လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်မည်

လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်မည်
Published 18 May 2015
စိုးမင်းထိုက်

လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူမည်ဖြစ်သည်။အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အားလုံးကို သဘောမတူသည့်အတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ခံယူရမည်ဖြစ်ကြောင်း သိရသည်။ဥပဒေကြမ်း၏ ပုဒ်မ ၂ (ဠ)တွင် တက္ကသိုလ်ကောင်စီတွင် အမျိုးသားလွှတ်တော်က တက္ကသိုလ်ဆရာသမဂ္ဂ၏ ကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂမှ အမည်စာရင်းတင်သွင်းသော ယင်းတက္ကသိုလ်မှ ဘွဲ့ရပုဂ္ဂိုလ်များ၊ အများယုံကြည် လေးစားသည့် ပုဂ္ဂိုလ်များနှင့် အမှီအခိုကင်းသော ပညာရှင်များဟု အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်က ဆရာများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ၊ ကျောင်းသားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ အတည်ပြုထားသည့်အတွက် ကွဲလွဲနေခြင်းဖြစ်သည်။ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်လှုပ်ရှားခွင့် ရှိရေးဆိုသည့် အချက်အား အမျိုးသားလွှတ်တော်က သဘောတူခဲ့သည်။အမျိုးသားလွှတ်တော်က တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်းစာမေးပွဲ ရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ်ရွေးချယ်ခြင်း မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ လိုအပ်ချက်အရ စိစစ်ရွေးချယ်သည့်စနစ် ထားရှိရေးဟု အတည်ပြုထားသည်။ထို့အပြင် အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေးဟု အမျိုးသားလွှတ်တော်က အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်နှင့် သဘောကွဲလွဲမှုများ ရှိသည်။အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းရာတွင် အမျိုးသားလွှတ်တော်က ဆရာသမဂ္ဂများက ညှိနှိုင်းရွေးချယ်သော နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ပညာရှင်နှစ်ဦး၊ ကျောင်းသားသမဂ္ဂများက ညှိနှိုင်းရွေးချယ်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ပညာရှင်နှစ်ဦးဟု အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားသည်။ဥပဒေကြမ်း၏ ပုဒ်မ ၁၉ တွင် မြန်မာနိုင်ငံတွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ ကလေးများအတွက် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို သင်ကြားမှု ဘာသာစကားအဖြစ် ရှေးဦးကလေးသူငယ် ပညာရေးမှစ၍ မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့နှင့် တွဲဖက်အသုံးပြုခွင့် ရှိသည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်က မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရန် သဘောတူထားသည်။အမျိုးသားလွှတ်တော်က ဆရာဖြစ်နိုင်ရေးအတွက် သန်စွမ်းမှု၊ မသန်စွမ်းမှုအရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း၊ ကျား/မ ဖြစ်ခြင်းအရသော် လည်းကောင်း ခွဲခြားခြင်း မရှိရေးဟု အမျိုးသားလွှတ်တော်က အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်နှင့် သဘောကွဲလွဲကြောင်း သိရသည်။ဥပဒေကြမ်း၏ အပိုဒ် ၆၂ တွင် နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့် သုံးစွဲနိုင်ရန် ရည်မှန်းဆောင်ရွက်ရမည်ဟု အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်က နိုင်ငံတော်၏ ပညာရေး အသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ်အားလုံး၏ ရာခိုင်နှုန်း ၂၀ အထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်ရမည်ဟု အတည်ပြုထားသည်။ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် ပြင်ဆင်ချက်များအနက် အမျိုးသားလွှတ်တော်က မူလအတည်ပြုခဲ့သည့်အတိုင်း ထားရှိသင့်သည့် ပုဒ်မ ၄၄ ခု၊ အမျိုးသားလွှတ်တော်က ပြန်လည်ပြင်ဆင်ထားသည့် ပုဒ်မ ရှစ်ခု၊ မလိုအပ်၍ ပယ်ဖျက်သင့်သော ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့် ပုဒ်မလေးခုရှိကြောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များအား ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူရန် မေ ၁၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။