၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် မာန်အောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီတွင်းစာရင်းပေးသွင်းထား

၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် မာန်အောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီတွင်းစာရင်းပေးသွင်းထား
Published 5 May 2015
ကျော်ဇင်ဝင်း

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် မာန်အောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီတွင်းကိုယ်စားလှယ်လောင်းအဖြစ် စာရင်းပေးသွင်းထားကြောင်း သတင်းရရှိသည်။ထိုသို့ ပြည်နယ်လွှတ်တော်၌ ဝင်ရောက်ယှဉ်ပြိုင်ရန်ရွေးချယ်ရခြင်းမှာ ပြည်ထောင်စုထက် ပြည်နယ်ကို အဓိကအာရုံစိုက်လုပ်ဆောင်လို၍ဖြစ်ကြောင်း၊ မာန်အောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ခြင်းမှာလည်း မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်၏ အလယ်ဗဟိုတွင်ရှိပြီး မာန်အောင်ကျွန်းဧရိယာသည် စင်ကာပူနိုင်ငံဧရိယာထက် ပိုမိုကြီးမားသောကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ပိုင်းကာလများတွင် အဓိကကျလာမည့် ဒေသတစ်ခုဖြစ်လာနိုင်သဖြင့် မာန်အောင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။"မာန်အောင်ဆိုတာကတော့ အောင်မြင်ခြင်းရဲ့အတိတ်နိမိတ်လည်းရှိတယ်။ အမည်လည်းကောင်းတယ်။ အခရာလည်းကျတယ်။ အဲဒီဘက်ကမိတ်ဆွေကလည်း ကျွန်တော့်ကိုလမ်းပြပါတယ်။ အဲဒီတော့ ကျွန်တော်ပြိုင်ဖို့လုပ်တော့ လှမ်းဖိတ်ကြတယ်။ အများကြီးပဲ။ ကျောက်တော်ဘက်ကိုတင်ဖို့ဖိတ်တယ်။ စစ်တွေမှာတင်ဖို့ကိုလည်းပဲ မြို့နယ်ပါတီက ကျွန်တော့်ကိုဖိတ်ခေါ်တယ်။ ကျွန်တော်စစ်တွေကိုရှောင်ပါတယ်။ မာန်အောင်ကလည်းဖိတ်ခေါ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်မာန်အောင်ကိုရွေးတယ်။ အခုအကုန်တင်ပြီးပါပြီ။ ဒါပေမဲ့ ဒါကျွန်တော်တင်ထားဆဲပါပဲ။ ပါတီကရွေးချယ်ရေးကော်မတီရဲ့သဘောထားနဲ့ ကြေညာမယ့်ရက်ကတော့ စောင့်ရဦးမှာပေါ့" ဟု ဒေါက်တာအေးမောင်ကပြောကြားသည်။ရခိုင်အမျိုးသားပါတီတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းလက်ခံခြင်းအား ဧပြီ ၃၀ ရက်တွင် နောက်ဆုံးထားလက်ခံခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူဦးရေ ၂၀၀ ကျော်ရှိကာ အများစုမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းကြကြောင်း သိရသည်။ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီအဖြစ် ရခိုင်တိုင်းရင်းသားပါတီနှစ်ခု မပူးပေါင်းစဉ်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရကာ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးတွင် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုပါဝင်ခွင့်ရရှိထားသူ တစ်ဦးလည်းဖြစ်သည်။အလားတူ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် (ယခင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ) ဦးအေးသာအောင်က ၎င်းအနေဖြင့် မူလကရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိသော်လည်း သံဃာတော်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၏ တိုက်တွန်းမှု၊ မဲဆန္ဒနယ်မှ ပြည်သူများ၏တောင်းဆိုမှုတို့ကြောင့် မိမိ၏ဇာတိမြေပုံမြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီတွင်းစာရင်းပေးသွင်းထားကြောင်း သိရသည်။ရခိုင်အမျိုးသားပါတီကို ရခိုင်တိုင်းရင်းသားနှစ်ပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့အား ပူးပေါင်း၍ တစ်ပါတီလျှင် ကိုယ်စားလှယ် ၄၅ ဦးစီဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး  ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ပါတီညီလာခံကျင်းပခဲ့ကာ ဗဟိုအလုပ်အမှုဆောင် ၃၉ ဦးရွေးချယ်၍ ပါတီလုပ်ငန်းစဉ်များဆောင်ရွက်နေခြင်းဖြစ်သည်။ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင်း၌ မြို့နယ် ၁၇ ခုတွင် ပြည်သူ့လွှတ်တော် ၁၇ နေရာ၊  အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာတို့အတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၃ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာနှင့် ငပုတောမြို့နယ်၊ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။