ရုပ်သံလုပ်ငန်းနှင့် လွတ်လပ်စွာလုပ်ကိုင်ခွင့်

ရုပ်သံလုပ်ငန်းနှင့် လွတ်လပ်စွာလုပ်ကိုင်ခွင့်
Published 17 May 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာခဲ့ရာ ပြည်တွင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ဥပဒေကြမ်းတစ်ခုပဲ ဖြစ်ပါတယ်။
 
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲတင်သွင်းထားတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းဟာ မေ ၁၁ ရက် တွင် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီဥပဒေကြမ်းမှာ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ လုပ်ငန်းများကို နိုင်ငံသားတိုင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိနိုင်ဖို့ ကန့်သတ်ထားမှုများရှိပါက ပြင်ဆင်ဖြုတ်ပယ်သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးခိုင်မောင်ရည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိဥပဒေကြမ်းအပေါ် ဦးခိုင်မောင်ရည်က သူ့ရဲ့အမြင်ကိုပြောဆိုရာမှာတော့ ဥပဒေကြမ်းမှာ ရုပ်မြင်သံကြားထုတ်လွှင့်ရေး ဆိုင်ရာလုပ်ငန်းများတွင် လက်ရှိလုပ်ကိုင်နေတဲ့သူများအတွက် အခွင့်အရေး ပိုရနေပြီး နောက်လူများ ဝင်လာနိုင်အောင် လမ်းဖွင့်ပေးတဲ့ပုံစံများ မတွေ့ရကြောင်းနဲ့ ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ လက်ရှိအနေအထားကို အကာအကွယ်ပေးတဲ့သဘော ဖြစ်နေတာကို တွေ့ရကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဥပဒေကြမ်းဟာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင ်းဆိုင်ရာလုပ်ငန်းတွေကို နိုင်ငံသားများအားလုံး လုပ်နိုင်အောင် လမ်းဖွင့်ပေးတာ၊နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးတာတွေ ဖြစ်ရမယ်ဆိုပေမယ့်  ဒီနိုင်ငံမှာက လက်ဝါးကြီးအုပ်ထားတဲ့လုပ်ငန်းတွေပဲ တွေ့ရကြောင်း ယင်းက ဆိုခဲ့ပါတယ်။ ရုပ်သံလွှင့် မီဒီယာပိုင်းဆိုင်ရာ ပွင့်လင်းမှု၊ လွတ်လပ်မှု မတွေ့ရသေးကြောင်းနဲ့ အဲဒီအတွက် ဥပဒေကြမ်းမှာ တချို့အချက်တွေက ဘာတွေကို အကာအကွယ်ပေးထားသလဲ၊ တကယ်လွတ်လပ်မှုရှိရဲ့လား၊ ဒါတွေကို ဒီဥပဒေကြမ်းထဲမှာ ချို့ယွင်းချက်တွေ၊ ဘက်လိုက်မှုတွေအဖြစ် မြင်ရရင် ပြင်မှာဖြစ်ပြီး ဒီဥပဒေကို အရေးတကြီးနဲ့ အမြန်ပြဋ္ဌာန်း ဖို့မလိုဘဲ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ ပြဋ္ဌာန်းဖို့လိုကြောင်း ဦးခိုင်မောင်ရည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါသေးတယ်။
 
လမ်းမဖွင့်ပေး
 
တကယ်တော့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ ယခင်ကတည်းက ဝေဖန်ရေးသားမှုများ ရှိခဲ့ပါတယ်။ဦးခိုင်မောင်ရည်ပြောတဲ့ အရင်လုပ်နေတဲ့သူတွေ အခွင့်အရေးပိုရပြီး နောက်လူတွေကို လမ်းမဖွင့်ပေးတဲ့သဘောကို တွေ့ရတယ်ဆိုတဲ့နေရာမှာ ဥပဒေကြမ်းမှာပါတဲ့ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များဆိုတဲ့အခန်းမှာ ဖော်ပြထားတဲ့အချက်အလက်များကို ပြေးမြင်မိပါတယ်။ အဲဒီကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များမှာ ဖော်ပြထားချက်အရတော့ ယခင် ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ကိုင်ခွင့် ရရှိထားတဲ့လုပ်ငန်းတွေဟာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းချိန်မှ စတင်ပြီး နှစ်နှစ်အတွင်း ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင်ကို လျှောက်ထားရယူရမယ်လို့ပါရှိခဲ့ပါတယ်။ ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ မကိုက်ညီတဲ့ သဘောတူညီချက်များကို ပြင်ဆင်နိုင်ဖို့အတွက် သတ်မှတ်ကာလအတွင်း (နှစ်နှစ်အတွင်း)ဆောင်ရွက်ဖို့ရမယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီလိုဖော်ပြထားတဲ့အတွက် ရုပ်သံလုပ်ငန်းလုပ်ကိုင်လိုသူများ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်စတင်လျှောက်ထားချိန်မှာ ယခင်ရှိနှင့်ပြီးလုပ်ငန်းများကတော့ နှစ်နှစ်အတွင်း လိုင်စင်လျှောက်ထားစရာမလိုဘဲ ဆက်လက်လုပ်ကိုင်ခွင့် ရနေကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင်  ယခုဥပဒေမပြဋ္ဌာန်း အာဏာမသက်ရောက်မီ က ဆောင်ရွက်လျက်ရှိတဲ့ ယခင်ထုတ်ပြန်ခဲ့တဲ့ ရုပ်မြင်သံကြား ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန် ကြားချက်များ၊ သဘောတူစာချုပ်များဟာ လက်ရှိပြဋ္ဌာန်းမယ့် ဥပဒေနဲ့ မဆန့်ကျင်ရင် ဆက်လက်ကျင့်သုံးနိုင်တယ်ဆိုတဲ့အချက်တွေ ဥပဒေကြမ်းမှာ ပါဝင်နေတာကြောင့် ယခင်ရှိနှင့်ပြီး ရုပ်သံလုပ်ငန်းလုပ်ကိုင်ခွင့် ရနေသူတွေအတွက်တော့ အားသာချက်တွေရဖို့ ရှိနေတာ ဖြစ်ပါတယ်။
 
အခွင့်အလမ်း
 
လက်ရှိပြည်တွင်းမှာ ရုပ်သံလုပ်ငန်းဆိုင်ရာနဲ့ ပုဂ္ဂလိပိုင်းက လုပ်ကိုင်ခွင့်ရထား သူများထဲမှာ MRTV - 4 နဲ့ Channel 7 အပါအဝင် ရုပ်သံလိုင်းများစွာ လုပ်ကိုင်နေတဲ့ Forever Group နဲ့ Skynet နဲ့ဆက်စပ်ရုပ်သံလိုင်းတွေကို ထုတ်လွှင့်နေတဲ့ ရွှေသံလွင်မီဒီယာတို့က အထင်ကရဖြစ်ပါတယ်။ ယခင် မီဒီယာတွေမှာ ဖော်ပြချက်အရတော့ ရွှေသံလွင်မီဒီယာကို ၂၀၁၀ ခုနှစ်က စတင်လုပ်ကိုင်ခွင့်ပေးထားပြီး သက်တမ်း ၃၃ နှစ် လုပ်ကိုင်ခွင့်ရရှိထားပြီး Forever Group ကတော့ လုပ်ကိုင်ခွင့်သက်တမ်း ၁၂ နှစ် ရရှိထားပြီး၂၀၁၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ Forever Group စတင်တည်ထောင်ချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရှိနှင့်ပြီးအခြေခံအဆောက်အအုံကို အဓိကအသုံးပြုခွင့်ရရှိခဲ့ပြီး ရွှေသံလွင်မီဒီယာကတော့ နိုင်ငံတော်သို့ လုပ်ငန်းစတင် လုပ်ကိုင်ချိန်မှ သုံးနှစ်တိတိ အကျိုးအမြတ်ပေးသွင်းစရာမလိုဘဲ ဆိုင်းငံ့ကင်းလွတ်ခွင့်တွေ ရရှိခဲ့တာဖြစ်ပါတယ်။ ယခင်က ရုပ်သံလုပ်ငန်းလုပ်ကိုင်သူတွေဟာ စတင်လုပ်ကိုင်စဉ်က စီးပွားရေးအရ ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတွေ ရရှိခဲ့ပေမယ့် လက်ရှိပေါ်ထွက်လာမယ့် ဥပဒေအရ စီးပွားဖြစ်ရုပ်သံလုပ်ငန်းလိုင်စင် လျှောက်ထားမယ့်သူများအတွက်တော့ ယခင်ကသူတွေရခဲ့သလိုမျိုး အခွင့်အလမ်းတွေရမယ့် အခြေအနေကို မတွေ့ရပါဘူး။ ဒါ့အပြင် ယခင်ရှိနှင့်ပြီးသူတွေက လိုင်စင်အသစ် လျှောက်စရာမလိုဘဲ နှစ်နှစ်ဆက်လုပ်ကိုင်ခွင့် ရှိနေချိန် ယခင်လုပ်ပိုင်ခွင့်တွေကလည်း ပြဋ္ဌာန်းမယ့် ဥပဒေမဆန့်ကျင်လို့ ဆက်ပြီး အသက်ဝင်နေမယ့်အချိန်မှာ ရုပ်သံလုပ်ငန်းမှာ အသစ်ဝင်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့်သူတွေအတွက်တော့ ယခင်ရှိနှင့်ပြီး အခြေကျပြီးသား ရုပ်သံလွှင့်လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ဆောင်ရွက်နိုင်ဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။
 
လက်ဝါးကြီးအုပ်သူများ
 
အဲဒီဥပဒေကြမ်းမှာ ပါဝင်တဲ့အချက်များမှာ ပုဂ္ဂလိကရုပ်သံလိုင်းများ ထူထောင်ဖို့အတွက် စိန်ခေါ်နေတဲ့ နောက်အချက်တစ်ချက် ပါဝင်နေပါသေးတယ်။ အဲဒါကတော့ စီးပွားရေးအရ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ်ထားတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းများအား ပူးတွဲပိုင်ဆိုင်ခြင်းကို ခွင့်မပြုဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကို ဘာအတွက်ထည့်သွင်းထားသလဲဆိုတာ မသိရပေမယ့် ယခင် ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲများမှာတော့ အင်အားကြီး မီဒီယာများ လက်ဝါးကြီးအုပ်သွားခြင်းကို ရှောင်ရှားနိုင်အောင် ထည့်သွင်းထားရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ကြောင်း မီဒီယာတွေမှာ ဖတ်ရခဲ့ဖူးပါတယ်။ လက်ဝါးကြီးအုပ်သွားနိုင်ခြင်းဆိုတဲ့ ရည်ညွှန်းချက်ဟာ မီဒီယာလုပ်ငန်းတစ်ခုကပဲ ပုံနှိပ်နဲ့ ရုပ်သံမီဒီယာသတင်းလုပ်ငန်းဇုန်တစ်ခုမှာ လွှမ်းမိုးသွားမယ်လို့ဆိုတာကို ရည်ညွှန်းချင်တာဖြစ်နိုင်ပေမယ့် လက်တွေ့မှာတော့ ဦးခိုင်မောင်ရည် ထောက်ပြပြောဆိုခဲ့သလိုမျိုး လက်ရှိလုပ်ကိုင်နေတဲ့ သူများအတွက် အခွင့်အရေးပိုရနေပြီး နောက်လူများဝင်လာနိုင်အောင် လမ်းဖွင့်ပေးတဲ့ပုံစံများ မတွေ့ရဘူးဆိုတဲ့ အခြေအနေနဲ့  နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဘယ်သူတွေ လက်ဝါးကြီးအုပ်ခွင့်ရသွားမှာလဲဆိုတာက စဉ်းစားစရာဖြစ်ရပါတယ်။ တကယ်တော့ ရုပ်သံလုပ်ငန်းဆိုတာ လွယ်ကူတဲ့ လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ငွေကြေး၊ နည်းပညာရှိရင်တောင် လူသားအရင်းအမြစ်က လက်ရှိမြန်မာနိုင်ငံမှာ ကျွမ်းကျင်သူ ရှားပါးပါတယ်။ 
ဗီဒီယိုကင်မရာတစ်လုံးကို ကျပ် ၁၅ သိန်းကနေ ကျပ်သိန်းရာချီရှိနေပြီး အဆင့်မီတဲ့ ရုပ်သံစတူဒီယိုအသေးစားတစ်ခုဆောက်ဖို့ဆိုရင်တောင် ကျပ်သိန်းရာနဲ့ချီကုန်နိုင်တဲ့ အခြေအနေမှာ ရုပ်သံလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လိုသူတွေအတွက် အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။
 
ဒီအတွက် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ နောက်လူများဝင်လာနိုင်အောင် လမ်းဖွင့်ပေးတဲ့ပုံစံများ မည်မျှပါဝင်လာမလဲဆိုတာက ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းများကို နိုင်ငံသားတိုင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိနိုင်ဖို့ဆိုတဲ့အချက်ကို ဖော်ညွှန်းပေးနိုင်မှာဖြစ်ပြီး တစ်ဖက်တစ်လမ်းကလည်း လက်ဝါးကြီးအုပ်မှုများကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။