ဗြိတိန်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တို့ အောင်ပွဲခံ

ဗြိတိန်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တို့ အောင်ပွဲခံ
Published 8 May 2015

ဗြိတိန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ကွန်ဆာဗေးတစ်ပါတီက အံ့အားသင့်ဖွယ် အနိုင်ရရှိဖွယ် ရှိသောကြောင့် ဥရောပတွင် ဗြိတိန်၏ အနာဂတ်ကို ပြန်လည်ရေးဆွဲရဖွယ်ရှိသည်။ ရွေးကောက်ပွဲမတိုင်မီ စစ်တမ်းများတွင် ကွန်ဆာဗေးတစ်နှင့် လေဘာတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ကွန်ဆာဗေးတစ်တို့က အမတ်နေရာ ၃၁၆ နေရာရရှိခဲ့ပြီး လေဘာပါတီက ၂၃၉ နေရာရရှိခဲ့ကြောင်း ဘီဘီစီက ဦးစီးကောက်ယူသော စစ်တမ်းတွင် ဖော်ပြခဲ့သည်။
ကွန်ဆာဗေးတစ်တို့နည်းတူ အောင်ပွဲခံခဲ့သည့်ပါတီမှာ လွတ်လပ်ရေးလိုလားသော စကော့တလန် အမျိုးသားရေးပါတီ (SNP) ဖြစ်ပြီး စကော့တလန်တွင် အမတ်နေရာ ၅၉ နေရာအနက် နေရာ ၅၀ ကို အနိုင်ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ကင်မရွန်း၏ ညွန့်ပေါင်းအစိုးရတွင် မဟာမိတ်ဖြစ်ခဲ့သော လစ်ဘရယ် ဒီမိုကရက်တို့သည် အကြီးအကျယ် အရေးနိမ့်ခဲ့ပြီး ဝန်ကြီးနေရာ နှစ်နေရာထက်မနည်း ဆုံးရှုံးခဲ့သည်။
လစ်ဘရယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် မစ္စတာနစ်ကလက်သည် ၎င်း၏ အမတ်နေရာအတွင် ပြန်လည်ရွေးချယ် ခံခဲ့ရသော်လည်း ပါတီက အနိုင်ရထားသော အမတ်နေရာ ၅၇ နေရာအနက် ၁၀ နေရာကိုသာ ပြန်လည်ရရှိခဲ့သည်။
ကွန်ဆာဗေးတစ်တို့သည် အောက်လွှတ်တော်တွင် အမတ်နေရာ အများစုဖြစ်သော ၃၂၆ နေရာကို မရရှိခဲ့သော်လည်း ပါတီငယ်များဖြင့် အစိုးရဖွဲ့စည်းပြီး ကင်မရွန်က ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ရရှိဖွယ်ရှိသည်။ စကော့တလန် အမျိုးသားရေးဝါဒီတို့  အောင်မြင်ခဲ့မှုကြောင့် စကော့တလန် ရွေးကောက်ပွဲအတွက် လူထုဆန္ဒခံယူပွဲ ထပ်မံကျင်းပရန် ဖိအားမြင့်တက် လာဖွယ်ရှိသည်။
ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တို့ အောင်ပွဲခံသည့် သတင်းကြောင့် ပေါင်ငွေတန်ဖိုးသည် အာရှကုန်သွယ်မှုတွင် မြင့်တက်ခဲ့ပြီး တစ်ပေါင်လျှင် ၁ ဒသမ ၅၄၇ ဒေါ်လာထိ ရောက်ရှိခဲ့သည်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းမှ ရုန်းထွက်ရန်အတွက် ခြိုးခြံချွေတာရေး အစီအစဉ်များကို ဆောင်ရွက်ခဲ့သည့် ကင်မရွန်က ယင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
အစိုးရဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်အတွက် အသုံးစရိတ်များ ခြိုးခြံချွေတာနေသည့် ကွန်ဆာဗေးတစ်တို့က လူသန်း ၃၀ ခန့်အတွက် ဝင်ငွေခွန်ကို လျှော့ချပေးမည်ဟု ကတိပြုထားသည်။
ဗြိတိန်ရွေးကောက်ပွဲ အစီအစဉ်အရ ပါတီတစ်ခုသည် အစိုးရဖွဲ့ရန်အတွက် အမတ်နေရာ ၆၅၀ ရှိသော အောက်လွှတ်တော်တွင် အမတ်နေရာ ၃၂၃ ခန့်ဖြင့် အများစုရရန် လိုအပ်သည်။ ဗြိတိန်ရွေးကောက်ပွဲတွင် မဲပေးရန် အရည်အချင်းပြည့်မီသူ သန်း ၅၀ ခန့်ရှိပြီး မဲရုံပေါင်း ၄၃၀၀၀ ရှိခဲ့သည်။
Ref: AFP

Most Read

Most Recent