အမေရိကန်အခြေစိုက် Chevrolet ကားကုမ္ပဏီ၏ ၂၀၁၅ မော်ဒယ် Chevrolet Malibu ကားသစ် ပြည်တွင်းဈေးကွက်တွင် စတင်မိတ်ဆက်

အမေရိကန်အခြေစိုက် Chevrolet ကားကုမ္ပဏီ၏ ၂၀၁၅ မော်ဒယ် Chevrolet Malibu ကားသစ် ပြည်တွင်းဈေးကွက်တွင် စတင်မိတ်ဆက်
Published 17 May 2015
ဖြိုးသူရဝင်း

အမေရိကန်အခြေစိုက် Chevrolet ကားကုမ္ပဏီ၏ ၂၀၁၅ မော်ဒယ် Chevrolet Malibu အမျိုးအစား ကားသစ်ကို မေ ၁၅ ရက်က ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့ကြောင်း Pacific Apline Pte. Ltd မှ သိရသည်။ယခု မိတ်ဆက်ပြသခဲ့သော Chevrolet Malibu အမျိုးအစား ကားသစ်ကို ဝယ်ယူလိုပါက အမေရိကန်ဒေါ်လာ ၄၂၀၀၀ ဖြင့် Chevrolet အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။Chevrolet ၏ အလတ်စား ဆီဒင်အမျိုး Malibu ကို နိုင်ငံပေါင်း တစ်ရာကျော်တွင် ရောင်းချထားပြီးဖြစ်ကာ တိကျသော ကိုယ်ထည်အချိုးများနှင့် စွမ်းဆောင်ရည်ကောင်းမွန်စေမည့် Ride and Handling Package ပါဝင်ကာ ဆီစားသက်သာစေရန် တည်ဆောက်ထားကြောင်း သိရသည်။၂၀၁၅ မော်ဒယ် Malibu သည် Luxury တန်းဝင် အမျိုးအစား ကားတစ်စီးဖြစ်ပြီး နည်းပညာမြင့် Ecotec 1.6L အင်ဂျင်ကို Turbo Charged ဖြင့် ပေါင်းစပ်ကာ ဆီစားသက်သာစေရန်၊ တာရှည်ခံစေရန်နှင့် ယာဉ်အလေးချိန်ကို ပေါ့ပါးစေရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။အော်တိုဂီယာခြောက်ချက်ထိုး စနစ်ဖြစ်ပြီး Turbo Charged အင်ဂျင်မှ မြင်းကောင်ရေ ၁၈၁ ကောင်အထိ ထုတ်ပေးနိုင်မည်ဖြစ်ပြီး သုညမှ ၁၀၀ ကီလိုမီတာ အကွာအဝေးကို ရောက်ရှိရန် ၉ ဒသမ ၈ စက္ကန့်သာ ကြာမြင့်မည်ဖြစ်သည်။ ပျမ်းမျှ ဆီစားနှုန်းမှာ ၁၀၀ ကီလိုမီတာအတွက် ၈ ဒသမ ၃ လီတာသာ ကုန်ကျမည်ဖြစ်သည်။Malibu တွင် လုံခြုံမှုကို ဦးစားပေးထားပြီး ကားရှေ့ခန်းတွင် လေအိတ်နှစ်လုံး၊ ဘေးဘက်တွင် လေအိတ်နှစ်လုံး စုစုပေါင်း လေအိတ်လေးလုံး ပါရှိမည်ဖြစ်သည်။ ကား၏ Steel Structure မှာ ၆၅ ရာခိုင်နှုန်းအထိ ခံနိုင်စွမ်းရှိပြီး မောင်းနှင်သည့်အခါ ပိုမိုလုံခြုံမှု ရှိစေရန်အတွက် EDB (Electronic Break Force Distribution) နှင့်အတူ Antilock Break System, Break Override System နှင့် Traction Control System ပါဝင်သော Electronic Stability Control System တို့ကို ထည့်သွင်းတပ်ဆင်ထားကြောင်း သိရသည်။Chevrolet Myanmar ကို Pacific Apline Pte. Ltd အဖြစ် ၂၀၁၃ ခုနှစ် ဧပြီတွင် စတင်ဖွဲ့စည်းခဲ့သည်။ Pacific Apline ကုမ္ပဏီသည် Apline Group Singapore နှင့် AA Medical Group Myanmar တို့ ပူးပေါင်းတည်ထောင်ထားသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ Apline Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Alpine Motors သည် လက်ရှိတွင် စင်ကာပူနိုင်ငံ၌ Chevrolet ကားများကို တင်သွင်းဖြန့်ချိနေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး AA Medical Group သည် မြန်မာနိုင်ငံတွင် ဆေးနှင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များနှင့် စက်သုံးဆီ အမျိုးမျိုး ဖြန့်ချိသော အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။Pacific Apline သည်မြန်မာနိုင်ငံတွင် Chevrolet ကားများကို တစ်ဦးတည်း တင်သွင်းဖြန့်ချိခွင့် ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်ကာ တင်သွင်းသော ကားအမျိုးအစားများတွင် Spark, Spin, Cruze, Trailblazer, Colorado နှင့် All-New Malibu ကားအမျိုးအစားများ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent