ဆဲလ်ဖီ။ ဆဲလ်ဖီ (selfie) ဆိုတဲ့ သူ့ အသံထွက်က သဘောကျစရာ။ အရမ်းဆွဲဆောင်မှုရှိတယ်လို့ ပြောတဲ့အခါ သုံးကြတဲ့ ဆက်ဆီနဲ့ တူသလိုလို၊ မတူသလိုလို။ မိုဘိုင်းပစ္စည်း သုံးလာသူတွေ များလာလေလေ၊ ဓာတ်ပုံတင်စရာ လူမှုကွန်ရက်တွေ များလာလေလေ သူက လူစွာလုပ်လာလေလေပဲ။ နေ့တိုင်း ဆဲလ်ဖီရိုက်ထားတဲ့ ပုံလေးတွေကို ကျွန်တော်တို့ အွန်လိုင်းမှာ လွယ်ကူစွာပဲ မြင်တွေ့ရတယ်။ ဆဲလ်ဖီယဉ်ကျေးမှုက အတော်ကိုအောင်မြင်ပါတယ်။
အမြဲတမ်းမဟုတ်ပေမယ့် ကျွန်တော်လည်း တစ်ခါတလေတော့ ဆဲလ်ဖီ ကြည့်ဖူးတယ်။ ဘာရယ်တော့မဟုတ်။ ကိုယ်ရောက်နေတဲ့ နေရာလေးနဲ့ တစ်စုံတစ်ရာ အမှတ်တရသိမ်းချင်တဲ့အခါမျိုးတွေမှာပေါ့။ သူငယ်ချင်းတွေ ဆုံတဲ့အခါမှာလည်း အမှတ်တရလုပ်ဖို့က တစ်ယောက်ကို ထရိုက်ခိုင်းရမှာ အားနာလို့ “အကုန်လုံးပါအောင် ဆဲလ်ဖီမိကြလေရဲ့”ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော့်အတွေးထဲမှာ သရော်စာတွေ အရေးသိပ်ကောင်းတယ်လို့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့ဖူးတဲ့ အိုင်းရစ်လူမျိုး ဝေဖန်ရေးဆရာ ဂျော့ဂျ်ဘားနပ်ဒ်ရှော (George Bernard Shaw) ပြောခဲ့ဖူးတဲ့ စကားကို ပြန်သတိရမိတယ်။
“လူတွေက ကိုယ့်ကိုယ်ကိုယ် ပြန်တွေးရမှာ အရမ်းပျင်းတယ်ဗျ။ တကယ်လို့ ခင်ဗျားအနေနဲ့ ကိုယ်ရဲ့အဖြစ်မှန်၊ အခြေအနေမှန်ကို အမြဲပြန်တွေးနိုင်တယ်ဆိုရင် ထိပ်တန်းတစ်နေရာရောက်ဖို့ မခက်ဘူး။ အရာရာဟာ အတွေးက စတယ်ဗျ” လို့ ပြောခဲ့ဖူးတာပါ။ ငယ်ငယ်က အဲဒီစကားကို ကြားကြားမိချင်း ဒီဆရာကြီးက နာမည်ကြီးလို့ ပြောချင်တာ လျှောက်ပြောနေတာလို့ ထင်ခဲ့ဖူးတယ်။ ကျွန်တော်က “လူပဲမတွေးဘဲ နေမလား။ အခြေအနေတွေကြောင့် နောက်ကောက်ကျနေရတာ” လို့ ယုံကြည်နေခဲ့တာလေ။ ကြာလာတော့မှ ဘာမှခြေခြေမြစ်မြစ် မဟုတ်၊ လေလွင့်သလို လိုက်တွေးနေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးအကြောင်းကို ပြန်တွေ့လာတယ်။ ကြုံရာကျပန်းတွေးနေတဲ့ စိတ်ကူးတွေ၊ လေတိုက်တိုင်း လမ်းပျောက်သွားတဲ့ ရည်မှန်းချက်တွေရဲ့ ဆိုးပြစ်တွေကို ခံစားလာပြီးမှ သူပြောတဲ့ “ကိုယ့်အဖြစ်မှန်၊ ကိုယ့်အခြေအနေမှန်ကို အမြဲပြန်တွေးနိုင်တယ်ဆိုရင်” ဆိုတဲ့ စကားကို ပြန်အမှတ်ရမိတာပါ။
အဲဒီမှာ ကိုယ့်ရုပ်ကိုယ်ပြန်ရိုက်တဲ့ ဆဲလ်ဖီဆိုတာကို တစ်မျိုးမြင်မိလိုက်တာ။ ဆဲလ်ဖီရိုက်တဲ့အခါ တစ်ခါလာလည်း ဒီမျက်နှာ။ နောက်တစ်ခါလာလည်း ဒီမျက်နှာ၊ ဒီအချိုး ဆိုတာမျိုး ကျွန်တော်တို့ အမြဲတစေ မရိုက်ကြပါဘူး။ ပတ်ဝန်းကျင်အခြေအနေနဲ့အညီ၊ ကိုယ့်ခံစားချက် Mood ဖြစ်တာနဲ့အညီ ကိုယ်ဖြစ်ချင်တဲ့ပုံစံလေးကို သရုပ်ဆောင်ကြတယ် မဟုတ်ပါလား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရိုက်ချက်တိုင်းမှာတော့ ကိုယ့်မျက်နှာအပေါ် ကိုယ့်ရဲ့ စိတ်ဝင်စားမှုက ရာနှုန်းပြည့်ပဲလေ။ ကိုယ့် ကိုယ်ကိုယ် အရမ်းစိတ်ဝင်စားတဲ့ သဘောပေါ့။
ဒီတော့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်သင့်တယ်။ ကျွန်တော်တို့ ကိုယ့်မျက်နှာကို အခြေအနေမရွေး စိတ်ဝင်စားသလိုမျိုး ကိုယ့်အတွေး၊ ကိုယ့်အခြေအနေမှန်ကို စိတ်ဝင်စားဖူးလားလို့။ လူအများစုဟာ မေ့မေ့လျော့လျော့ပါပဲ။ ဆဲလ်ဖီကို ကျွန်တော် မြင်လိုက်တာက အဲဒီသဘောပါ။ ကျွန်တော်တို့ ကိုယ့်လုပ်ရပ်၊ ကိုယ့်စိတ်ဓာတ်၊ ကိုယ့်အရည်အချင်းကို အမှန်အတိုင်း ပြန်ပြီးဆဲလ်ဖီရိုက်ဖို့ မေ့မေ့နေတတ်ကြတဲ့အဖြစ်။ ဒီအဖြစ်ကို မြင်မိလာတာ။
ဒီအခြေအနေရဲ့ နက်ရှိုင်းမှုကို ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့တွေ သိပ်တွေးမိကြမှာ မဟုတ်ဘူး။ ငယ်ငယ်ကနေ သေရာပါဆိုသလို လက်ဆင့်ကမ်းလာတဲ့ စိတ်ပိုင်းဆိုင်ရာခံယူချက် အမွေဆိုးတချို့ကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးအများစုဟာ အရာရာကို ပေါ့ပြက်ပြက် လေ့လာတတ်တဲ့အကျင့်ကို စွဲကပ်ခဲ့ရလေတော့ ဘာကိုသင်သင် အပေါ်ယံသာ သင်၊ ဘာကိုဖတ်ဖတ် အပေါ်ယံသာဖတ်၊ ဘာကိုတွေးတွေး အပေါ်ယံသာတွေး ဆိုတာမျိုးနဲ့သာ အသားကျခဲ့ကြတာကိုတော့ ရိုးရိုးသားသား လက်ခံရမယ်။ ဒါဟာ ကျွန်တော်တို့တွေ ရဲ့ အသိဉာဏ် လွတ်လပ်မှုနဲ့ ဖွံ့ဖြိုးဖို့အတွက် အလွန်လိုအပ်ပါတယ်။ စာပေသင်ယူကြတဲ့ ကလေးတွေလို သင်လိုက်တဲ့စာရဲ့ အဖြေတွေကို ရှာဖွေဖို့ပဲသိပြီး မေးခွန်းပြန်ထုတ်ဖို့ မတွေးမိသလောက် ဖြစ်ရတာဟာလည်း ကျွန်တော်တို့ရဲ့ ပညာရေးလက်ဆင့်ကမ်းမှု အားနည်းချက်ပါ။ တွေးတာနဲ့ မေးတာဟာ ဆက်စပ်နေမှ အနှစ်သာရရှိတာ။ ငယ်ငယ်ကတည်း က မတွေးတတ်၊ မမေးတတ်တဲ့ဘဝက ကြီးတဲ့အထိ ဖြစ်ပါလေရော။
အကြောင်းရင်းကို အဖြေရှာကြည့်ရမယ်။ ဒါဟာ ဘာကြောင့်လဲ။ တစ်နေ့တစ်ကြိမ်ဆိုသလို၊ တစ်ကြိမ်မက ဆိုသလို ကိုယ့် မျက်နှာကိုဆဲလ်ဖီ ပြန်ရိုက်ဖို့ သတိရတတ် သူတွေဟာ ကိုယ်ရဲ့စိတ်ဓာတ်နဲ့ ရည်မှန်းချက်ကိုတော့ ဆဲလ်ဖီ ပြန်မရိုက်မိကြဘူး။ တစ်ခါတလေ မလုပ်တာ အချိန်တော်တော်ကြာတယ်။ နှစ်နဲ့ချီတယ်။ ဘာမှန်းမသိဘဲ အချိန်ကာလများစွာ ဟိုလိုလိုဒီလိုလို မျောနေမိတာတွေလည်း ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ဖူးတော့ အဲဒီအချိန်တွေကို ပြန်ပြန် နှမြောတယ်။ လေးနက်စွာတွေးတောဖို့၊ လွတ်လပ်စွာတွေးတောဖို့နဲ့ ကိုယ့်သွားနေတဲ့ လမ်းကို အေးဆေးစွာ ပြန်သုံးသပ်ဖို့ ကျွန်တော်တို့ ဟာ ကိုယ့်အသိစိတ်ကို ဆဲလ်ဖီရိုက်မှ ဖြစ်နိုင်ပါလိမ့်မယ်။
ကိုယ့်ရဲ့ လုပ်ဆောင်မှုနဲ့ ကိုယ်ရဲ့ ခံယူချက်ကို ကိုယ်သေချာမသိသေးသရွေ့ ကျွန်တော်တို့ဟာ ကိုယ် ဘယ်သူဆိုတာ၊ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိခွင့်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲလိုနဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေဟာ ဘာမသိညာမသိ လူ့စွမ်းအားတွေ ပျောက်ဆုံးခဲ့ရတာပါ။ မနက်ဖြန် တစ်ခုခုဖြစ်လာမယ်ဆိုတဲ့ အတွေးနဲ့ပဲ ဘာမှဖြစ်မလာတဲ့ မနက်ဖြန်တွေကို စောင့်နေမိကြတယ်။ လက်တွေ့ဆန်တဲ့ အတွေးနဲ့ အသက်ရှင်ဖို့ မေ့လျော့ရင်း ရည်မှန်းချက်တွေလည်း မရေရာ၊ အနာဂတ်တွေလည်း မသေချာနဲ့ဘဝတွေ ခဏခဏ ပြန်စနေကြရတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ပြန်မတွေးမိခြင်းရဲ့ အကျိုးဆက်၊ ကိုယ်ဖြစ်ချင်တာကိုအတွေးထဲမှာ စိတ်ကူးထဲမှာ မကြာခဏ ဆဲလ်ဖီ ပြန်မရိုက်မိကြခြင်းရဲ့ ရလဒ်ပါပဲ။
တကယ်တော့ ဖြစ်ချင်တာတို့၊ ရည်မှန်းချက်တို့ဆိုတာလည်း တစ်ခါတစ်ရံမှာတော့ ကိုယ်ရဲ့အခြေအနေနဲ့ အလှမ်းဝေးကောင်း ဝေးနေလိမ့်မယ်။ ငယ်ငယ်က နယ်မှာ မိဘက ပိုက်ဆံမရှိ၊ သူတို့က မင်းသားဖြစ်ချင်ဆို တဲ့ သူငယ်ချင်းတွေ တွေ့ဖူးတယ်။ လေ့ကျင့်တာမှ မှန်ကြည့် ငိုလိုငိုပေါ့။ နောက်တော့လည်း ပြီးသွားရော။ ဒါပေမဲ့ ကျွန်တော် ပြောချင်တဲ့ ရည်မှန်းချက်ကတော့ စိတ်ကူးနဲ့ ဖြစ်ချင်တာ လိုက်တွေးနေတာမျိုး မဟုတ်ပါဘူး။ ဖြစ်ဖို့သေချာမှ ထလုပ်တယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲက ရည်မှန်းထားတဲ့ တစ်စုံတစ်ရာအတွက် မပျောက်နိုင်မပျက်နိုင်တဲ့ စိတ်ဆန္ဒမျိုးကို ဆိုလိုတာပါ။ သာမန်ဘယ်လိုအရာအတွက်မှ မစွန့်စားပေမယ့် အဲဒီအရာအတွက်တော့ လူတွေ စွန့်စားကြတယ်။ ရည်မှန်းချက်ဆိုတာ သီးသန့်ဟစ် ကြွေးနေရတဲ့အရာမျိုး မဟုတ်ဘူး။ သူက စိတ်ထဲမှာ လှုပ်နှိုးစရာမလိုဘဲ တောက်လောင်နေတဲ့အရာ။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ မကြာခဏဆိုသလို ကိုယ်ဖြစ်ချင်တာနဲ့ ပတ်သက်ပြီး ကိုယ်ရောက်နေတဲ့နေရာကို အရှိအတိုင်း ကြည့်မိဖို့ မလစ်ဟင်းပါစေနဲ့။
ဘဝမှာ အစ်ကိုတစ်ယောက် ဆုံးမဖူးတာလေးတစ်ခု။ သူက မင်းဘာဖြစ်ချင်လဲ၊ ဘာဝါသနာပါလဲလို့ ကျွန်တော့်ကို မေးဖူးတယ်။ သီချင်းဆိုတာလို့ ပြောတော့ အဲဒါက တော့ မင်းမှမဟုတ်ဘူး။ လူတိုင်းပါတယ်တဲ့။ မင်းမယုံရင် သူငယ်ချင်းတွေကို ကေတီဗွီခေါ်သွားလိုက်။ မိုက်ခ်တောင် လုရဦးမယ်တဲ့။ သူပြောချင်တာက ကိုယ်ဝါသနာပါတဲ့အရာ၊ ကိုယ်ဖြစ်ချင်တဲ့အရာအပေါ် ကိုယ်အနေနဲ့ ဘယ်လောက်စိတ်ထဲမှာရှိလဲ။ ဘယ်လိုအမြင်အာရုံ (Vision) မျိုးရှိလဲပေါ့။ ဖြစ်ချင်တယ်ဆို တာလောက်နဲ့တော့ ဘာမှဖြစ်မလာဘူးလို့ သူက ယတိပြတ် သတိပေးခဲ့တယ်။
ဒါဟာ အမှန်တရားပါပဲ။ ဘယ်သူမဆိုရယ်ပါ။ ကိုယ့် ကိုယ်ကိုယ် မလိမ်ညာကြဘဲ ကိုယ်ဖြစ်ချင်တဲ့အရာနဲ့ ကိုယ်ရဲ့ လက်ရှိအနေ အထားအကြား အကွာအဝေး ဘယ်လောက် ခြားနားနေသေးလဲ၊ ဘယ်လောက်နီးလာပြီလဲဆိုတာ ဆဲလ်ဖီရိုက်ပြီး ပြန်ကြည့်တတ်ဖို့ အမြဲလိုအပ်ပါတယ်။
ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် ဆဲလ်ဖီပုံမှန် ပြန်ရိုက်ဖြစ်အောင် လေ့ကျင့်သင့်ပါရဲ့ဗျာ။










