ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် သွင်းကုန် ကုန်စည်အချို့ ဈေးမြင့်လာ

ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် သွင်းကုန် ကုန်စည်အချို့ ဈေးမြင့်လာ
Published 12 May 2015
ချမ်းမြေ့သူ

ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ယခင်ကတွက်ခြေမကိုက်သည့် ပို့ကုန်လုပ်ငန်းများ အဆင်ပြေလာသကဲ့သို့ သွင်းကုန်အတွက် ငွေပိုသုံးစွဲရခြင်းကြောင့် ကုန်စည်အချို့ဈေးမြင့်တက်မှုဖြစ်ပေါ်လာကြောင်း သိရသည်။    "မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုမှာက စာရင်းဇယားတွေအရ ပို့ကုန်တင်ပို့တာထက်ကို သွင်းကုန်တင်သွင်းတာက ပိုများနေတယ်။ ဒါပေမဲ့ သွင်းကုန်ဆိုတဲ့နေရာမှာ အုပ်စုသုံးခုရှိပြီးတော့ ရင်းနှီးမြှုပ်နှံမှုကုန်စည်တွေ တင်သွင်းမှုက အများဆုံးပဲ။ ဒါတွေကလည်း ခွင့်မပြုပေးလို့မရဘူး။ ဒီလိုကုန်စည်တင်သွင်းမှုပိုများလာတာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတဲ့သဘောပဲ။ အခု ဒေါ်လာဈေးတက်တဲ့အတွက် အရင်က  တွက်ခြေမကိုက်တဲ့လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းအဆင်ပြေမှုတွေရှိလာမယ်။ တစ်ဖက်ကပြန်ကြည့်ရင်လည်း သွင်းကုန်တင်သွင်းတဲ့အခါ ငွေပိုသုံးစွဲရတဲ့အတွက် တိုင်းပြည်ရဲ့ အထွေထွေကုန်ဈေးနှုန်း ထိခိုက်လာနိုင်တယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကအားဖြင့် သွင်းကုန်အုပ်စုသုံးမျိုးရှိပြီး ရင်းနှီးမြှုပ်နံှမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းမှုအများဆုံးဖြစ်ကြောင်း သိရသည်။"ပြည်တွင်းမှာ မြန်မာငွေနဲ့ဒေါ်လာလည်း ဈေးတက်နေတဲ့အတွက်ရော ကမ္ဘာ့ရော်ဘာဈေးတက်နေတဲ့အတွက်ပါ ပြည်တွင်းရော်ဘာဈေးတက်တယ်။ ရော်ဘာဈေးတက်တဲ့အတွက် ပြည်ပကိုတင်ပို့မဲ့သူတွေ ငွေပိုရတာပေါ့။ အရင်ကဆို ဈေးကျနေတဲ့အတွက် တင်ပို့တဲ့တန်ချိန်များပေမယ့် ရငွေကနည်းနေတယ်" ဟု ပြည်ပသို့ရော်ဘာတင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။"ဒေါ်လာဈေးအရမ်းတက်လာတော့ ဈေးနှုန်းကမတည်ငြိမ်တော့ဘူး။ ကုန်စည်လည်ပတ်မှုကလည်း အဆင်မပြေဘူး။ ဈေးကွက်ထဲမှာဆိုရင်လည်း အရင်က တစ်ခါဝယ်ရင် ၁၀ ဘူးလောက်ဝယ်တဲ့သူက ဈေးများပြန်ကျသွားမလားဆိုပြီး သုံးဘူးလောက်ပဲဝယ်တော့တာမျိုးပေါ့။ ဒေါ်လာဈေးမြင့်လာတဲ့အတွက် ဆေးဈေးနှုန်းတွေမြင့်ဖို့ရှိတယ်။ ဆေးက အရင်ကတည်းက ပိုဖို့ထက်ကို သွင်းပြီးရောင်းတာက အများဆုံးပဲဆိုတော့ သွင်းဖို့အတွက် ငွေပိုသုံးစွဲရတော့ပြန်ရောင်းတဲ့ အခါဈေးတက်၊ ပြီးတော့ တစ်ဆင့်ပြန်ရောင်းတဲ့အခါ ဈေးတက်ဆိုတော့ ရောင်းတဲ့သူရော စားသုံးသူရောအဆင်မပြေပါဘူး" ဟု ရန်ကုန်မြို့ရှိ ဆေးဝါးတင်သွင်းရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။"ဒေါ်လာဈေးမြင့်တဲ့အတွက် မြန်မာနိုင်ငံတွင်းကိုသွင်းရတဲ့ စားအုန်းဆီဈေးတွေတက်တယ်။ ဈေးတက်တာကတော့ တစ်ပတ်လောက်ရှိပြီ။ အခုဆိုစားအုန်းဆီတစ်ပိဿာကို ၁၄၃၀ ရောင်းတယ်။ အခြားဆိုင်တွေမှာတော့ ၁၅၀၀၊ ၁၆၀၀ လောက်ရှိမယ်" ဟု တာမွေမြို့ရှိ ဆီဆိုင်တစ်ဆိုင်မှဆိုသည်။    ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဈေးကွက်အတွင်း၌လည်း ဧပြီ ၂၅ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၅၀၊ အောက်တိန်း (92 Ron) တစ်လီတာလျှင် ကျပ် ၆၂၀ ရှိခဲ့ရာမှ မေ ၃ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၆၀၊ အောက်တိန်း (92 Ron) တစ်လီတာလျှင် ကျပ် ၆၆၀နှင့် မေ ၁၂ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၇၀၊ အောက်တိန်း (92 Ron) တစ်လီတာလျှင် ကျပ် ၇၀၀ သို့ အသီးသီးမြင့်တက်လာကြောင်း သိရသည်။