လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများတွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ၏ မဲပေးခွင့်ကို ပယ်ဖျက်ကာ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းများကို ရွေးကောက်ပွဲကော်မရှင် လွှတ်တော်သို့ တင်သွင်း

လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများတွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ၏ မဲပေးခွင့်ကို ပယ်ဖျက်ကာ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းများကို ရွေးကောက်ပွဲကော်မရှင် လွှတ်တော်သို့ တင်သွင်း
Published 18 May 2015

လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ပယ်ဖျက်ကာ ဒုတိယအကြိမ်ပြင်ဆင်သည့် ရွေးကောက်ပွဲဥပဒေကြမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက နေပြည်တော်တွင် မေ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။ပြည်သူ့လွှတ်တော်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ‘ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း’၊ ‘အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း’ နှင့် ‘တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း’ များကို တင်သွင်းခဲ့ခြင်းဖြစ်သည်။“ဒီနေ့ Law အရ ဆိုလို့ရှိရင် ဒီနေ့ပြင်တာက ရွေးကောက်ပွဲဥပဒေပါ။ လွှတ်တော်သုံးရပ်စလုံးရဲ့ ရွေးကောက်ပွဲမှာတော့ ဝှိုက်ကတ်ဆိုတာ မရှိတော့ပါဘူး။ မဲပေးခွင့် မရှိတော့ပါဘူး” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။အဆိုပါ ဥပဒေကြမ်းများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူများအဖြစ် ပြဋ္ဌာန်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သဘောထားနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေကြမ်းကို ရေးဆွဲတင်ပြလာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု အစီရင်ခံစာ တင်သွင်းခဲ့သည်။“ဒီဥပဒေကြမ်းကို တင်သွင်းရတဲ့ အကြောင်းအရင်းကတော့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ပြုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သဘောထားနဲ့အညီ ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းပေးရန် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားလာတဲ့အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေမှာ ပါရှိတဲ့ ပုဒ်မ ၆ (က)၊ ပုဒ်မ ၁၄ (က) နဲ့ ပုဒ်မ ၁၅ (က)တို့မှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများဆိုသည့် စကားရပ်များကို ပယ်ဖျက်ပြီး ဥပဒေကြမ်းများကို တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်သို့တင်သွင်းရာတွင် ပြောကြားသည်။ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ အပိုဒ် ၆ အပိုဒ်ခွဲ(က)၊ အပိုဒ် ၁၄ အပိုဒ်ခွဲ (က) နှင့် အပိုဒ် ၁၅ အပိုဒ်ခွဲ (က) တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြင်ဆင်ထားခြင်း ဖြစ်သည့်အတွက် အဆိုပြုပြဋ္ဌာန်းချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောတူကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် ပတ်သက်၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသူများသည် ၂၁ ရက် နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာထားသည်။