“အနေတတ်ဖို့”
...သူကမုန်းလည်း
အမုန်းမဖက် မေတ္တာလက်နှင့်
ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။
...သူကငြိုငြင်
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။
...သူကရန်ရှာ
ပြုမူပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ
အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။
...မေတ္တာသစ္စာ
အနစ်နာနှင့် ဘယ်ခါမဟူ
စိတ်ထားဖြူစွာ နေတတ်ပါမှ
သင်၏ဘ၀ အေးချမ်းရလိမ့်။
အကျယ်တဝင့် ရှင်းပြစရာမလိုလောက်အောင် ရိုးရှင်းပြီး အဓိပ္ပာယ်အပြည့်ရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ မနှစ်က ပဲခူးရွှေမောဓောဘုရားကို သွားဖူးရင်းနဲ့ ဘုရားစောင်းတန်းတစ်ခုမှာ ချိတ်ဆွဲရေးသားထားတာကို တွေ့ခဲ့ရပါတယ်။ ကဗျာရေးဖွဲ့သူရဲ့ အမည်နာမကို မတွေ့ခဲ့ရပေမယ့် ရေးဖွဲ့သူကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုမိပါတယ်။
ကောင်းမွန်တဲ့အဆုံးအမ၊ မှန်ကန်ပြီး အမြော်အမြင်အပြည့်ရှိတဲ့ အဆိုအမိန့်၊ မှန်ကန်တဲ့ တရားတော် စတဲ့အရာတွေဟာ စကားတစ်ခွန်း၊ တစ်လုံးတစ်ပါဒပဲဖြစ်ဖြစ် စာတစ်ကြောင်း ကဗျာတစ်ပုဒ်ပဲဖြစ်ဖြစ်၊ အဆိုအမိန့် ဒဿနတစ်ခုပဲဖြစ်ဖြစ်၊ နားထောင်ရသူ၊ ဖတ်ရသူတွေအတွက် များစွာအကျိုးရှိစေခဲ့တာ အမှန်ပါပဲ။ ကျွန်တော်တို့တွေကိုယ်တိုင် မောဟကြီးစိုးမှုတွေ များလာတဲ့အခါမှာ အဆိုအမိန့် အဆုံးအမတွေကို သတိမပြုမိခဲ့ကြပါဘူး။ ဒေါသကြီးစိုး၊ မောဟကြီးစိုးတဲ့ အချိန်တွေမှာ ကောင်းမွန်တဲ့ အဆုံးအမအဆိုအမိန့်တွေကို သတိပြုနှလုံးသွင်းမိကြမယ်ဆိုရင် အမှားနည်းပြီး ငြိမ်းအေးမှုတွေရ နိုင်ကြမှာပါ။
အသက်တစ်ရာမနေရပေမယ့် တစ်ရာမကသောအမှုတွေ ပြဿနာတွေနဲ့ ကျွန်တော်တို့ဟာ ကြုံတတ်ကြသလို ရင်လည်းရင်ဆိုင်ခဲ့ကြရပါတယ်။ တချို့ပြဿနာတွေကိုတော့ ကိုယ့်ရဲ့အတွင်းစိတ်ကို ပြုပြင်ထိန်းကျောင်းပေးခြင်းအားဖြင့် ရန်ငြိုးရန်စတွေကို မရှည်စေတော့ပါဘူး။ တစ်ခါတလေ ကျွန်တော်တို့ဟာ နှစ်ဦးနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်ရန် ဖြစ်ရန်တွေ့ကြဖို့ လက်မနှေးကြပေမယ့် ကိုယ့်ရဲ့အတွင်းစိတ်အမှန်ကို သိအောင်ကြိုးစားပြီး အေးငြိမ်းအောင်နေတတ်ဖို့ မေ့လျော့နေတတ်ပါတယ်။
ကျွန်တော်တို့ဟာ ပုထုဇဉ်ပီပီ လောဘ၊ ဒေါသ၊ မောဟရှိကြတဲ့သူတွေချည်းပါပဲ။ ကိုယ့်ရဲ့လောဘ၊ ကိုယ့်ရဲ့ဒေါသ၊ ကိုယ့်ရဲ့မောဟတွေကြောင့် သူတစ်ဖက်သားကို မထိခိုက် မနစ်နာစေဖို့ သတိပြုရမှာပါ။ ကိုယ့်ရဲ့အတွင်းစိတ်က မကောင်းတဲ့ဘက်မှာ အားကြီးနေရင် သတိပြုဆင်ခြင်လျှော့ချရမှာပါ။
မတူကွဲပြားမှုတွေကို ငြင်းခုံရန်ဖြစ်ရင်းနဲ့လည်း ကျွန်တော်တို့ဟာ မငြိမ်းချမ်းခဲ့ကြပါဘူး။ အလုပ်ချင်းပြိုင်၊ စီးပွားချင်းပြိုင်၊ ရာထူးအာဏာချင်းပြိုင်၊ မာနခြင်းပြိုင်ရင်းနဲ့လည်း မငြိမ်းချမ်းခဲ့ကြပါဘူး။
“လိမ္မာလျှင် မြင်ပြင်းကပ်၊ ဆင်းရဲလျှင် အားရ၊ ကြွယ်ဝလျှင် မနာလို၊ ကိုယ့်ထက်သာလျှင် နည်းနည်းမှမကြိုက်ဆိုတဲ့” မနာလိုမှု “ဣဿ}} ဆိုးတွေကြောင့်လည်း စိတ်တွေ ပူလောင်ခဲ့ကြရပါတယ်။
ကိုယ့်ပစ္စည်းကိုလည်း မပေးချင်၊ သူတစ်ပါးကိုလည်း ကိုယ့်လိုမရစေချင်၊ မချမ်းသာစေချင်တဲ့ “မစ္ဆရိယ” ဆိုတဲ့ ဝန်တိုမှုအဆိုးတွေကြောင့်လည်း စိတ်တွေဟာ ပူလောင်ခဲ့ကြပါတယ်။
ပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ ကျွန်တော်တို့အနားမှာ ပူလောင်မှုတွေဟာ အများကြီးပါ။ တချို့ပူလောင်မှုတွေကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာနဲ့ ကျွန်တော်တို့က ဝင်တိုးခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်စိတ်နှစ်ပါးလုံး ပူလောင်ခဲ့ကြရပါတယ်။
တန်းတူသမားတွေကို မေတ္တာမထားတဲ့အခါမှာ “ပြိုင်” တတ်လာတယ်။ ကိုယ့်ထက်နိမ့်သူအပေါ်မှာ ကရုဏာမထားနိုင်တဲ့အခါ “အနိုင်ကျင့်ချင်လာတယ်။ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ မုဒိတာမပွားနိုင်တဲ့အခါမှာ “ဣဿာ} ဆိုတဲ့ မနာလိုမှု ဝင်တတ်လာတယ် လို့ မစိုးရိမ်ဆရာတော်ကြီးက ဆုံးမခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အတွင်းစိတ်တွေငြိမ်ချမ်းဖို့ မေတ္တာတရား ကရုဏာတရား မုဒိတာတရား ဥပေက္ခာတရားတွေကိုတော့ လက်ကိုင်ထားကြရမှာ အမှန်ပါပဲ။
“ရန်မူတတ်သောသူတို့၏ မှီခိုရာသည် အပြစ်ရှာ”၊ မေတ္တာရှိသောသူတို့၏ မှီခိုရာသည် “အမျက်နည်း”၊ ချုပ်တည်းသောသူတို့ ၏ မှီခိုရာသည် “ကတိ”၊ ပညာရှိသောသူတို့၏ မှီခိုရာသည် “သတိ” ဟု ပေါရာဏဒီပနီ ဒုတိယတွဲတွင် ဆရာကြီးမှော်ပီဆရာသိန်းက ဖွင့်ဆိုထားပါတယ်။
ကျွန်တော်တို့၏ ကိုယ်စိတ်နှစ်ပါးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းမှုရအောင် မငြိမ်းချမ်းစေနိုင်သော အကြောင်းတရားများနှင့် အပြုအမူအပြောအဆိုများကို ရှောင်ကြဉ်ကြရပါမည်။ မငြိမ်းချမ်းစေသောအကြောင်း တရားများနှင့် ရင်ဆိုင်တွေ့ကြုံလာခဲ့သော် ဒေါသအလို မောဟအလိုများသို့ မလိုက်ဘဲ မှန်ကန်သောအဆုံးအမ၊ သြဝါဒ၊ မှန်ကန်သော တရားတော်၊ မှန်ကန်သော အဆိုအမိန့်များကို နှလုံးသွင်းရင်း မိမိကိုယ်ကိုယ် ငြိမ်းချမ်းအောင် ကြိုးစားကြရမှာဖြစ်သလို မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းအောင် ကြိုးစားကြရမှာပါ။
အားလုံးပဲ ငြိမ်းချမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။










