တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် ပြည်ပစတော့အိတ်ချိန်း ဝန်ဆောင်မှုကုမ္ပဏီများ မြို့ကြီးများတွင်သာမက နယ်ဒေသများ၌ပါ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်နေ

တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် ပြည်ပစတော့အိတ်ချိန်း ဝန်ဆောင်မှုကုမ္ပဏီများ မြို့ကြီးများတွင်သာမက နယ်ဒေသများ၌ပါ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်နေ
Published 7 May 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးသည့် ပြည်ပ စတော့အိတ်ချိန်း ဝန်ဆောင်မှုကုမ္ပဏီများသည် မြို့ကြီးများတွင်သာမက နယ်ဘက်ဒေသများတွင်ပါ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါကုမ္ပဏီများ၏ လက်ရှိဦးတည်သော ဖောက်သည်များမှာ ရန်ကုန်မြို့မှဖြစ်ပြီး ၎င်းတို့ကို စိတ်ဝင်စား ဆက်သွယ်မှုများရှိလာသဖြင့် မန္တလေး၊ မုံရွာ စသည့်မြို့များသို့ပါ သွားရောက်ကာ ပြည်ပစတော့အိတ်ချိန်းတွင် မည်သို့ ဝင်ရောက်အရောင်းအဝယ် ပြုနိုင်သည်ကို လေ့ကျင့်ပေးသွားရန် အစီအစဉ်ရှိကြောင်း ပြည်ပစတော့အိတ်ချိန်း ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဝန်ဆောင်မှု ကုမ္ပဏီများမှာ ဒေသတွင်း စတော့အိတ်ချိန်းများရှိ ရေနံ၊ ရွှေ၊ ငွေကြေးနှင့် ကုန်စည်ဈေးကွက်များထံသို့ အရောင်းအဝယ်လုပ်ပေးပြီး အရောင်းအဝယ် လုပ်သည့် ငွေကြေးပမာဏပေါ် မူတည်ကာ ဝန်ဆောင်ခအဖြစ် ငွေကြေးကော်မရှင် ယူကြခြင်းဖြစ်သည်။
မြန်မာပြည်တွင်းတွင် လာရောက် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ ဟောင်ကောင်၊ နယူးဇီလန်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများမှာ စတော့အိတ်ချိန်းများတွင် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများဖြစ်ပြီး မြန်မာဈေးကွက် အတွင်းသို့ ကုမ္ပဏီခြောက်ခုခန့် ရောက်ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် Future Exchange ဈေးကွက်လုပ်ကိုင်ခွင့် ပြုထားခြင်းမရှိသလို၊ ဥပဒေလည်းမရှိသေးဘဲ ၎င်းတို့မှာ အကြံပေး ကုမ္ပဏီအသွင်ယူကာ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း အဆိုပါဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ နေသူများထံမှ သိရသည်။
အဆိုပါ Future Exchange ဈေးကွက်တွင် ဝင်ရောက်ကစားရန် ပွဲစားကုမ္ပဏီများ တွင် ဒေါ်လာ ၃၀၀၀ မှ ဒေါ်လာ ၁၀၀၀၀ အနိမ့်ဆုံးထည့်သွင်းကာ စာရင်းဖွင့်ထားရသည်ဟု သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိကာ ဝန်ဆောင်မှုပေးနေသော ပြည်ပစတော့အိတ်ချိန်းဝန်ဆောင်မှု ကုမ္ပဏီများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် ဝန်ဆောင်မှုကုမ္ပဏီ အမျိုးအစားအဖြစ်သာ မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ရန် လိုင်စင်ချထားပေးခြင်းမရှိကြောင်း မြန်မာနိုင်ငံငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SECM မှ သိရသည်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လဲလှယ် ရောင်းဝယ်ရေး ဥပဒေတွင်လည်း ထိုသို့စတော့အိတ်ချိန်းနှင့် အလားသဏ္ဌာန်တူသည့် လုပ်ငန်းများကို ခွင့်ပြုချက်မဲ့ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိဘဲ လုပ်ဆောင်ပါက ရဲအရေးပိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။