တိုင်းနှင့်ပြည်နယ်များတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ထပ်မံဖွင့်ရာ၌ ယခင်ကကူညီခဲ့သည့် အီးယူ၊ USAID တို့၏အကူအညီဖြင့်သာ ဆက်ဖွင့်မည်

တိုင်းနှင့်ပြည်နယ်များတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ထပ်မံဖွင့်ရာ၌ ယခင်ကကူညီခဲ့သည့် အီးယူ၊ USAID တို့၏အကူအညီဖြင့်သာ ဆက်ဖွင့်မည်
Published 8 May 2015
မျိုးမင်းထက်

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ထပ်မံဖွင့်လှစ်ရာ၌ ယခင်ကကူညီခဲ့သည့် အီးယူ၊ USAID တို့၏အကူအညီဖြင့်သာ ဆက်ဖွင့်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုအားနည်းနေသေးသည့်အတွက် ပြည်နယ်နှင့်တိုင်းများတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဆက်ဖွင့်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။"နဂို တရားဥပဒေစိုးမိုးရေးစင်တာဖွင့်တုန်းက ကူညီတဲ့အဖွဲ့တွေပဲ။ ဆက်ဖွင့်ဖို့တော့ရှိတယ်။ နေရာတွေ မရွေးရသေးဘူး။ အချိန်မသတ်မှတ်ရသေးဘူး။ ဆက်ဖွင့်ဖို့တော့ စီစဉ်နေတယ်။ နဂိုတုန်းက ကူညီခဲ့တဲ့အဖွဲ့တွေအတိုင်းပဲ။ အဲဒီတရားဥပဒေစိုးမိုးရေးဗဟိုဌာနများ လုပ်ငန်းညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကနေပြီးတော့ ဆက်ပြီးတော့လုပ်သွားမှာပဲ။ အီးယူတို့၊ USAID အကုန်ပါတာပေါ့။ နဂိုအတိုင်းပဲ" ဟု ဦးဝင်းမြင့်ကပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းရာ၌ တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန် အစိုးရမှ ပူးပေါင်းပါဝင်ခြင်းမရှိတော့သည့်အတွက် အလှူရှင်နိုင်ငံများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အကူအညီဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းတင်ပြထားသည်။လက်ရှိတွင် မန္တလေးနှင့်လားရှိုးမြို့များ၌ တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ထားပြီး တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်သည့် သင်တန်းများပေးနေကာ သင်တန်းသားရှစ်ဆယ်ခန့်အား သင်တန်းလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။ရန်ကုန်မြို့ အင်းလျားလမ်းရှိ ပြည်ထောင်စုလွှတ်တော် ရန်ကုန်ရုံးခွဲတွင် မေ ၅ ရက်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ရဲနှင့် စစ်တပ်၏အခန်းကဏ္ဍများ ပြောင်းလဲခြင်းနှင့် လွှတ်တော်ဆိုင်ရာ ကြီးကြပ်ခြင်းခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပြီး ယင်းပွဲသို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခေဲ့ကြောင်း NLD မှသတင်းထုတ်ပြန်ထားသည်။ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့သည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင် ဒေါက်တာဇော်မြင့်မောင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဖေကြိုင်၊ ဗိုလ်မှူးအောင်သွင်စိုးတို့ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent