တရုတ်ဘက်မှ ဝယ်လိုအားကောင်းနေပြီး ငွေလဲဈေး အပြောင်းအလဲ ဖြစ်ပေါ်မှုကြောင့် ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေး ထပ်တက်

တရုတ်ဘက်မှ ဝယ်လိုအားကောင်းနေပြီး ငွေလဲဈေး အပြောင်းအလဲ ဖြစ်ပေါ်မှုကြောင့် ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေး ထပ်တက်
Published 17 May 2015
ချမ်းမြေ့သူ

တရုတ်ဘက်မှ ဝယ်လိုအားကောင်းနေပြီး ငွေလဲဈေး အပြောင်းအလဲ ဖြစ်ပေါ်မှုကြောင့် ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေး ထပ်ထက်သွားကြောင်း သိရသည်။
“ဆန်ဈေးက အချောဆိုရင် တစ်အိတ်ကို အမျိုးအစားအလိုက် ၁၀၀၀ ကနေ ၃၀၀၀ လောက်အထိ တက်တယ်။ ဆန်ကြမ်းဆိုရင် တစ်အိတ်ကို ၅၀၀၊ ၁၀၀၀ လောက်တက်တယ်။ ဆန်ကြမ်းကတော့ Export ရှိလို့တက်တယ် ပြောတာပဲ။ ဆန်ချောဈေးကလည်း လိုက်တက်နေတယ်။ ဒီနှစ်က ဆန်ဈေးတက်တာ စိပ်တယ်။ တစ်ရက်နဲ့ တစ်ရက်တောင် ဈေးကသိပ်မတူဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန်ဆိုင်မှ ဒေါ်စန္ဒာရွှေက ပြောကြားသည်။
“တရုတ်ပြည်ရဲ့ ဝယ်လိုအားလည်း ကောင်းတယ်။ တင်ပို့မှုကလည်း အားကောင်းနေတယ်။ ပြီးတော့ ငွေလဲဈေးကလည်း ပြောင်းလဲမှု ဖြစ်ပေါ်တဲ့အခါ အဲဒါတွေကိုမှီပြီး ဈေးတက်တာပါ။ Export ကြောင့် အကြမ်းဈေးတက်တော့ အချောဈေးပါ လိုက်တက်သွားတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သည့် ဦးလူမော်မြင့်မောင်က ပြောကြားသည်။
ဧပြီလအတွင်း၌လည်း Export ဈေးကွက်အတွက် လိုအပ်သည့်ဆန်များကို ဆန်ထွက်ရာ ပင်ရင်းဒေသများ အထိဆင်း၍ ဝယ်ယူမှုများကြောင့် ဆန်ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနိုင်ရန် ဖွင့်လှစ်ထားသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းတွင်လည်း ကုန်စည်စီးဆင်းမှု အားကောင်းနေပြီး တစ်ရက်လျှင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်ကားအစီးရေမှာ တစ်ရက်လျှင် ပျှမ်းမျှ ၁၄၀ မှ ၁၈၀ စီးအထိ ဝင်ရောက်မှုရှိနေကြောင်း သိရသည်။
လက်လီဈေးကွက် အတွင်း၌ ဧပြီ ၂၉ ရက်က ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၄၄၀၀၀ ရှိရာမှ ယခု တစ်အိတ်လျှင် ၄၇၀၀၀၊ ပုသိမ်ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ယခင်က ၄၂၅၀၀ ရှိရာမှ ယခုအခါ တစ်အိတ်လျှင် ၄၄၀၀၀၊ တောင်ပျံတစ်အိတ်လျှင် ယခင်က ၃၉၀၀၀ ရှိရာမှ ယခုတစ်အိတ်လျှင် ၄၀၀၀၀၊ ဇီယာတစ်အိတ်လျှင် ယခင်က ၁၉၀၀၀ ရှိရာမှ ယခုတစ်အိတ်လျှင် ၂၀၀၀၀ ဈေးအသီးသီးရှိပြီး ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။     
                

Most Read

Most Recent