ပါမယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းမကုန်ခင် ရက်ပေါင်း ၉၀ အတွင်းမှာ ရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ရွေးကောက်ပွဲကို အောက်တိုဘာလ နောက်ဆုံးပတ်နဲ့ နိုဝင်ဘာလပထမပတ်အတွင်းမှာ ကျင်းကို ကျင်းပပေးပါမယ်။ ရွှေ့စရာလည်းအကြောင်းမရှိပါဘူး။ ဒီလိုရွေးကောက်ပွဲကျင်းပဖို့ အတွက် အနည်းဆုံးရက်ပေါင်း ၉၀ ၊ အများဆုံးလေးလကြိုကြေညာပါ့မယ်" ဟုပြောကြားသည်။ဆက်လက်၍ ဦးတင်အေးက "ရွေးကောက်ပွဲရက်မကြေညာခင် အနည်းဆုံး ၁၅ ရက်အလိုမှာ မဲဆန္ဒနယ်တွေကြေညာပေးပါ့မယ်။ ကျွန်တော်ခေါင်းအခဲဆုံးနဲ့ အစိုးရအဖွဲ့ရော သက်ဆိုင်ရာဝန်ကြီးဌာနရော ညှိနှိုင်းချင်တဲ့ကိစ္စကတော့ တိုင်းရင်းသားလူမျိုးများရဲ့ကိုယ်စားလှယ်ပါပဲ။ ဒီကိစ္စကလည်း သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့က အချိန်မီလုပ်ပေးပါမယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဘယ်တိုင်းနဲ့ပြည်နယ်မှာ တိုင်းရင်းသားလူမျိုးများ ဘယ်လောက်ရှိတယ်ဆိုပြီး ထုတ်ပြန်လိုက်ရင် အဲဒီထုတ်ပြန်ချက်အပေါ် မူတည်ပြီးတော့ သုည ဒသမ တစ်ရာနှုန်းရှိသောလူမျိုးများ လူမျိုးစုများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်ပြီးတော့ ရွေးကောက်ပွဲကျင်းပပေးသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်" ဟုပြောကြားသည်။ရွေးကောက်ပွဲကျင်းပရာတွင်  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၌ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်မှာ နိုင်သူအကုန်ယူစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။လွတ်လပ်မျှတပွင့်လင်းသည့် ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်လာရေးနှင့်ပတ်သက်ပြီး ဦးတင်အေးက "Check and Balance လုပ်စေချင်လို့လည်း International Observer ခေါ်ထားပါတယ်။ အနည်းဆုံးလေးဖွဲ့နဲ့မနည်းလာပါလိမ့်မယ်။ Longterm Observer ဆိုတာ ရွေးကောက်ပွဲကြေညာလိုက်တာနဲ့ သုံးလ၊ လေးလ၊ ငါးလလောက်ကနေ ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်တဲ့အထိ ကန့်ကွက်လွှာတွေစစ်တဲ့အထိ သူတို့ Longterm Observer MoU ထိုးပြီးတော့ ကျွန်တော်တို့လက်ခံနေပါတယ်။ Shorterm Observer လာပါ။ ရွေးကောက်ပွဲမတိုင်မီ သုံး၊ လေး၊ ငါးရက်၊ ရွေးကောက်ပွဲအပြီး တစ်ရက်၊ နှစ်ရက်ဆိုပြီး ကျွန်တော်ကြိုဖိတ်ထားပါတယ်" ဟု ပြောကြားသည်။ထို့ပြင် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများကိုလည်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး လုပ်ဆောင်ရန် ဖိတ်ခေါ်ထားသည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။