အရိပ်

အရိပ်
Published 28 April 2015
မောင်ကြည်

အိမ်ရှေ့တံခါးပေါက်ရှိ အတက်အဆင်းလုပ်သည့် ဖိနပ်ချွတ်နေရာ၌ ပက်လက်ကုလားထိုင်ကို ချလိုက်သည်။ ထို့နောက် ကျွန်တော်စာဖတ်ဖို့ ပြင်လိုက်ပါသည်။ စာနှစ်မျက်နှာလာက် ဖတ်ပြီးနောက် အိုက်စပ်စပ်ဖြစ်လာသည်။ လေကလည်း မတိုက်။ အပေါ် ကလည်းပူ အောက်ကလည်းပူ။ အိမ်ရှေ့ဘက် လှမ်းကြည့်လိုက်သောအခါ ကွန်ကရစ်ခင်းထားသည့် လမ်းမက နေရောင်ကြောင့် မျက်စိကျိန်းလောက်အောင် အပူတွေ တရှိန်ရှိန်ထနေသည်။ အိမ်ရှေ့ကွန်ကရစ်လမ်းမှ အိမ်အဝင်သို့ သဲအိတ်များ ခင်းထားသည်။ သဲထည့်ထားသည့် ဆာလာအိတ်များကိုကြည့်ရတာလည်း မျက်စိကျိန်းလှသည်။
 
အပေါ်ကိုမော့ကြည့်တော့ ကျွန်တော်တို့အိမ် တံစက်မြိတ်က တော်တော်နိမ့်သည်။ ဓနိမိုးထားသော်လည်း ဓနိပေါ်မှာ သွပ်ကို ထပ်မိုးထားသည်မို့ သွပ်အပူက ဓနိထဲဖောက်ပြီး အိမ်ထဲမှာ ပူလောင်အိုက်စပ်နေသည်။ ခြံဝင်းထဲလှမ်းကြည့်တော့လည်း အဆင်မပြေ။ ယခင်က အိမ်ရှေ့ခြံထောင့်မှာ အုန်းပင်ရှိသည်။ အုန်းပင်နှင့်ကပ်လျက် သရက်ပင်ရှိသည်။ အိမ်ခြေရင်းဘက်မှာ တမာပင် တစ်ပင်ရှိသေးသည်။ ခု ၎င်းအပင်သုံးပင်စလုံး အခုတ်ခံလိုက်ရသည်။ ခြံဝင်းထဲဆင်းကာ စာဖတ်ချင်သော်လည်း အရိပ်ရပင်များ ကင်းမဲ့နေသောကြောင့် နေရောင်စူးစူးကသာ စိုးမိုးမင်းမူနေတော့သည်။ နာဂစ်ဖြစ်တုန်းက ကျွန်တော်တို့အိမ် အနောက်ဘက်ရှိ မန်ကျည်းပင်ကြီး လဲကျသွားတာ တော်တော်နှမြောဖို့ ကောင်းသည်။ 
မန်ကျည်းပင်တစ်ပင် ကောင်းကောင်းဖြစ်ဖို့ နှစ်တွေအများကြီး ယူခဲ့ရသည်။ ထိုမန်ကျည်းပင်ကြီး ရှိတုန်းကတော့ ကျွန်တော်တို့အိမ်ကို အုပ်မိုးပေးထားသည့်အပြင် မန်ကျည်းရွက်နှင့် မန်ကျည်းသီးပါ ဟင်းစားပေးခဲ့သည်ကို သတိရမိသေးတော့သည်။ အခုတော့ ကျွန်တော်တို့အိမ် ပတ်ပတ်လည်က အပင်တွေ ပြုတ်ပြုတ်ပြုန်းကုန်ပြီ။ အပင်တွေ မရှိတော့ အရိပ်တွေကင်းမဲ့သွားသည်။  အရိပ်တွေ ကင်းမဲ့သွားသောကြောင့် ခုလိုနွေခေါင်ခေါင် အချိန်မျိုးဆိုလျှင် ဘယ်သွားနေရမှန်းမသိအောင် ပူပြင်းလောင်မြိုက်နေပါတော့သည်။
 
နေ့လယ်နေ့ခင်း အေးအေးလူလူ စာဖတ်ချင်နေသော ကျွန်တော့်စိတ်ကူးတွေ ဘယ်ဆီသို့ ထွက်ပြေးကုန်ပြီမသိ။ ချစ်ချစ်တောက် ပူလောင်နေသော နေရောင်အောက်မှာ အရိပ်တွေ ပျောက်ဆုံးနေပြီကော။ “ရေဘူးနဲ့ ဖိနပ်မပါ နွေခါမှသိမည်” ဟု ပြောကြသည်။ ခုတော့ “သစ်ပင်ရိပ်အေးမြတာကို သစ်ပင်တွေမရှိမှ သိမည်” ဟုပြောရမလိုဖြစ်နေပြီ။ ဒါ ကျွန်တော့်တစ်အိမ်တည်းကိုကြည့်ပြီး ပြောခြင်းဖြစ်သည်။ တကယ်တော့ ကျွန်တော့်အိမ်လို တခြားအိမ်တွေလည်း အတူတူပါပဲ။ ထိုကဲ့သို့ တစ်အိမ်ချင်း အရိပ်တွေကင်းမဲ့သွားခြင်းသည် အိမ်များဖြင့် ဖွဲ့စည်းထားသော  တစ်လမ်းလုံး အရိပ်ကင်းမဲ့သွားခြင်းနဲ့ အတူတူပါပဲ။ ထိုအခါ လမ်းများဖြင့် ဖွဲ့စည်းထားသော ရပ်ကွက်များ၊ ရပ်ကွက်များဖြင့် ဖွဲ့စည်းထားသော မြို့များ၊ မြို့များဖြင့် ဖွဲ့စည်းထားသော ပြည်နယ်နှင့်တိုင်းများ၊ ပြည်နယ်တိုင်းများဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအထိ အရိပ်ကင်းမဲ့သွားခြင်းနဲ့ အတူတူပါပဲ။ ကျွန်တော့်အတွေးသည် အိမ်တစ်အိမ်မှ တစ်နိုင်ငံလုံးအထိ ဖြန့်ကြက်သွားပါသည်။
 
ရန်ကုန်မြို့ထဲသို့ တစ်လကို သုံးခေါက်လောက် သွားဖြစ်သည်။ ရန်ကုန်မြို့သည် တစ်ခေါက်ထက် တစ်ခေါက် ပိုပိုပြီးပူလာသလို ခံစားရသည်။ မြို့ထဲရောက်လျှင် ဘယ်မှာအရိပ်ခိုရမှန်းမသိ။ အပင်တွေက ဗလာနတ္ထိ။ ရှိသည့်အပင်တွေကလည်း အရွက်ကျိုးတိုးကျဲတဲ။ 
ထိုအခါ တိုက်ကြိုတိုက်ကြားများသို့သာ ပြေးလွှားခိုအောင်းရတော့သည်။ ဆောက်လက်စတိုက်များ၊ မိုးမျှော်အဆောက်အအုံများ၊ ဟိုတယ်များ၊ စူပါမားကတ်များကြားထဲမှာ အပင်တွေ ပျောက်ဆုံးနေကြသည်။ အဆိုပါ အဆောက်အအုံများအတွက် ကျွန်တော်တို့သည် သစ်ပင်တွေကို ခုတ်လှဲလိုက်ရခြင်းသည် အခါခပ်သိမ်း မှန်ကန်နိုင်ပါ့မလား။ သစ်ပင်တွေကို ရှောင်ကွင်း၍ အကိုင်းအခက်များကို ဖယ်ရှား၍ သစ်ပင်အတွက် နေရာသီးသန့်ချန်လှပ်၍ လုပ်ဆောင်သော် မရကောင်းပါသလောဟု တွေးမိသည်။ ခေတ်မီမြို့ပြတစ်ခုဖြစ်တည်ဖို့ ကျွန်တော်တို့သည် သစ်ပင်များကို စတေးမြှုပ်နှံလိုက်ခြင်းသည် တရားမျှတရာရောက်ပါ့မလား။ ကျွန်တော်ကတော့ (စိတ်ကူးယဉ်သည်ဟု ဆိုချင်ဆိုပါ) သစ်ပင်များနှင့် စိမ်းစိုသာယာနေသည့် ခေတ်မီမြို့ပြမျိုးကို ဖြစ်စေချင်ရှိစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သစ်ပင်၏ အလှတရားနှင့် အရိပ်အာဝါသကို ဆက်လက်ထိန်းသိမ်းထားစေလိုသောကြောင့် ဖြစ်သည်။
 
မုံရွာကို ခရီးထွက်ခဲ့စဉ်က တစ်ရွာနဲ့တစ်ရွာအကူး ရွာဦးထိပ်တိုင်းလိုလိုမှာ တွေ့ရသည့် အရိပ်ကောင်းသောညောင်ပင်များ၊ မန်းကျည်ပင်များ၊ ကုက္ကိုပင်များကိုကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ ချမ်းမြေ့ကြည်နူးခဲ့ရတာကို မှတ်မိနေသေးသည်။ အဆိုပါ နှစ်ရှည်သစ်ပင်ကြီးများ ဘယ်အချိန်ထိ သက်ဆိုးရှည်နေဦးမည်တော့ မသိပါ။ သို့သော်  အဆိုပါသစ်ပင်ကြီးများလည်း တစ်စတစ်စ နှင့် တဖြည်းဖြည်းလျော့နည်းလာသည်ကတော့ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ သစ်တောဧရိယာက ၁၉ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု သတင်းစာထဲမှာ ဖတ်လိုက်ရသောကြောင့်ဖြစ်သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သစ်ရိပ်ဝါးရိပ်တွေ တဖြည်းဖြည်းရှားပါးကာ ပျောက်ဆုံးလုလုအနေအထားကို ဦးတည်နေပြီဆိုတာကတော့ ဘယ်သူမှမငြင်းနိုင်သော အမှန်တရားဖြစ်ပါသည်။
 
တကယ်တော့ သစ်ပင်များသည် တခြားဘာအရိပ်နဲ့မှ မတူအောင် အေးမြမှုကိုပေးစွမ်းနိုင်ပါသည်။ ခေတ်မီနည်းပညာများဖြင့် ဖန်တီးထားသော အဲယားကွန်းသည် ကျွန်တော်တို့အားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်ပါပေသည်ဟု အာမမခံနိုင်ပါ။ နေဒဏ် မိုးဒဏ် ကာကွယ်ပေးနိုင်သည့် ထီးများ၊ ဦးထုပ်များ၊ မိုးကာများသည်လည်း သစ်ပင်ရိပ်လောက် အေးမြနွေးထွေးမှုကို မပေးစွမ်းနိုင်ပါ။ သို့သော် အခုခါမှာတော့ ကျွန်တော်တို့သည် သဘာဝကပေးထားသည့် အရိပ်များ ကို ဖြိုလှဲပစ်လိုက်သောကြောင့် နည်းပညာဖြင့် ဖန်တီးထားသော အရိပ်များဖြင့်သာ မိမိကိုယ်ကိုယ် လှည့်စားရင်း ကျေနပ်နေရပေတော့သည်။ သဘာဝတရား၏ လက်ဆောင်မွန်ဖြစ်သော အရိပ်စစ်များကို တန်ဖိုးမထားလေသမျှ ကာလပတ်လုံး အရိပ်တုများကြားမှာသာ ကျွန်တော်တို့ဘဝတွေ အချိန်တွေ ကုန်ဆုံး ပျော်ဝင်သွားပေဦးတော့မည်။
 
စာပေကျမ်းဂန်များထဲမှာလည်း (၁) ဘုရားအရိပ် (၂) ဆရာ့အရိပ် (၃) မင်းအရိပ် (၄) ဆွေမျိုးမိဘအရိပ် (၅) သစ်ပင်အရိပ် ဟူ၍ အရိပ်ငါးပါးရှိကြောင်း မှတ်သားခဲ့ရဖူးပါသည်။ သစ်ပင်ရိပ်ထက် ဆွေမျိုးမိဘအရိပ်ကသာသည်။ ထို့ထက် မင်းအရိပ်က သာသည်။ ထို့ထက် ဆရာ့အရိပ်က သာသည်။ ထို့ထက် ဘုရားအရိပ်က အသာဆုံး အမြတ်ဆုံးဖြစ်သည်ဟု ဆိုကြပါသည်။
 
ကျွန်တော်သည် အဆိုပါ အရိပ်ငါးပါးထဲမှ နံပါတ် ၃ ဖြစ်သည့် မင်းအရိပ်ကို အနည်းငယ် စိတ်ဝင်စားသွားပါသည်။ အစိုးရမင်းများကို ဘာကြောင့် အရိပ်နှင့် ခိုင်းနှိုင်းကာ တင်စားရပါသနည်း။ အေးမြမှု၊ နွေးထွေး မှု၊ လုံခြုံမှုပေးစွမ်းသည့် အချက်များတွင် တူညီနေသောကြောင့်သာ အရိပ်အာဝါသနှင့် ခိုင်းနှိုင်းထားခြင်းဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် အဘယ်ကဲ့သို့ အေးမြနွေးထွေးလုံခြုံမှုကို ပေးစွမ်းနိုင်ပါသနည်း။ ဥပမာ-တိုင်းတစ်ပါးသား တစ်ယောက်က ကျွန်တော်တို့နိုင်ငံသားတစ်ယောက်ကို မတရားနှိပ်စက်ညှဉ်းပန်း အနိုင်ကျင့်နေသည်ဆိုပါစို့။ ထိုကိစ္စမျိုးကို သစ်ပင်ရိပ်က မတတ်နိုင်။ ဆွေမျိုးမိဘကလည်း မကယ်နိုင်။ သို့သော် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် အစိုးရမင်းကတော့ မိမိနိုင်ငံသားဘက်ကနေ ခုခံကာကွယ်ပေးနိုင်သည့်သဘာမျိုး ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ 
ထို့ ကြောင့်သာလျှင် “မင်း” ကို “အရိပ်အာဝါသပေးသူ” အဖြစ်နံပါတ် ၃ မှာ ထည့်သွင်းထားခြင်း ဖြစ်ပေလိမ့်မည်။
 
သို့ဆိုလျှင် မိမိနိုင်ငံသားတို့ကို လုံခြုံအောင် နွေးထွေးအောင် အေးမြအောင် ကူညီစောင့်ရှောက်ခြင်းအားဖြင့် အရိပ်မိုးပေးရမည့်တာဝန်သည် အစိုးရ၏ တာဝန်ဟု  ဆိုရပါတော့မည်။ သို့မှသာ သူသည် အရိပ်ကောင်း အရိပ်စစ်ပီသပေလိမ့်မည်။ ထိုကဲ့သို့ မဟုတ်မူဘဲ မိမိနိုင်ငံသားတို့၏ အခွင့်အရေးကို လျစ်လျူရှုဥပေက္ခာပြုပြီး ကာကွယ်မှုလုံခြုံမှုမပေးသည့်အပြင် ကိုယ့်နိုင်ငံသား ဘက်မလိုက်ဘဲ သူများနိုင်ငံသားဘက်သို့သာ လိုက်ပါနေမည်ဆိုလျှင် ထိုကဲ့သို့သော အစိုးရမျိုးသည် “အရိပ်တု အရိပ်ယောင်” နှင့်တူသော အစိုးရမျိုးသာဖြစ်လိမ့်မည်ဟု ထင်ပါသည်။
 
တကယ်တော့ ကျွန်တော်တို့ဘဝမှာ ကိုယ်ခန္ဓာကို အေးမြနွေးထွေးစေသည့် သစ်ပင်ရိပ်ကဲ့သို့သော အရိပ်မျိုးရှိဖို့ လိုသလို တိုင်းသူပြည်သားတို့၏ စားဝတ်နေရေးပြေလည်စေဖို့ လုံခြုံပြီး ပျော်ရွှင်မှုပေးစွမ်းနိုင်သည့် အရိပ်အကောင်းမျိုးလည်း ရှိဖို့လိုအပ်သေးသည်ဟု ထင်မြင်ယူဆမိပါသည်။