အမှားကို အမှားမှန်း အမှန်တကယ်မသိလို့ အမှားဖြစ်စေတာက ခွင့်လွှတ်ဖွယ် ဖြစ်တယ်။ ဒါကို စေတနာ အမှားလို့လည်း ခေါ်နိုင်တယ်။ သို့ပေမဲ့ အဲဒီအမှားကို အမှားမှန်းသိရင် ပြင်ကြရမှာဖြစ်တယ်။ မပြင်ဘဲအမှားအတိုင်း ဆက်ထားရင် အမှားသံသရာ လည်သွားစေမှာဖြစ်တယ်။ အချို့ကိစ္စရပ်တွေမှာ မိမိကိုယ်ကျိုးစီးပွား ကာကွယ်လိုကြလို့ ရည်ရွယ်ချက်ရှိရှိမှားအောင် လုပ်ဆောင်ခဲ့ကြတာလည်း ရှိတယ်။ ဥပမာဆိုရရင် ၂၀၀၈ ဖွဲ့စည်းပုံမှာ ရည်ရွယ်ချက်ရှိရှိ မှားအောင်လုပ်ဆောင်ထားတာ ရှိနေတယ်။ အဲဒီဖွဲ့စည်းပုံက နာဂစ်နဲ့အတူ ပေါက်ဖွားလာခဲ့တာဖြစ်လို့ ပြည်သူတွေ အာရုံမရှိချိန်မှာ ဒီဖွဲ့စည်းပုံကို ရိုက်သွင်းလိုက်တာ ဖြစ်တယ်လို့ဆိုကြတယ်။ ဒီကနေ့ ပြည်သူ့ဆန္ဒခံယူကြည့်ရင် အဖြေထွက်လာမှာဖြစ်တယ်။
မကြာသေးမီက မြန်မာနိုင်ငံကိုလာ ရောက်သွားတဲ့ နော်ဝေဘုရင်ပြောသွားတာ ကြားလိုက်ရတယ်။ နော်ဝေနိုင်ငံမှာ ဖွဲ့စည်းပုံကို အကြိမ် ၂၀၀ ကျော်ပြင်ဆင်ရတယ်ဆိုတာကို အဓိကကတော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီအောင် လုပ်ဆောင်ရတာဖြစ်လို့ ပြည်သူတွေက ထောက်ပြတဲ့အမှားတွေနဲ့ ပြည်သူ့ဆန္ဒကို ပြင်ပေးကြရမှာက သက်ဆိုင်ရာနိုင်ငံ အုပ်ချုပ်သူတွေ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ မသေချာမရေရာတဲ့ စကားလုံးတွေကို အသုံးပြုတာတွေကို မိမိပြောတဲ့ စကားတွေမှာ ရှောင်ကြဉ်သင့်တယ်။
မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ သြဝါဒတော်တွေမှာ ပထမဦးဆုံးအချက်က စိတ်ကောင်းရှိဖို့က ပထမဆိုတာကို ထည့်သွင်း မိန့်ကြားထားတာက မှတ်သားဖွယ်ဖြစ်တယ်။ လူတစ်ဦးချင်းမှာ စိတ်ကောင်းစေတနာကောင်းတွေ မှန်ကန်စွာ ရပ်တည်လုပ်ဆောင်နိုင်ကြရင် ကမ္ဘာကြီးငြိမ်းချမ်းသာယာ ဝပြောလာစေမှာဖြစ်တယ်။ အခုတော့ လူတွေမှာ မိမိတို့ရဲ့အမှားတွေကို မမြင်နိုင်ကြဘဲ အဝိဇ္ဇာဖုံးနေကြတာကြောင့် မိမိလူမျိုးအချင်းချင်း စစ်ခင်းနေကြတာ၊ မိမိနိုင်ငံသားတွေအချင်းချင်း စစ်ခင်းနေကြတာတွေက အနိဋ္ဌာရုံတွေဖြစ်ပါတယ်။
Paul Collier ရေးသားတဲ့ The Bottom Billion ဆိုတဲ့စာအုပ်မှာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲတွင်းနက်ကြရတဲ့ ပုံရိပ်ကို ဖော်ညွှန်းရေးသားထားတာ ဖတ်ရတယ်။ တချို့နိုင်ငံတွေက ဟိုယခင်ကာလက ဆင်းရဲတွင်းနက်ခဲ့ကြတယ်။ သို့ပေမဲ့ အခုအခါ ချမ်းသာတဲ့ နိုင်ငံစာရင်းဝင် ဖြစ်လာခဲ့တယ်။ အချို့နိုင်ငံတွေကတော့ ဟိုယခင်ကလည်း ဆင်းရဲတွင်းနက်ခဲ့ကြတယ်။ အခုလည်း ဆင်းရဲတွင်း နက်နေကြဆဲဖြစ်တယ်။ အချို့နိုင်ငံကတော့ နိုင်ငံအနေနဲ့ သဘာဝသယံဇာတတွေ မြေပေါ်မြေအောက် အလျှံပယ်ပေါ ကြွယ်ဝပါလျက် အခုအခါအဆင်းရဲဆုံး နိုင်ငံအဖြစ် ပြောင်းလဲလာကြတာကို မီးမောင်းထိုးပြထားတယ်။ ဒီကနေ့ ကမ္ဘာ့လူဦးရေက သန်းပေါင်း ၇၀၀၀ ရှိနေပြီဖြစ်တယ်။ လူဦးရေတိုးတက်မှုက လျော့နည်းသွားမှာ မဟုတ်ဘဲ ဆက်ပြီး တိုးတက်လာဦးမှာဖြစ်တယ်။ တိုးတက်လာတဲ့ လူဦးရေမှာ အဓိကကတော့ စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အရေးသုံးပါးကို အဆင်ပြေအောင် ကြိုးပမ်းလုပ်ဆောင် ပေးကြရမယ့် တာဝန်က နိုင်ငံကိုတာဝန်ယူကြရတဲ့ ယူကြရမယ့် အစိုးရတွေရဲ့တာဝန်ဖြစ်တယ်။ နိုင်ငံအစိုးရတွေက မိမိနိုင်ငံသားတွေရဲ့ အဓိကအရေးသုံးပါးကို မျက်ကွယ်ပြုပြီး ကိုယ်ကျိုးရှာတဲ့ အစိုးရပုံစံမျိုး မဖြစ်စေရပါ။ မိဘနဲ့သား သမီးမှာ အစိုးရက မိဘနေရာကနေ မိမိသားသမီးလိုဖြစ်တဲ့ မိမိနိုင်ငံသားတွေကို စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အရေးသုံးပါး ပြေလည်အောင် လုပ်ဆောင်ပေးကြရမှာဖြစ်တယ်။
ဒါကြောင့်အစိုးရအဖြစ် တာဝန်ယူလုပ်ဆောင်ကြမယ့် သူတွေမှာ အဲဒီစိတ်ဓာတ်တွေ ကိန်းအောင်းနေကြရမှာ ဖြစ်တယ်။ အာဏာရလာရင် ငါလုပ်ချင်သလို လုပ်မယ်ဆိုတဲ့ အတွေးတွေပယ်ဖျောက် သင့်ကြပြီဖြစ်တယ်။ ဒီကနေ့ ၂၁ ရာစုက ရွာလေးတစ်ရွာလို ဖြစ်လာတဲ့ ကမ္ဘာကြီးမှာ တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်ပုံစံနဲ့ နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီမှုတွေ လုပ်ဆောင်နေကြပြီဖြစ်တယ်။ ဗီယက်နမ်နိုင်ငံဆိုရင် စာရေးသူတို့ နိုင်ငံလွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ထက် နောက်ကျပြီး ၁၉၇၅ ခုနှစ်မှာမှ လွတ်လပ်ရေးရပေမယ့် အခုဆိုရင် ဗီယက်နမ်နိုင်ငံက Developed Country လို့ခေါ်တဲ့ တိုးတက်တဲ့ နိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါပြီ။ စာရေးသူတို့ နိုင်ငံကိုလည်း Developing Country အဆင့်ကနေ Developed Country အဆင့် ရောက်စေလိုတယ်။
အဓိကကတော့ မှားနေတဲ့ အတွေးအခေါ် စိတ်ဓာတ်တွေ ပြောင်းလဲပစ်ကြရမှာ ဖြစ်တယ်။ အမှားကိုမြင်ပြီး အမှန်ပြင်နိုင်ကြရင် မိမိနိုင်ငံမှာရှိနေသေးတဲ့ သယံဇာတတွေနဲ့ နိုင်ငံဖွံ့ဖြိုးအောင် လုပ်လို့ရပါသေးတယ်။ သဘာဝသယံဇာတ ပစ္စည်းတွေမရှိတဲ့ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတွေသော်မှ တိုးတက်တဲ့နိုင်ငံ ဖြစ်လာသေးတာ ဘာကြောင့် စာရေးသူတို့နိုင်ငံက တိုးတက်မလာစေရမှာလဲ။ ချမ်းသာလိုရင် ချမ်းသာသူနဲ့ ပေါင်းရမယ်။ ပညာလိုရင် ပညာရှိနဲ့ ပေါင်းရမယ်ဆိုတဲ့ စကားရှိပါတယ်။ အတိတ်ကာလမှာ မိမိတို့ရဲ့ လုပ်ဆောင်ချက် မကောင်းခဲ့တာကို မျက်မှောက်ပစ္စက္ခမှာ ကောင်းတဲ့လုပ်ဆောင်မှုတွေနဲ့ အစားထိုးပြီး မိမိနိုင်ငံ တိုးတက်စေဖို့ မိမိလူမျိုး မိမိနိုင်ငံသားတွေရဲ့ ဘဝအရည်အသွေး တိုးတက်မြင့်မားလာအောင် လုပ်ဆောင်နိုင်ကြရင် ၂၁ ရာစုမှာ အာရှတိုက်က ကမ္ဘာ့စီးပွားရေး ဦးဆောင်ဖြစ်လာမယ်ဆိုတဲ့ အထဲမှာ စာရေးသူတို့ မြန်မာနိုင်ငံက အဓိကစီးပွားရေး ဦးဆောင်နိုင်ငံ ဖြစ်လာမယ်လို့ ယုံကြည်တယ်။
အတိတ်ကာလမှာ အာဏာရှိသူတွေကနေ မတော်တရား ရယူထားတာတွေ နိုင်ငံတော်ကို ပြန်လည်အပ်နှံကြပါ။ အာဏာရှိသူတွေနဲ့ ပေါင်းစားထားကြတဲ့ ခရိုနီတွေကလည်း မိမိတို့ရယူထားတဲ့ အရာတွေကို မိမိနိုင်ငံအတွက် နိုင်ငံတော်ကို ပွင့်လင်းမြင်သာစွာ ပြန်လည်အပ်နှံကြပါ။ အဲဒီအရင်းအနှီး နှစ်ရပ်ပေါင်းနဲ့တင် နိုင်ငံစီးပွားရေး နာလန်ထူအောင် လုပ်နိုင်ပါပြီ။ အဓိကကတော့ လှူဒါက ယူတာဖြစ်ပါတယ်။ မိမိတို့စေတနာနဲ့ ပေးလှူလိုက်တာတွေက နောင်အနာဂတ်ဘဝအတွက် ရွှေအိုးမြှုပ်နှံမှုတွေ ဖြစ်လာကြမှာပါ။ ဒါကြောင့် အမှားတွေကိုမြင်ကြပြီး အမှန်တွေလုပ်နိုင်ကြပါစေလို့ ဆုတောင်းမိကြောင်းပါဗျာ။










