စီးပွားရေးဝိရောဓိဆိုင်ရာ ပြဿနာများ

စီးပွားရေးဝိရောဓိဆိုင်ရာ ပြဿနာများ
Published 13 May 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

(၁)
ယနေ့မြန်မာနိုင်ငံ အဓိကရင်ဆိုင်နေရသော စီးပွားရေးဆိုင်ရာ ဝိရောဓိပြဿနာ များ (တစ်နည်းအားဖြင့်) ဝိရောဓိ၏ အခြေခံ သဘောတရားများနှင့် ယင်းကို မည်သို့မည်ပုံ ရှုမြင်သုံးသပ် ဆုံးဖြတ်ရမည်နည်းဟူသော ပြဿနာများ) ကို တွေ့မြင်ရသည်။ 
(၂)
ရှေးဦးစွာ ငွေကြေးဖောင်းပွမှုနှုန်းကို မည်ရွေ့မည်မျှထက် မပိုစေရန် (တစ်နည်းအားဖြင့် မကျော်လွန်စေရန်) ကြိုးစားသင့်သနည်းဟူသော အချက်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံသည် တံခါးဖွင့်စီးပွားရေးစနစ်ကို စတင်ဖွင့်လှစ်ဆဲဖြစ်သော နိုင်ငံငယ် တစ်နိုင်ငံ ဖြစ်သဖြင့် ငွေကြေးကျုံ့ပွခြင်း (Deflation) ဟူသော ပြဿနာကို ရင်ဆိုင်ရန် အခွင့်အလမ်း လွန်စွာနည်းပါးသော်လည်း ငွေကြေးဖောင်းပွခြင်း (Inflation) ဟူသော ပြဿနာကိုမူ ရင်ဆိုင်ရနိုင်သော အခွင့်အလမ်းက ပို၍ကြီးမားပါသည်။ သို့သော် မည်ရွေ့မည်မျှသော ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံ၏ မက်ခရိုအဆင့်စီးပွားရေး (Macro Economy) နှင့် မိုက်ခရိုစီးပွားရေး (Micro Economy) တို့အတွက် အသင့်လျော်ဆုံး ဖြစ်သနည်းဆိုသည်က အဓိကအချက်ပင် ဖြစ်ပေလိမ့်မည်။ ဥပမာ- ငွေကြေးဖောင်းပွမှုနှုန်းသည် မည်သူတွေအတွက် အကျိုးရှိစေပြီး မည်သူတွေအတွက် အကျိုးယုတ်စေသနည်း ဆိုသည်ကို အဓိကသိရှိရန် လိုအပ်ပြီး ယင်းငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်း၏ အကျိုးဆက်ကို နိုင်ငံ၏ ယနေ့လုပ်ခ လစာနှုန်းထားများ (အခြေခံလုပ်ခလစာနှုန်းထားများ အပါအဝင်)၊ နိုင်ငံသားတို့၏ ဝင်ငွေနှင့် စုဆောင်းနိုင်မှု အနေအထားများ၊ ဝင်ငွေနိမ့်သော ဝင်ငွေအလွှာများရှိ အိမ်ထောင်စုများ စသည့်အချက်များကို ကောင်းစွာမသိရှိပါက ငွေကြေးဖောင်းပွမှုနှုန်းသည် မည်မျှသော ငွေကြေးဖောင်းပွမှုနှုန်းသည် သင့်လျော်သနည်းဆိုသော ဝိရောဓိကို ရင်ဆိုင်ရပေလိမ့်မည်။ 
(၃)
ဒုတိယအချက် အနေဖြင့် ယနေ့ထိန်းချုပ်နှုန်းရှင်စနစ် (Managed Floating Exchange Rate System) နှင့် လွတ်လပ်သော နှုန်းရှင်နိုင်ငံခြားငွေလဲနှုန်းစနစ် (Freely Floating Exchange Rate System) ကို မည်သည့်အချိန်အခါတွင် ပြောင်းလဲပေးရန် လိုအပ်လာမည်နည်းဆိုသည်နှင့် ယင်းစနစ်နှစ်ခုကို မည်ကဲ့သို့ ချိတ်ဆက်ပေးနိုင်မည်နည်းဆိုသော ဝိရောဓိပင် ဖြစ်ပေလိမ့်မည်။ ထိန်းချုပ်နှုန်းရှင်စနစ် (Managed Float System) ၏ အခြေခံသဘောမှာ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းတို့ ရုတ်ခြည်းထိုးကျခြင်း၊ ရုတ်ခြည်းထိုးတက်ခြင်းမှ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ကာကွယ်ပေးရန်ဖြစ်သော်လည်း ယနေ့လွတ်လပ်သော အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး (Free International Trade) နှင့်အတူ ပူးတွဲပါဝင်လာနေသော ဘဏ္ဍာရေးအရင်းအမြစ်များ စီးဆင်းမှုများ (စီးဝင်ခြင်းနှင့် စီးထွက်ခြင်း)ရှိလာနိုင်ပေရာ ထိန်းချုပ်နှုန်းရှင်စနစ် အနေဖြင့် အမှန်တကယ် ထိန်းချုပ်နိုင်စွမ်း ရှိပေမည်လား (ဥပမာ - သာမန်ရေစီးကြောင်းများကို ဆည်များဖြင့် ကာရံထားနိုင်သော်လည်း ဆူနာမီ (Tsunami) ကဲ့သို့သော ပင်လယ်လှိုင်းလုံးကြီးများ ရိုက်ခတ်လာပါက မည်သို့မျှ တားဆီးနိုင်စွမ်းရှိမည် မဟုတ်ပေ) ဟူသော မေးခွန်းအတွက် မည်သို့သော နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ပြည်တွင်းစီးပွားရေး တစ်ရပ်လုံးအတွက် မည်သို့သော အကျိုးဆက်များကို ပေးစွမ်းနိုင်မည်နည်းနှင့် မည်သည့်ငွေလဲနှုန်းစနစ်သည် မည်သည့်အချိန်ကာလအထိ သင့်လျော်သနည်းဆိုသော ဝိရောဓိသစ် ဖြစ်ပေလိမ့်မည်။ 
(၄)
တတိယအချက် အနေဖြင့် ဘဏ္ဍာရေးလိုငွေပြမှု (Budget Deficit) နှင့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) နှစ်ရပ်လုံး တစ်စတစ်စ ကြီးမားလာနေရာ ယင်းလိုငွေပြမှုနှစ်ခု (Twin Deficit) လုံးကို မည်သို့ ကုစားမည်နည်းဆိုသော ဝိရောဓိပင်ဖြစ်သည်။ သာမန်ရိုးရိုးလေးတွေးလျှင် ဘဏ္ဍာရေးလိုငွေနှင့် ကုန်သွယ်ရေးလိုငွေ နှစ်ရပ်လုံးကို လျှော့ချရန် လိုအပ်မည်ဟု တွေးသော်လည်း ယင်းလိုငွေပြမှုနှစ်ရပ်တွင် လတ်တလော လျှော့ချနိုင်မှု အနေအထားနှင့် လျှော့ချနိုင်မှု ပမာဏအပြင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် (Economic Growth Momentum) ကို မထိခိုက်စေဘဲ မည်ရွေ့မည်မျှ ယင်းလိုငွေပြမှုနှစ်ခုကို ပေါင်းစည်းကာ လျှော့ချရမည်နည်းဆိုသည့်အချက်၊ ဘဏ္ဍာရေးလိုငွေပြမှု လျှော့ချရာတွင် စီမံကိန်းအချို့ကို ရပ်ဆိုင်းရုံမျှဖြင့် မလုံလောက်လျှင် မည်ကဲ့သို့သော ဘဏ္ဍာရေးလိုငွေပြမှုကို ဆက်လက်လျှော့ချစေမည်နည်းဆိုသော အချက်၊ ၎င်းအပြင် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်မည်ဆိုလျှင် ‘သေးငယ်သော အစိုးရ (Small-Sized Government) နှင့် ကြီးမားသောဈေးကွက် (Large-Sized Market) (သို့) စီးပွားရေးဖြစ်ရန် လိုအပ်လာမည်ဖြစ်ပြီး ကြီးမားသောအစိုးရ (Large-Sized Government) နှင့် သေးငယ်သော ဈေးကွက် (Small-Sized Market) သို့မဟုတ် သေးငယ်သော စီးပွားရေး မည်သည်ကို ရွေးချယ်မည်နည်းဆိုသော အချက်၊ တစ်နည်းအားဖြင့် ‘ကျားကြီးလျှင် ခြေရာကြီးသည်’ ဟူသော စကားအတိုင်း အစိုးရယန္တရား လိုအပ်သည်ထက် ကြီးမားနေလျှင် အစိုးရအသုံးစရိတ်သည်လည်း ဆက်လက်၍ ကြီးမားစေကာ ဘဏ္ဍာရေးလိုငွေပြမှုဟူသော ပြဿနာ ကို အခြားအခြားသော နည်းလမ်းများဖြင့်သာ ဖြေရှင်းနေရပေလိမ့်မည် ဖြစ်သည်။ ဘဏ္ဍာရေးလိုငွေပြမှု ပြဿနာကိုလည်း မဖြေရှင်းနိုင်သကဲ့သို့ ကုန်သွယ်ရေးလိုငွေပြမှု ပြဿနာ၏ အခြေခံဖြစ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (Private Sector Development) တွင်လည်း များစွာနှောင့်နှေးစေကာ ပုဂ္ဂလိကကဏ္ဍ၏ ပြည်ပပို့ကုန်ပမာဏသည် တိုးတက်သင့်သလောက် မတိုးတက်တော့ဘဲ (ပုဂ္ဂလိကကဏ္ဍတွင် ပြည်ပပို့ကုန် ပမာဏသည် အစိုးရ၏ ပြည်ပပို့ကုန်ပမာဏထက် လျော့နည်းနေကာ ပုဂ္ဂလိကကဏ္ဍ၏ ပြည်ပမှတင်သွင်းကုန် ပမာဏသည် အစိုးရ၏ သွင်းကုန်ပမာဏထက် လျော့နည်းနေသည်ကို တွေ့နိုင်သည်။) နောက်ဆုံးတွင် ကုန်သွယ်ရေးလိုငွေပြမှု ပြဿနာကို အခြားသော နည်းလမ်းများဖြင့် ဖြေရှင်းရပေလိမ့်မည်ဟူသော ဝိရောဓိပင်ဖြစ်သည်။ 
(၅)
စတုတ္ထအချက် အနေဖြင့် စီးပွားရေးကဏ္ဍများအားလုံး ဖွံ့ဖြိုးတိုးတက်စေရန် ဆိုသည်ထက် မိမိနိုင်ငံ၏ ဖွံ့ဖြိုးမှုအခြေခံများ အရန်အသင့်ရှိနေသည့် ကဏ္ဍများကို ပို၍အားစိုက်ကာ တိုးတက်စေပြီး ကျန်စီးပွားရေးကဏ္ဍများနှင့် အပြန်ပြန်အလှန်လှန် တိုးတက်စေခြင်းက ပို၍လွယ်ကူကာ ပို၍လက်တွေ့ကျမည်ဟု ထင်သည်။ သို့သော် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သယံဇာတ ပစ္စည်းများအပေါ်တွင် မှီခိုလွန်းအားကြီးခြင်း ပြဿနာကို မည်သို့ဖြေရှင်းမည်နည်းဟူသော ဝိရောဓိပင် ဖြစ်ပေလိမ့်မည်။ (အင်ဒိုနီးရှားနိုင်ငံတွင်လည်း တစ်ချိန်က သယံဇာတများ (သစ်တောထွက်ပစ္စည်းများ အပါအဝင်) ကို အကြမ်းထည်အတိုင်း တင်ပို့ခဲ့သော်လည်း ယင်းတို့အပေါ်တွင် ပို့ကုန်အခွန်များ မြင့်မားစွာ ကောက်ခံခဲ့ရာ ယာယီအားဖြင့် ယင်းကဏ္ဍများ၏ ပြည်ပတင်ပို့မှုဝင်ငွေ လျော့နည်းသွားသော်လည်း ယင်းတို့ကို အချောထည်အဖြစ် တင်ပို့လာရာမှ ဝင်ငွေသည် ပို၍မြင့်မားလာခဲ့ရသည်။) 
(၆)
ပဉ္စမအချက်မှာ- အလုပ်သမားပြဿနာ၊ လယ်သမားပြဿနာများကို မည်သို့ဖြေရှင်းမည်နည်းဆိုသော ဝိရောဓိများပင် ဖြစ်ပေလိမ့် မည်။ တစ်နည်းအားဖြင့် ဆင်းရဲမွဲတေမှုနှုန်းကို မည်သို့လျှော့ချမည်နည်းဆိုသော ပြဿ နာနှင့်လည်း ဆက်စပ်နေပေလိမ့်မည်။ လယ်ယာလုပ်ငန်းခွင် လူငယ်လုပ်သား ရှားပါးလာမှု၊ ပြည်ပသို့ ရွှေ့ပြောင်းလုပ်သားများ တိုးမြင့်လာမှု၊ အိမ်နီးချင်းနိုင်ငံများ၏ အနိမ့်ဆုံး လုပ်ခလစာ နှုန်းထားများနှင့် အထွေထွေကုန်ဈေးနှုန်း စသည့်အချက်များနှင့် မည်သို့မည်ပုံ ပုံဖော်မည်နည်းဆိုသော ဝိရောဓိပင် ဖြစ်သည်။ 
(၇)
အမျိုးသားစီးပွားရေး (National Economy)၊ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားကျန်းမာရေး (National Health)၊ အမျိုးသားပညာရေး (National Education)၊ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး (National Security and Defense) စသည်တို့ကို စဉ်ဆက်မပြတ် ပို၍ပို၍ ကောင်းမွန်တိုးတက်စေရန် (ယခု အခြေအနေထက် ပို၍ကောင်းမွန်စေရန်) မည်သို့သော ရွေးချယ်နည်းများကို ပေါင်းစပ်အသုံးပြုမည်နည်း ဆိုသည်နှင့် ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ရင်ဆိုင်ရမည့် အခြေအနေတို့ကို မည်သို့သော လမ်းကြောင်းကို ဖော်ဆောင်မည်နည်းဆိုသော ဝိရောဓိများကိုလည်း စဉ်ဆက်မပြတ် သုံးသပ်နေရန်လည်း လိုအပ်နေပေလိမ့်မည်။ 
(၈)
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု Economic Growth နှင့် သာတူညီမျှရှိမှု အနေအထား (Equity) တို့အကြားတွင် မည်ရွေ့မည်မျှ ပေါင်းစပ်ပေးနိုင်မည်နည်းဆိုသော အချက်သည် နိုင်ငံ၏ ရေရှည်တည်ငြိမ်မှု (Long Term Stability) နှင့် နိုင်ငံသားတို့၏ လူနေမှုအဆင့်အတန်း (Standard of Living) တို့ အပေါ်တွင် များစွာသက်ရောက်မှု ပေးနေပေလိမ့်မည် ဖြစ်သည်။