ပြည်ပတင်ပို့သည့် ကုန်စည်အုပ်စုများအနက် သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်များ ပါဝင်သည့် စက်မှုကုန်ချော ပစ္စည်းအုပ်စု တင်ပို့မှု ယခင်နှစ်ထက် ကျဆင်း

ပြည်ပတင်ပို့သည့် ကုန်စည်အုပ်စုများအနက် သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်များ ပါဝင်သည့် စက်မှုကုန်ချော ပစ္စည်းအုပ်စု တင်ပို့မှု ယခင်နှစ်ထက် ကျဆင်း
Published 17 May 2015

ပြည်ပတင်ပို့သည့် ကုန်စည်အုပ်စုများအနက် သဘာဝဓာတ်ငွေ့၊ ချုပ်ပြီး အထည်များ ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း အုပ်စုတင်ပို့သည့် ယခင်ဘဏ္ဍာနှစ်ထက် ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များ တင်ပို့ရာတွင် ဆန်အပါအဝင် လယ်ယာထွက်ကုန်များ၊  ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်များ၊ သစ်တောထွက် ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးအထည် အပါအဝင် စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားပို့ကုန်များဟူ၍ အုပ်စုခုနစ်မျိုးခွဲကာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၈ ရက်အထိ အဆိုပါ ပို့ကုန်အုပ်စုခုနစ်မျိုး တင်ပို့မှုမှ ဒေါ်လာ ၄၅၅ ဒသမ ၄၆၈ သန်းရရှိထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုထက် ဒေါ်လာ ၁၃၄ သန်းကျော် လျော့နည်းခဲ့ကြောင်း သိရသည်။
အဆိုပါပို့ကုန်အုပ်စု ခုနစ်မျိုးအနက် စက်မှုကုန်ချော အုပ်စုမှလွဲ၍ ကျန်ပို့အုပ်စုများမှာ ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်မှုကုန်ချောတင်ပို့မှုမှ ဒေါ်လာ သန်း ၂၀ ကျော်သာရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုထက် ဒေါ်လာသန်း ၃၂၀ ကျော် လျော့နည်းရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်  စသည်များ ဖြစ်ကြောင်း သိရသည်။
ပြည်ပကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆောင်ရွက်သကဲ့သို့ နယ်စပ်ကုန်သွယ်ရေးမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အာရှနိုင်ငံများနှင့်သာ အဓိကကုန်သွယ်မှု ရှိနေပြီး ဥရောပနှင့် အမေရိကန်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ နည်းပါးနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို စတင်အကောင်အထည်ဖော်နေပြီး ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး အကောင်အထည်ဖော်မည့် ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများအား သတ်မှတ်ပြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent