တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၃၄၉ သန်းကျော်ရရှိပြီး ပြည်တွင်းသို့ သွင်းကုန်တင်သွင်းမှု များနေ

တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၃၄၉ သန်းကျော်ရရှိပြီး ပြည်တွင်းသို့ သွင်းကုန်တင်သွင်းမှု များနေ
Published 17 May 2015
မင်းသီဟဇော်

တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၃၄၉ သန်းကျော်ရရှိထားပြီး ပြည်ပသို့ ပို့ကုန်တင်ပို့မှုထက် ပြည်တွင်းသို့ သွင်းကုန်တင်သွင်းမှု များနေကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၈ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၄၉ ဒသမ ၀၅၇ သန်းရှိပြီး ပို့ကုန်မှ ဒေါ်လာ ၁၆၉ ဒသမ ၁၃၂ သန်း၊ သွင်းကုန်မှ ဒေါ်လာ ၁၇၉ ဒသမ ၉၂၅ သန်း ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အလားတူကာလတွင် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၅၄ ဒသမ ၂၄၂ သန်းသာ ရှိသဖြင့် လက်ရှိဘဏ္ဍာနှစ် နယ်စပ် ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၉၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများ၌ပါ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ် နိုင်ရန်နှင့် တရားမဝင် ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေး စခန်းများတိုးချဲ့ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များ ရှိကြောင်း သိရသည်။
 

Most Read

Most Recent