ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းကျော်တင်ပို့မှုမှ ဒေါ်လာ သန်း ၄၀ ရရှိထားပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်သို့ တစ်ရက်လျှင် တန်ချိန် ၃၀၀၀ ခန့် တင်ပို့နေ

ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းကျော်တင်ပို့မှုမှ ဒေါ်လာ သန်း ၄၀ ရရှိထားပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်သို့ တစ်ရက်လျှင် တန်ချိန် ၃၀၀၀ ခန့် တင်ပို့နေ
Published 18 May 2015
ချမ်းမြေ့သူ

ပြည်ပသို့ဆန်တန်ချိန် တစ်သိန်းကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၄၀ ရရှိထားပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်ဘက်သို့ တစ်ရက်လျှင် ဆန်တန်ချိန် ၃၀၀၀ ခန့် တင်ပို့နေကြောင်း သိရသည်။ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၈ ရက်အထိ ဆန်တန်ချိန် ၁၁၂၃၀၀ တင်ပို့မှုမှ ဒေါ်လာ သန်း ၄၀ ရရှိထားပြီး ယခင်နှစ်ကာလတူ တင်ပို့မှုမှမူ တန်ချိန် ၇၈၉၇၀ တင်ပို့မှုမှ ဒေါ်လာ ၂၉ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။“တရုတ်ဘက်ကို တင်ပို့တာဆိုရင် အရင်တစ်ပတ်ကတော့ တစ်ရက်ကို တန်ချိန် ၄၀၀၀၊ ၅၀၀၀ လောက်သွားတယ်။ ဒီတစ်ပတ်မှာတော့ တစ်ရက်ကို တန်ချိန် ၃၀၀၀ လောက် Export သွားနေတယ်။ ဒီဘဏ္ဍာနှစ်အတွက် နယ်စပ်ကနေ ဆန်တင်ပို့မှု ပမာဏကို မှန်းလို့မရဘူး။ လျာထားချက်လည်း မရှိပါဘူး။ အခုလက်ရှိ အချိန်အထိကတော့ တရုတ်ဘက်က အဝယ်များနေတယ်လို့ ပြောလို့ရတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။တရုတ်ဘက်မှ ဝယ်လိုအားကောင်းမှုကြောင့် ဈေးကွက်အတွင်း ဆန်ကြမ်းဈေးနှင့်အတူ ဆန်ချောဈေးများ ထပ်မံမြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်တွင် နှစ်နိုင်ငံ လုပ်ငန်းရှင်များ တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ မေလအတွင်း တစ်ရက်လျှင် ဆန်ကားအစီးရေ ၁၄၀ မှ ၁၈၀ အထိ ဝင်ရောက်မှုရှိကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ သိရသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန် ပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တင်ပို့မှုပြုလုပ်ရာတွင် မြန်မာ-တရုတ်နယ်စပ်တွင် ဖွင့်လှစ်ထားသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်လျက်ရှိကြောင်း သိရသည်။ဧပြီ ၁ ရက်မှ မေ ၈ ရက်အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဆန်၊ ပဲ၊ ပြောင်း စသည့်လယ်ယာထွက်ကုန် ပစ္စည်းများနှင့် အခြားကုန်စည်မျိုးစုံ တင်ပို့မှုမှ ဒေါ်လာ ၁၂၁ သန်းကျော် ရရှိထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။            

Most Read

Most Recent