‘‘ဝ’’ ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုထားမှု ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု ‘‘ဝ’’ အဖွဲ့ ဗဟိုရုံးအတွင်းရေးမှူး ပြောကြား

‘‘ဝ’’ ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုထားမှု ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု ‘‘ဝ’’ အဖွဲ့ ဗဟိုရုံးအတွင်းရေးမှူး ပြောကြား
Published 5 May 2015

ရှမ်းပြည်နယ်အတွင်းရှိ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ‘ဝ’ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ကျင်းပစဉ်ကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပြည်နယ်သတ်မှတ်ပေးရေး ဥပဒေအရ ဆောင်ရွက်မည်ဟု ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။‘ဝ’အဖွဲ့၏ အုပ်ချုပ်မှု၊ တည်ဆောက်မှုအောက်တွင် ‘ဝ’ ဒေသသည် ဖွံ့ဖြိုးလာပြီ ဖြစ်သည့်အတွက် ပြည်နယ်သတ်မှတ်ပေးရေးအတွက် ဥပဒေအရဖြစ်စေ၊ ပြည်သူလူထု နားလည်မှု ဘက်ကနေဖြစ်စေ နည်းလမ်းများ သုံးသွားရမည်ဟု ၎င်းကဆိုသည်။‘ဝ’ ပြည်နယ် သတ်မှတ်ပေးရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဦးအောင်မြင့်က ‘ဝ’ ကနေပြီး ပြည်နယ်တောင်းတဲ့ ကိစ္စက ၉၃ ခုနှစ် အမျိုးသားညီလာခံ စခေါ်ကတည်းက ကျွန်တော်တို့ ‘ဝ’ က ညီလာခံမှာ စာတမ်းတင်ထားတယ်။ ကျွန်တော်ကိုယ်တိုင် သဘာပတိရဲ့ အစီအစဉ်အရ အဖွဲ့အစည်းရဲ့ကိုယ်စား ညီလာခံဇာတ်ခုံမှာ ကျွန်တော်ကိုယ်တိုင် သွားပြီးတော့ ဖတ်ကြားတင်သွင်းတာ ဖြစ်တယ်။ ဒါကြောင့်မို့ အခုမှ မဟုတ်ဘူး။ တချို့ကလည်း မသိကြလို့ပါ။ အခုမှ ဘာလို့တင်ကြလဲ၊ တောင်းကြလဲ။ မဟုတ်ဘူး ဟိုအချိန်ကတည်းက တင်တာ။ ၉၃ ကတည်းက တင်တာ။ တောင်းတယ်၊ မတောင်းဘူးဆိုတာ ကိုယ့်ဆန္ဒပါ။ ပြည်သူ့ဆန္ဒပါ။ ဒေသပြည်သူ့ဆန္ဒပါ။ ပေးတယ်၊ မပေးဘူးဆိုတာက အစိုးရအပိုင်း။ လွှတ်တော်ကအပိုင်း။ အရင်ကတော့ လွှတ်တော်မရှိဘူး။ အခုကတော့ လွှတ်တော်ရှိလာပြီ။ လွှတ်တော်မှာကလည်း အခု တိုင်းပြည်မှာက တရားဥပဒေမှာက လွှတ်တော်ရှိတယ်။ အစိုးရက အုပ်ချုပ်ရေးရှိတယ်။ တပ်မတော်က နိုင်ငံတော်ရဲ့ လုံခြုံမှု။ ဒါက သုံးဦးသုံးဖက် သုံးဖလှယ် ရှိတာကိုး။ ဒီတော့ ဒီကိစ္စတွေက တစ်ဖြည်းဖြည်း ညှိသွားရမယ့် ကိစ္စတွေပါ’’ ဟု ပြောကြားသည်။UWSP/UWSA အနေဖြင့် ၎င်းတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပန်ဆန်းတိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအကြား ညီညွတ်ရေး အပါအဝင် ‘ဝ’ ပြည်နယ် ပေါ်ထွန်းလာရေး ကိစ္စများကို တင်ပြဆွေးနွေးခဲ့ပြီး တိုင်းရင်းသားအဖွဲ့အစည်းများ၏ ထောက်ခံပေးမှုကို တောင်းဆိုခဲ့သည်။ဦးအောင်မြင့်က ‘‘ကျွန်တော်တို့ ဒီအစည်းအဝေးမှာလည်း ‘ဝ’ အဖွဲ့အစည်း အနေနဲ့ ဆွေးနွေးတာရှိတယ်။ ဆိုလိုတာက အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့၊ တည်ရှိနေတဲ့ ပြဿနာတွေ၊ ကိစ္စတွေ ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင် ဒါဟာ သမိုင်းအကြောင်းအရင်း ရှိတယ်။ လက်တွေ့အကြောင်းအရင်းရှိတယ်။ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုရင် အခြေခံဥပဒေ မပြင်ရင် ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စ။ ဒါကြောင့်မို့ ဒီကိစ္စလေးကိုတော့ အားလုံးက သဘောတူကြတယ်။ အမြင်ချင်းတူတယ်’’ ဟု ပြောကြားသည်။‘ဝ’ အဖွဲ့၏ ပြည်နယ်တောင်းဆိုမှုနှင့် ပတ်သက်ပြီး ကန့်ကွက်မှုကို မကြားမိကြောင်း၊ ‘ဝ’ အဖွဲ့၏ ပြည်နယ်တောင်းဆိုမှုကို ထောက်ခံသည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာက ပြောကြားသည်။ဦးနိုင်ဟံသာက ‘‘ကျွန်တော်တို့ကတော့ ထောက်ခံတယ်။ သဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နယ်က သီးသန့်လိုဖြစ်နေတာလေ။ လက်ရှိအရလည်း သူတို့ရဲ့တပ်နဲ့ သူတို့ရဲ့ စီးပွားရေးနဲ့ ကောင်းကောင်းမွန်မွန် ထိန်းထားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတော့ ဒါကို အသိအမှတ်ပြုလုပ်လို့ ဘာမှထိခိုက်စရာ မရှိဘူး။ ပိုပြီးတော့တောင် သူတို့အနေနဲ့ ကျွန်တော်တို့ ပြည်ထောင်စုထဲမှာ ယုံကြည်စိတ်ချစွာနဲ့ ပိုပြီးတော့ ခိုင်ခိုင်မာမာ ပါဝင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်’’ ဟု ပြောကြားသည်။

Most Read

Most Recent