ပေါ့ဆမှုစွဲချက်ဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက် ဆယ်စုနှစ်တစ်ခုကြာ ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိ

ပေါ့ဆမှုစွဲချက်ဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက် ဆယ်စုနှစ်တစ်ခုကြာ ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိ
Published 17 May 2015

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်သည် ပေါ့ဆမှုဖြင့် မေ ၁၉ ရက်တွင် အမှုရင်ဆိုင်ရ တော့မည်ဖြစ်သည်။ ထိုအမှုဖြင့် ပြစ်မှုထင်ရှားပါက ယင်လက်သည် ဆယ်စုနှစ်တစ်ခုကြာ ထောင်ကျသွားနိုင်သည့်အပြင် နိုင်ငံရေးသြဇာကြီးသည့် သူ့မိသားစုအတွက်လည်း ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ပြည်ပြေးတစ်ဦးဖြစ်သည့် ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယင်လက်သည် လွန်ခဲ့သည့်တစ်နှစ်ခန့်က စစ်တပ်အာဏာသိမ်းခြင်းကို ခံခဲ့ရပြီးနောက် တရားရင်ဆိုင်နေရသည်။
ယင်လက်သည် သူ့ကိုအဓိကထောက်ခံသူများ အများစုရှိရာ ကျေးလက်ဒေသရှိ လယ်သမားများကို လက်ရှိဆန်စပါး ပေါက်ဈေးထက် နှစ်ဆပေးပြီး အစိုးရက ဝယ်ယူသော ဆန်စပါး စိုက်ထုတ်ဝယ်ယူသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ စီးပွားရေးအရ မအောင်မြင်ခဲ့သော ယင်းအစီအစဉ်ကြောင့်ပင် ယင်လက်သည် ယခုပေါ့ဆမှုဖြင့် အမှုရင်ဆိုင်ရတော့မည်ဖြစ်သည်။                             
ယင်လက်သည် လာဘ်စားမှုဖြင့် တရားစွဲမခံရသော်လည်း ထိုအစီအစဉ်အတွင်း ဖြစ်ပွားခဲ့သည့် လာဘ်စားမှုများကို တားဆီးနိုင်စွမ်းမရှိဟု စွပ်စွဲခံထားရသည်။ ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျသည့် အဆိုပါ အစီအစဉ်သည် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်း တစ်ရပ်လည်းဖြစ်ကာ ထိုမှတစ်ဆင့် ပြဿနာကြီးထွားလာပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက် ခံထားရသော ယင်လက်အစိုးရကို ပြီးခဲ့သည့်မေလတွင် စစ်တပ်က အာဏာသိမ်းသည်အထိ ဖြစ်ခဲ့သည်။

ဖြုတ်ချခံခဲ့ရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ကို ၂၀၁၄ စက်တင်ဘာလက ဘန်ကောက်၌ တွေ့ရစဉ်
စစ်တပ်က ခန့်အပ်ထားသည့် ထိုင်းလွှတ်တော်သည် ထိုဆန်စပါး အစီအစဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီလက ယင်လက်ကို စွပ်စွဲအပြစ်တင်ခဲ့သေးသည်။ ထိုလုပ်ရပ်ကြောင့်လည်း ယင်လက်သည် နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ကြာ ပိတ်ပင်ခံရပြီးဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် ရာဇဝတ်ကြောင်းအရ စွဲချက်တင်ခြင်းကြောင့် ယင်လက်သည် အနည်းဆုံးထောင် ၁၀ နှစ်ခန့် ကျသွားနိုင်သည့်အပြင် စစ်တပ်က အာဏာပြန်လည် လွှဲပေးချိန်တွင် ယင်လက်အနေနှင့် နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်နိုင်ရန် မျှော်လင့်ချက်ပင် ပျက်စီးသွားနိုင်စေသည်။
“ဒီစွဲချက်ဟာ ယင်လက်ကို နိုင်ငံရေး လောကကနေ တစ်သက်လုံး ပျောက်ကွယ်သွားစေဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ထောင်ထဲထည့် လိုက်တာဟာ သူ့ကို သူရဲကောင်းတစ်ဦးအဖြစ် ရှုမြင်ခံရအောင် လုပ်လိုက်သလိုလည်း ဖြစ်နေပါတယ်” ဟု ချင်းမိုင်တွင်ရှိသည့် အရှေ့တောင်အာရှရေးရာ အင်စတီကျု၏ ဒါရိုက်တာဖြစ်သူ ပေါချိန်ဘာက ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent