နီပေါငလျင်ကြောင့် သေဆုံးသူဦးရေ ၂၅၀၀ ကျော်အထိ မြင့်တက်လာ

နီပေါငလျင်ကြောင့် သေဆုံးသူဦးရေ ၂၅၀၀ ကျော်အထိ မြင့်တက်လာ
Published 27 April 2015

နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူဦးရေမှာ ဧပြီ ၂၆ ရက်တွင် ၂၅၀၀ ကျော်သွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများသည်လည်း မြို့တော်ခတ္တမန္ဒူရှိ အပျက်အစီးများကြား၌ အသက်ရှင်ကျန်ရစ်သူများကို အပြင်းအထန် ရှာဖွေနေကြသည်။ ဧပြီ ၂၆ ရက်နေ့တွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ကြောက်လန့်တုန်လှုပ်နေကြသည့် မြို့တော်သူ မြို့တော်သားများသည်လည်း လမ်းမများပေါ်သို့ထွက်၍ တဲများထိုးကာ နေနေကြရသည်။ ငလျင်ဒဏ်သင့် လူနာများကို အလုံအလောက် ကုသနိုင်ရန် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် ဆေးရုံများ၏ပြင်ပတွင် တဲများထပ်မံထိုးထားကြရသည်။ ငလျင်လှုပ်ခတ်ခဲ့သော ဧပြီ ၂၅ ရက်က ပြိုကျခဲ့သည့် ကိုးထပ်မြင့်သော အထင်ကရ ဒါရဟာရမျှော်စင်ကြီး အပျက်အစီးများထဲတွင် သေဆုံးသူ တစ်ဒါဇင်ခန့်ကို ရှာတွေ့ခဲ့ကြကြောင်း သိရသည်။နီပေါငလျင်အတွက် ကူညီရန် ကမ်းလှမ်းမှုများသည် ကမ္ဘာတစ်ဝန်းမှ စုပြုံရောက်ရှိလာပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့ကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးမည်ဟု ကြေညာထားကြသည်။နီပေါငလျင်ကြောင့်ပင် အိန္ဒိယ၌ သေဆုံးသူဦးရေ ၅၃ ဦးရှိသည်ဟု အိန္ဒိယအစိုးရ အရာရှိများက ပြောကြားခဲ့ကာ တိဘက်ဒေသတွင်လည်း သေဆုံးသူ ၁၇ ဦးရှိသည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာန၌ ကြေညာခဲ့သည်။ဧပြီ ၂၅ ရက်က ငလျင်လှုပ်ပြီးနောက် ခတ္တမန္ဒူရှိ ပြိုကျနေသည့် အဆောက်အအုံတစ်ခုဘေးမှ လူများဖြတ်လျှောက်သွားစဉ်
မြို့တော်ခတ္တမန္ဒူမြောက်ဘက်ရှိ ငလျင်ဗဟိုချက် အနီးတွင်ရှိသော ကျေးရွာများအတွက် စိုးရိမ်ကြောင်း ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ခဲ့သည်။ကမ္ဘာ့မြေမျက်နှာပြင်အောက်မှ အိန္ဒိယနှင့် ယူရေးရှကျောက်လွှာကြီးများ၏ ပွတ်တိုက်မှုကြောင့် နီပေါအပါအဝင် အခြားဟိမဝန္တာဒေသတို့သည် မြေငလျင်လှုပ်ခတ်မှုများစွာနှင့် ကြုံတွေ့ရလေ့ရှိသည်။ 
ဧဝရတ်တောင်တွင် နှင်းတောင်ပြိုမှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးနီပေါတွင် လှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းထန်သည့် ငလျင်ကြီးကြောင့် ဧဝရတ်တောင်၌ နှင်းတောင်ပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ သေဆုံးသူ ၁၇ ဦးထက်မနည်း ရှိပြီဖြစ်သည်။ ထို့ကြောင့် ဧပြီ ၂၆ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရဟတ်ယာဉ်များသည် ဧဝရတ်တောင် အခြေစိုက်စခန်းသို့ ရောက်ရှိလာကြသည်။ ရာသီဥတု အခြေအနေမှာ ညတွင်းချင်း ပြန်လည်ကောင်းမွန်လာကာ နှင်းအနည်းငယ် ကျဆင်းမှုသာ ရှိနေပြီး နီပေါနိုင်ငံရှိ အခြေစိုက်စခန်းသို့ ရဟတ်ယာဉ်ခြောက်စင်း ရောက်ရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရတ်တောင်တက်ခွင့်များကို ထုတ်ပေးသော နီပေါခရီးသွားဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နှင်းတောင်ပြိုမှုကြောင့် သေဆုံးသူဦးရေသည် ၁၇ ဦးထက်မနည်း ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်သည်ဟု ဆိုခဲ့သည်။ တောင်တက်လမ်းပြတစ်ဦး၏ ပြောကြားချက်အရ ဒဏ်ရာရသူ ၄၀ ထက်မနည်းရှိပြီး လူပေါင်းမည်မျှ ပျောက်ဆုံးနေသည်ကို မသိရသေးဟု ဆိုခဲ့သည်။ ယခုသေဆုံးခဲ့သည့် ဧဝရတ်တောင်တက်သမား ၁၇ ဦးထဲတွင် ဂူဂဲကုမ္ပဏီမှ အမူဆောင်အရာရှိဖြစ်သူ ဒန်ဖရီဒင်ဘတ်လည်း ပါဝင်သည်ဟု သိရသည်။ယခုဖြစ်စဉ်သည် ဧဝရတ်တောင် သမိုင်းတွင် လူသေဆုံးမှုအများဆုံး ဘေးအန္တရာယ် ဖြစ်လာခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်အတိခန့်ကလည်း ဧဝရတ်တောင်၌ နှင်းတောင်ပြိုကျမှု တစ်ခုကြောင့်ပင် တောင်တက်လမ်းပြ ၁၆ ဦး သေဆုံးခဲ့ကြရသည်။Ref:AFP
 
သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံး ကမ္ဘာ့ငလျင်များလူရာချီ၍ သေဆုံးစေခဲ့သည့် အင်အား ၇ ဒသမ ၈ အဆင့်ရှိသော မြေငလျင်တစ်ခုသည် ဧပြီ ၂၅ ရက်က နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည်။ အောက်ဖော်ပြပါ ငလျင်များသည် ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်းက ကမ္ဘာတစ်ဝန်း၌ လှုပ်ခတ်ခဲ့သည့် လူသေဆုံးမှုအများဆုံး ငလျင်များဖြစ်သည်။၂၀၁၂ ခုနှစ် သြဂုတ် ၁၁ ရက် ။   ။ အီရတ်နိုင်ငံ တာဘာရစ်မြို့တွင် ပြင်းအား ၆ ဒသမ ၃ နှင့် ၆ ဒသမ ၄ အဆင့်ရှိသည့် ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၃၀၆ ဦးရှိပြီး ဒဏ်ရာရသူ ၃၀၀၀ ခန့်ရှိခဲ့သည်။၂၀၁၁ ခုနှစ် မတ် ၁၁ ရက် ။   ။ ပြင်းအား ၉ အဆင့်ရှိသည့် ပင်လယ်ရေအောက်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဆူနာမီလှိုင်းကြီး ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၈၉၀၀ နီးပါးကို သေစေခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းရှိ ဖူကူရှီမားဒိုင် အိချီနျူကလီးယားစက်ရုံလည်း ပျက်စီးခဲ့ကာ နျူကလီးယား ဘေးအန္တရာယ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက် ။   ။ တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံး သူဦးရေ ၆၀၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူ ၄၁၅၀ ထက်မနည်းရှိခဲ့သည်။၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက် ။   ။ ဟေတီနိုင်ငံတွင် ပြင်းအား ၇ အဆင့်ရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ သေဆုံးသူနှစ်သိန်းခွဲမှ သုံးသိန်းကြားအထိ ရှိခဲ့သည်။၂၀၁၀ ပြည်နှစ်၊ ဧပြီ ၁၄ ရက် ။   ။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကင်ဟိုင်းပြည်နယ်ရှိ ယူရှုစီရင်စုတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ သေဆုံး၊ ပျောက်ဆုံးသူ ၃၀၀၀ ရှိခဲ့သည်။၂၀၀၈ ခုနှစ် မေ ၁၂ ရက် ။   ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်တွင် ပြင်းအား ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးပျောက်ဆုံးသူ ၈၇၀၀၀ ကျော်ရှိခဲ့သည်။၂၀၀၆ ခုနှစ် မေ ၂၇ ရက် ။   ။ အင်ဒိုနီးရှားနိုင်ငံ ယိုဂျွာကာတာဒေသတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်တစ်ခုကြောင့် သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း ၁ ဒသမ ၅ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။၂၀၀၅ ခုနှစ် အောက်တိုဘာ ၈ ရက် ။   ။ ပါကစ္စတန်နိုင်ငံတွင် ၇ ဒသမ ၆ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၇၅၀၀၀ ကျော်ရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ၃ ဒသမ ၅ သန်းရှိခဲ့သည်။၂၀၀၅ ခုနှစ် မတ် ၂၈ ရက် ။   ။ အင်ဒိုနီးရှားနိုင်ငံ နီယာကျွန်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုကြောင့် သေဆုံးသူ ၉၀၀ ဝန်းကျင်ရှိခဲ့သည်။၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ။   ။ ဆူမတ်တြား ကျွန်းကမ်းလွန်တွင် ကြီးမားသော ရေအောက်ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ ဆူနာမီလှိုင်းကြီး ဖြစ်ပေါ်ခဲ့သည်။ ယင်းကြောင့် အိန္ဒိယသမုဒ္ဒရာဝန်းကျင် နိုင်ငံများမှ လူပေါင်း ၂၂၀၀၀၀ ကျော် သေဆုံးခဲ့ရပြီး အင်ဒိုနီးရှား တစ်နိုင်ငံတည်းမှာပင် သေဆုံးသူ ၁၆၈၀၀၀ ရှိခဲ့သည်။၂၀၀၃ ခုနှစ် မတ် ၂၈ ရက် ။   ။ အီရန်နိုင်ငံရှိ ဘမ်မြို့တွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၃၁၈၈၄ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ ၁၈၀၀၀ ခန့်ရှိခဲ့သည်။၂၀၀၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ။   ။ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိသော ငလျင်ကြီးတစ်ခုသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်တွင် လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၂၅၀၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၁၆၆၀၀၀ ခန့်ရှိခဲ့သည်။၁၉၉၃ ခုနှစ် စက်တင်ဘာ ၃၀ ရက် ။   ။ အိန္ဒိယပြည်နယ် မဟာရာ့ရှ်ထရာပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၇၆၀၁ ဦးရှိခဲ့သည်။၁၉၉၁ ခုနှစ် အောက်တိုဘာ ၂၀ ရက် ။   ။ အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်ခြေရှိ အူထရာပရာဒေ့ရှ် ပြည်နယ်တွင် အင်အား ၆ ဒသမ ၆ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၇၆၈ ဦးသေဆုံးခဲ့ရသည်။၁၉၈၈ ခုနှစ်၊ သြဂုတ် ၂၀ ရက် ။   ။ နီပေါနိုင်ငံ အရှေ့ပိုင်းတွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ရာ နီပေါနိုင်ငံတွင် သေဆုံးသူ ၇၂၁ ဦးနှင့် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် သေဆုံးသူ ၂၇၇ ဦးထက်မနည်း ရှိခဲ့သည်။၁၉၇၆ ခုနှစ် ဇူလိုင် ၂၈ ရက် ။   ။ တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေးပြည်နယ်ရှိ တန်ရှန်ဒေသတွင် ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ တရားဝင်စာရင်းရှိ သေဆုံးသူဦးရေ ၂၄၂၀၀၀ ဦးရှိခဲ့သည်။၁၉၃၄ ခုနှစ် ဇန်နဝါရီ ၁၅ရက် ။  ။ နီပေါအရှေ့ပိုင်းနှင့် အိန္ဒိယပြည်နယ် ဘီဟာတို့တွင် ပြင်းအား ၈ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၁၀၇၀၀ ဦးရှိခဲ့သည်။Ref:AFP

Most Read

Most Recent