လေးစားမှုဖြင့် အုပ်ချုပ်တဲ့ အစိုးရ

လေးစားမှုဖြင့် အုပ်ချုပ်တဲ့ အစိုးရ
Published 12 May 2015
ဒေါက်တာခင်မောင်ညို

(၁)
မေ ၇ ရက်က ဗြိတိန်ရွေးကောက်ပွဲ လုပ်တယ်။ General Election လို့ခေါ်တဲ့ ရွေးကောက်ပွဲပါ။ အဲဒီမှာ ပါတီတွေက ကိုယ်စားလှယ်(အမတ်လောင်း)တွေ ဝင်ပြိုင်ကြတယ်။ ပါတီခုနစ်ခုလောက် ရှိတယ်။ ကွန်ဆာဗေးတစ်က အမတ်နေရာ အများဆုံးနဲ့ အနိုင်ရသွားတယ်။ လေဘာပါတီက ဒုတိယပါ။ ဒါပေမဲ့ အရင်ငါးနှစ်က ရွေးကောက်ပွဲမှာထက် ပိုပြီးနည်းတဲ့ အမတ်နေရာတွေကိုပဲ ရရှိတယ်။စကော့တလန်က စကော့အမျိုးသားပါတီ (SNP) ကတော့ ထင်တာထက်ကို ပိုပြီးအောင်မြင်တယ်။ အမတ် ၅၉ နေရာ အရွေးခံတာ ၅၆ နေရာကို ရတယ်။ သူတို့ အောင်မြင်တာပဲပေါ့။ဒီတော့ အဲဒီအမတ်တွေ ပါလီမန် (လွှတ်တော်)ထဲကို ရောက်သွားပါမယ်။ အမတ်အရေအတွက် အများဆုံး အနိုင်ရရှိသူ ကွန်ဆာဗေးတစ်ပါတီက အစိုးရအဖွဲ့ကို ဖွဲ့ခွင့်ရမှာ ဖြစ်တယ်။ ကွန်ဆာဗေးတစ်ပါတီဟာ လက်ရှိဗြိတိန်ကို အုပ်ချုပ်နေတဲ့ ပါတီပါပဲ။ ဒီအတွက် ဝန်ကြီးချုပ်ရာထူးကို ဒေးဗစ်ကင်မရွန်ပဲ ဆက်လက်လက်ခံသွားမှာ ဖြစ်တယ်။အဲဒီနေ့ နံနက်မှာ သူဟာ ထုံးစံအတိုင်း ဘုရင်မကြီးကို တွေ့ရပါတယ်။ “ကျွန်တော် နောက်ထပ်ငါးနှစ် နိုင်ငံတော်အကြီးအကဲ ရာထူးကို လက်ခံအုပ်ချုပ်မယ်” လို့ အစီရင်ခံတာပါပဲ။ ဘုရင်မက ခွင့်ပြုမှ အုပ်ချုပ်ခွင့်ရတယ်။ ဒါဟာ လေးစားသမှုကို ပြတာပါပဲ။ဒေးဗစ်ကင်မရွန်ဟာ အဲဒီကပြန်လာတော့ နံပါတ် ၁၀၊ ဒေါင်းနင်းလမ်းအိမ်ရှေ့မှာ သတင်းထောက်တွေကို အချက်နှစ်ချက်ကို ပြောတယ်။ပထမအချက်က Let's make Great Britain Greater ဖြစ်တယ်။ ဆိုလိုတာက ဗြိတိသျှကို ပိုမိုကြီးကျယ်အောင် ဆောင်ရွက်ကြပါစို့ ဆိုတာပါပဲ။ ဒါကလူတွေကို နှိုးဆော်တာ ဖြစ်တယ်။ဒုတိယအချက်ကတော့ Govern with respect ဆိုတာပါပဲ။ အဓိပ္ပာယ်က လေးစားသမှုနဲ့ အုပ်စိုးကြပါမယ် ဆိုတာပါပဲ။ ဒါက ပြည်သူတွေအပေါ် ထားရှိတဲ့ သူတို့အစိုးရအဖွဲ့ရဲ့ သဘောထားကို ပြောတာဖြစ်တယ်။ 
(၂)
ဒီနေရာမှာ ကျွန်တော့်အဘိုးအကြောင်း ပြောချင်ပါတယ်။ ကျွန်တော် ငယ်ငယ်က အဘိုးနဲ့အတူ နေရတယ်။ အဘိုးက ကျွန်တော့်ကိုချစ်တော့ သူအားတဲ့အခါမျိုး၊ သတင်းစာဖတ်တဲ့ အခါမျိုးတွေ၊ စားသောက်တဲ့ အခါမျိုးတွေမှာ ခေါ်ထားလေ့ရှိတယ်။ဒါကြောင့်  ဧည့်သည်လာလို့ စကားပြောတဲ့ အခါတွေမှာလည်း ကျွန်တော်ရှိနေတတ်တယ်။ အဘိုးက သူကြီးဆိုတော့ အိမ်ကို လူအမျိုးမျိုး လာတာပါပဲ။ ကျွန်တော်က အတော်လေးငယ်ပေမယ့် မှတ်မိနေတယ်။တစ်ရက်မှာ အဖွဲ့တစ်ခု လာတယ်။ သူတို့က ဘုရားပရိဝုဏ်ထဲမှာ အိမ်ဝင်ဆောက်ကြတာကို ဖယ်ရှားပေးဖို့ လာပြောတာပဲ။ လာပြောတဲ့ ဂေါပကတွေက စိတ်ဆိုးမာန်ဆိုးနဲ့ အဘိုးကို ပြောတယ်။“အဲဒီလူတွေက လူမိုက်တွေ။ ကျွန်တော်တို့ ပြောလို့ မရဘူး”“မင်းတို့ ဘယ်လိုပြောလဲ”“ဒါ ဘာသာရေးနဲ့ဆိုင်တဲ့နေရာ အိမ်မဆောက်ဖို့ ပြောတာပေါ့”“သူတို့ ဘာလုပ်လဲ၊ ဘာတွေပြောလဲ”“ဓားတွေကိုင်ပြီး မဖယ်နိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့လည်း တို့က ဝတ္တရားရှိလို့ လာပြောတာပါလို့ပဲ ပြောလိုက်ပါတယ်”“ဒါလည်း ကောင်းတာပဲ”“ဒါဆို သူကြီး ရဲအကူအညီနဲ့ သူတို့ကို ဖယ်ပေးပါ”“ငါသွားပြောလိုက်မှာပါ”“သူကြီး သူတို့တစ်တွေက ဓားတွေနဲ့၊ ရဲခေါ်သွားပါ။ သေနတ်လည်း ယူသွားပါ”“အုပ်ချုပ်တယ်ဆိုတာ ရပ်ရေးရွာရေးတွေကို ဖြေရှင်းပေးတာပဲ၊ သူတို့က ဒီနေရာမှာ ဘာလို့ဆောက်တာလဲလို့ ငါသွားမေးပါ့မယ်”“အလကားလူတွေပါ။ ကျူးကျော်တာပါ”“အေးပါ။ မင်တို့မှတ်ထား၊ ဘယ်သူမှ အလကားလူ မဟုတ်ဘူး။ တို့ရွာသူရွာသားတွေအားလုံး အလကားလူ မပါဘူး”အဘိုးပြောတာကို ငယ်ငယ်က မှတ်မိနေတယ်။ ဘယ်သူမှ အလကားလူ မဟုတ်ဘူး။ အင်မတန်မြေကြီးပေါတဲ့ အဲဒီခေတ်မှာတောင် ကျူးကျော်တဲ့သူတွေ ပေါ်နေတာပဲ။အဘိုး ဘယ်လိုဖြေရှင်းလိုက်တယ် ကျွန်တော်မသိပါ။ အဲဒီ ကျူးကျော်အိမ်ဆောက်တဲ့သူတွေ ကျွန်တော်တို့အိမ်ကိုလာပြီး ရေခပ်ထင်းခွဲတွေ လုပ်တယ်လို့ အမေက ပြောပြတယ်။ အဘိုးက သူတို့ကို လယ်ထဲမှာ သူရင်းငှားအလုပ်ကို သွင်းပေးတယ်။ နောက် ဘာပြဿနာမှ မကြားရတော့ဘူး။ ကျွန်တော်တို့အရပ်မှာ မွန်၊ မြန်မာ၊ တရုတ်၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ မွတ်စလင်ဘာသာဝင်တွေ ရှိတယ်။ သူတို့အားလုံး အဆင်ပြေနေကြတာပါပဲ။အဘိုးလက်ထက်မှာ တစ်ရွာနဲ့တစ်ရွာ ပဋိပက္ခတွေဖြစ်တာ မရှိဘူး။ နောက်တစ်ခု ပြောပြချင်သေးတယ်။တစ်ရက်မှာ ချက်ကြီးဆိုတဲ့သူ ကြက်ခိုးတာကို ရွာသားတွေဖမ်းမိတော့ သူ့ကို ကတုံးလေး ကွက်ကျားရိတ်ပြီး “ကျွန်တော် ကြက်သူခိုး” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ရွာထဲလှည့်ခိုင်းဖို့ လုပ်တယ်။ အဘိုးက အပြေးအလွှားသွားပြီး “ဒါမျိုးမလုပ်ရဘူး။ သူ့ကို သိက္ခာချတာမျိုး မလုပ်ရဘူး” လို့ တားတယ်။ ရွာသားတွေက မကျေနပ်ကြဘူး။ ဒါပေမဲ့ အဘိုးကိုတော့ ပြန်မပြောရဲဘူး။အဘိုးက “မင်းတို့သိထားရမှာက လူတွေဟာ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး။ အရှက်နဲ့ လူလုပ်ကြတာ။ မင်းတို့က သူ့အရှက်ကို ခွဲတယ်ဆိုရင် သူက အငြိုးအတေးတွေထားပြီး တစ်ချိန်မှာ မင်းတို့ပျက်စီးရာပျက်စီးကြောင်း ကြံမှာပဲ”“သူ ဒီလိုလုပ်ရင် ကျွန်တော်တို့လည်း ဘယ်ခံနေမလဲ”“အဲဒါကို ပြောတာပေါ့။ သူ ဒီလိုကြံတဲ့အခါမှာ တစ်ယောက်ယောက်တော့ ဒုက္ခရောက်မှာပဲပေါ့။ ဒါဟာ မကောင်းတာပဲ မဟုတ်လား။ တို့တစ်တွေအားလုံး အေးအေးချမ်းချမ်းနဲ့နေပါ။ ချက်ကြီးကိုလည်း ဆုံးမပြီး ပြစ်ဒဏ်ပေးမှာပါ”“ဘာပြစ်ဒဏ်ပေးမှာလဲ”“ဘုန်းကြီးကျောင်းက ခြံစည်းရိုးကာ ခိုင်းမယ်”ဤတွင် ချက်ကြီးက “ကျွန်တော် သူကြီးခိုင်းတာ လုပ်ပါ့မယ်။ ဘုန်းကြီးကျောင်းက ကုဋီအိမ်သာကျင်းကိုလည်း ကျွန်တော် တူးပေးပါ့မယ်” တဲ့။ တစ်ခုတော့ ပြောချင်တယ်၊ ကျွန်တော့်အဖိုးဟာ စာအုပ်တွေအများကြီး ဖတ်တယ်။ 
(၃)
အဘိုးက အငြိုးအတေးများ မရှိကြဖို့ အတွက်ကို ဖြေရှင်းတာကို ကြီးလာတော့မှ သဘောပေါက်ပါတယ်။ ဒါက ဘယ်သူ့ကိုမဆို လေးစားသမှု (Respect) ရှိလို့ပါပဲ။ကျွန်တော်ဟာလည်း တက္ကသိုလ်ဆရာလုပ်စဉ်က အဆောင်မှာ အဆောင်မှူးလုပ်တဲ့အခါမှာ ပြဿနာတွေကို ဒီအတိုင်းပဲ ဖြေရှင်းခဲ့တယ်။တစ်ရက်မှာ ကျောင်းသားတစ်ယောက်ဟာ အဆောင်မှာ ခေါင်းရင်းမှာထားရင်း နာရီပျောက်သွားတယ်လို့ ဆိုတယ်။ သူရေချိုးသွားစဉ်မှာ စိုးမိုးဆိုတဲ့ သူငယ်ချင်းက ဝင်ပြီး သူ့ကိုရှာတယ်လို့ ပြောပြတယ်။ဒါဆို စိုးမိုးယူသွားတာ ဖြစ်နိုင်တာပေါ့။ စိုးမိုးက ရွာပြန်သွားသတဲ့။ နာရီပျောက်တဲ့ ကျောင်းသားက စိုးမိုးသေတ္တာကိုရှာဖို့ အဆောင်နည်းပြတွေကို ပြောတယ်။ အဆောင်နည်းပြတွေက ကျွန်တော့်ကို လာပြောတယ်။ကျွန်တော်က စိုးမိုးရဲ့သေတ္တာကို ရှာခွင့်မပြုခဲ့ဘူး။ ဒါက လေးစားသမှု (Respect) ပါပဲ။ တက္ကသိုလ်တက်တဲ့ ကျောင်းသားတွေကို အားလုံးက လေးစားရမှာဖြစ်တယ်။မြန်မာစကား ရှိပါတယ်။ ဥစ္စာတစ်ခါပျောက် ငရဲ ၁၀ ခါရောက် ဆိုတာမျိုးပါ။(တကယ်လည်း နာရီပျောက်တဲ့ ကျောင်းသားဟာ သူ့နာရီကို ရေချိုးကန်မြောင်းထဲ ကျနေတာကို တစ်ယောက်က ကောက်တွေ့လို့ ပြန်ရခဲ့ပါတယ်)နာရီတစ်လုံးဟာ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့စာရင် ဘာမှမဖြစ်လောက်ပါဘူး။ပြန်ရတာမရတာထက် အရေးကြီးတာက လူတစ်ယောက်ရဲ့သိက္ခာကို မစော်ကားမိစေဖို့ပါပဲ။ 
(၄)
သောမတ်အက်ဒီဆင်ကို သိကြမှာပါ။ သူက တီထွင်သူ ပါရဂူပါပဲ။ လျှပ်စစ်မီးသီးကို တီထွင်ခဲ့လို့ တစ်ကမ္ဘာလုံးဟာ ညကို နေ့အဖြစ် ပြောင်းလာစေခဲ့သူဖြစ်တယ်။အက်ဒီဆင်မီးလုံးထွင်တာ သုံးနှစ်ကြာတယ်။ သူ မီးလုံးတီထွင်ပြီးတဲ့နောက်မှာ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ သတင်းထောက်တွေလာတော့ သူက အခင်းအကျင်း ပြတယ်။ သတင်းထောက်တွေ ထိုင်တယ်။ အဲဒီခေတ်က DC မီးတွေပါ။ ဘက်ထရီကို အဆင်သင့်လုပ်ထားပြီး သူ့ရဲ့တပည့်တွမ်ကို ခေါ်တယ်။တွမ်ရောက်လာတော့ မီးလုံးသွားယူခိုင်းတယ်။ မီးလုံးယူလာတဲ့ တွမ်ဟာ ဝိုင်ယာကြိုးတွေနဲ့ ခလုတ်တိုက်ချော်လဲပြီး မီးလုံးလည်း ကွဲသွားတယ်။“သွားပါပြီ” လို့ အားလုံးက ညည်းကြတယ်။ ဒီတော့ အက်ဒီဆင်က မျက်နှာပျက်ပျက်နဲ့ နောက်တစ်ပတ်မှာ သတင်းထောက်တွေကို ပြန်လာဖို့ ချိန်းတယ်။ စလုပ်တဲ့ အချိန်က မီးလုံးကို လုပ်ရတာ အင်မတန် ခက်ခဲပေမယ့် ခုတော့ တစ်ပတ်မှာ အပြီးပြန်လုပ်နိုင်တာပဲပေါ့။ အရင်အပတ်ကလာတဲ့ သတင်းထောက်တွေ ရောက်လာတော့ အက်ဒီဆင်က “တွမ်ရေ မီးသီးသွားယူဟေ့” လို့ ခိုင်းတယ်။လူတွေက ရင်တမမနဲ့ ကြည့်နေကြတယ်။ မီးသီးကို တပ်လိုက်တော့ လင်းသွားတယ်။ လက်ခုပ်တီးကြတာပေါ့။ အက်ဒီဆင်က သူပြချင်တာ ပြလို့ပြီးတာမို့ သတင်းထောက်တွေကို မေးစရာရှိရင် မေးပါလို့ ခွင့်ပြုတယ်။ သတင်းထောက်တစ်ယောက်က မေးတယ်။“ကျွန်တော်က နည်းပညာနဲ့ပတ်သက်လို့ မေးချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မေးချင်တာတစ်ခုကို မေးခွင့်ပြုပါ”“မေးပါ”“မစ္စတာ အက်ဒီဆင်မှာ ခိုင်းတဲ့လူငယ်တွေ တွမ်တစ်ယောက်တည်း ရှိပါသလား”“မဟုတ်ပါဘူး။ ၁၉ ယောက်တောင် ရှိပါတယ်”“ဒါဆို အရင်အပတ်က သူလုပ်လို့ မီးလုံးကွဲသွားတဲ့ တွမ်ကို ဒီအပတ်မှာပဲ ဘာလို့ခိုင်းရတာလဲ၊ နောက်ထပ် မီးလုံးကွဲသွားရင် ဘယ်နှယ့်လုပ်မလဲ”“မီးလုံးကွဲသွားရင် အသစ်လုပ်တာပေါ့ဗျာ၊ မကြာပါဘူး။ တကယ်လို့ တွမ်ကို ကျွန်တော် မခိုင်းရင်တော့ သူ့အသည်းနှလုံးတွေ ကွဲသွားရင် တစ်သက်လုံးပြန်ပြီးကောင်းအောင် လုပ်ပေးလို့ရတော့မှာ မဟုတ်ဘူး” 
(၅)
ကျွန်တော်တို့ဟာ စနစ်ကြီးအရ အုပ်ချုပ်သူ အစိုးရဆိုတာကို ထားရှိကြတယ်။ ဒီစနစ်မှာ အစိုးရတွေက အာဏာရှိတယ်။ တစ်ခါတစ်ခါလည်း သြဇာပါရှိတယ်။ သူတို့ဟာ ပြည်သူ့အကျိုးကို သယ်ပိုးဖို့ လုပ်နေကြရမယ့်သူတွေ ဖြစ်ပေမယ့် တစ်ခါတစ်ခါ သူတို့ဟာ ပြည်သူတွေကို မေ့နေကြတယ်။ဒီလူတွေကြောင့် သူတို့ လုပ်ရကိုင်ရ ခက်တယ်ဆိုပြီး ယူဆနေကြတယ်။ လေးစားသမှု မရှိခြင်း (no respect) ဟာ ပြဿနာတွေကို တိုးပွားစေတာပါပဲ။ ကျွန်တော်တို့ပြည်သူက အစိုးရကို လေးစားရသလို အစိုးရကလည်း ပြည်သူတွေကို လေးစားသမှုနဲ့ အုပ်ချုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

Most Read

Most Recent