အာဆီယံစီးပွားရေး အသိုက်အဝန်း စတင်ချိန် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းနေရာများအတွက် တောင်းဆိုမှုများ မြင့်တက်နိုင်

အာဆီယံစီးပွားရေး အသိုက်အဝန်း စတင်ချိန် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းနေရာများအတွက် တောင်းဆိုမှုများ မြင့်တက်နိုင်
Published 30 April 2015
နွဲ့ယဉ်အေး၊ နီလာ

အာဆီယံစီးပွားရေး အသိုက်အဝန်း စတင်ချိန်တွင် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းနေရာများအတွက် တောင်းဆိုမှုများ မြင့်တက်လာနိုင်ကြောင်း အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဆိုက် House.com.mm ၏ လေ့လာသုံးသပ်ချက်အရ သိရသည်။၂၀၁၅ ခုနှစ်အကုန်တွင် အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ရေးဇုန်အဖြစ် ဖော်ဆောင်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းကို စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ကနဦးအနေဖြင့် ကုန်စည်များ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှု၊ အကောက်ခွန်နှုန်းထားများ ပယ်ဖျက်လျော့ချမှု၊ လုပ်သားစုများ နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နိုင်မှုများကို အာဆီယံစီးပွားရေး အသိုက်အဝန်းအတွင်း လုပ်ဆောင်နိုင်ရန် သဘောတူညီထားကြသော်လည်း အကောက်ခွန်နှုန်းတားများ ဖြေလျော့ခြင်းကိုသာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အခြားသော သဘောတူညီမှုများကို အကောင်အထည်ဖော်နိုင်ဦးမည် မဟုတ်ဘဲ နိုင်ငံတစ်ခုချင်းစီ၏ အကျိုးစီးပွားနှင့် အာဆီယံဒေသတွင်း အကျိုးစီးပွားတို့ကို ဟန်ချက်ညီညီ ထိန်းညှိပြီး စီးပွားရေးအသိုက်အဝန်း ထူထောင်မှုအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။အာဆီယံစီးပွားရေး အသိုက်အဝန်း ထူထောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အခွင့်အလမ်းကောင်းများကို ဖြစ်ပေါ်စေနိုင်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်လျက်ရှိသည်။အဆိုပါ အချက်များကြောင့် မြန်မာနိုင်ငံအတွင်း လာရောက်အခြေချ လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းသုံးနေရာများ လိုအပ်ချက် မြင့်တက်လာမည်ဖြစ်သည်။မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးကွက်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်ခြင်း မရှိသေးဘဲ အာဆီယံဒေသအတွင်းတွင် စီးပွားရေးလုပ်ငန်းသုံးနေရာ အနည်းဆုံးဖြစ်ပြီး ရန်ကုန်မြို့တွင် စတုရန်းမီတာပေါင်း ၁၀၇၀၀၀ သာရှိကြောင်း သိရသည်။ထို့ပြင် အာဆီယံစီးပွားရေး အသိုက်အဝန်း ထူထောင်မှုကြောင့် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာ မကဘဲ အခြားမြို့ကြီးများတွင်ပါ အိမ်ခြံမြေဈေးကွက် တိုးတက်ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးများ ကြီးမြင့်နေခြင်းမှာ အခြားရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းများ နည်းပါးနေခြင်းနှင့် ငွေကြေးခဝါချမှုများကြောင့်ဖြစ်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း ထူထောင်ပါက ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သဖြင့် ဈေးကွက်တည်ငြိမ်လာနိုင်ကြောင်း သိရသည်။“အာဆီယံစီးပွားရေး အသိုက်အဝန်းဟာ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး အိမ်ခြံမြေဈေးကွက်အတွက်လည်း ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။ ဒါပေမဲ့ ဒီအခွင့်အလမ်းတွေကို အပြည့်အ၀ ရယူနိုင်ဖို့အတွက် မြန်မာနိုင်ငံ အနေနဲ့ အချို့သော အရာတွေကို လုပ်ဆောင်ဖို့လို အပ်နေပါတယ်။ တည်ငြိမ်မျှတတဲ့ အိမ်ခြံမြေဈေးကွက် ဖော်ဆောင်ဖို့နဲ့ ကွန်ဒိုမီနီယံ ဥပဒေကိစ္စရပ်တွေကို ပြဋ္ဌာန်းနိုင်ဖို့ဟာ အရင်ကထက်ပိုပြီးတော့ အရေးပါနေပါပြီ” ဟု House.com.mm ၏ မန်နေးဂျင်းဒါရိုက်တာ ဂျန်ဆွမ်းမားဖဒ်က ပြောကြားသည်။မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးကွက်အတွင်း ဈေးနှုန်းများ အလွန်မြင့်မားလျက်ရှိပြီး ရင်းနှီးမြှုပ်နှံရန် ဝယ်ယူထားသူများကလည်း အမြတ်အစွန်း ရရှိရန် အချိန်ကြာမြင့်စွာ ကိုင်ဆောင်ထားကြသည်။ အခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပေါ်ပေါက်လာပါက အချိန်ကြာမြင့်စွာ ရင်းနှီးမြှုပ်နှံထားရသော အိမ်ခြံမြေဈေးကွက်ထက် ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်သည်။

Most Read

Most Recent