တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာများကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အပြီးသတ်ဖြေရှင်းနိုင်ရန် ဆောင်ရွက်မည်ဟုဆို

တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာများကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အပြီးသတ်ဖြေရှင်းနိုင်ရန် ဆောင်ရွက်မည်ဟုဆို
Published 24 April 2015

တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာ များကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အပြီးသတ်ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးခိုင်မောင်ရည်က The Daily Eleven သို့ပြောကြားသည်။ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီတို့  မတ်လအတွင်း ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။"လယ်ယာမြေကော်မရှင်ရယ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ကဖွဲ့ထားတဲ့ မြေယာစီမံခန့်ခွဲမှုဗဟိုကော်မတီနဲ့တွေ့ဆုံပြီးတော့ အရင်ဆုံးတော့ မူဝါဒတစ်ခုချလိုက်တယ်။ ဘယ်လိုမူဝါဒလဲဆိုတော့ မြေယာစီမံခန့်ခွဲမှုဗဟိုကော်မတီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အစည်းတွေအပြင် တိုင်းဒေသကြီး ပြည်နယ်မြေယာစီမံခန့်ခွဲမှုကော်မတီနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စုကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဲဒီမှာပူးပေါင်းအဖွဲ့တွေ ဖွဲ့စည်းဖို့ မူဝါဒချလိုက်တယ်" ဟု လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လယ်ယာမြေပြဿ နာများကို အပြီးသတ်ဖြေရှင်းနိုင်ရန် ကြိုးစားသွားမည်ဟု ဦးခိုင်မောင်ရည်ကဆိုသည်။ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်သို့ ရောက်ရှိနေသည့် လယ်ယာမြေတိုင်ကြားစာများအပေါ်  အစိုးရအဖွဲ့က ဖြေရှင်းပေးမှုမှာ နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ထားသည်။  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာန ၁၉ ခုက သိမ်းထားသည့် လယ်ယာမြေပြဿနာအမှုပေါင်း ၁၀၆၆ မှုရှိကြောင်း သတင်းရရှိသည်။သီးခြားပြန်လည်စွန့်လွှတ်မည့်မြေများနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ မြေဧက ၁၅၉၄၅၀ ဒသမ ၄၄ ဧက၊ အခြားဝန်ကြီးဌာနများမှ ၃၉၅၆ ဒသမ ၆၁ ဧကနှင့်  ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းများမှ ၄၀၆၈၁ ဒသမ ၉၀ ဧကတို့ကို သက်ဆိုင်ရာပြည်သူများထံ ပြန်လည်လွှဲအပ်မည်ဟု မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။မြေယာပြဿနာများနှင့်ပတ်သက်၍ သက်ဆိုင်ရာပြည်သူလူထုထံသို့ ပြန်လည်စွန့်လွှတ်မည့် မြေဧကစုစုပေါင်းမှာ ၃၀၂၂၀၁  ဒသမ ၇၆၂ ဧကရှိပြီး လက်ရှိတွင် တောင်သူ ၂၃၂၁၁ ဦးထံသို့ မြေဧက ၁၄၁၁၅၄ ဒသမ ၆၀၂ ဧက လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း ဗဟိုကော်မတီကထုတ်ပြန်ထားသည်။ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်နှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီတို့ ပူးပေါင်းကာ နိုင်ငံအတွင်း ကျန်ရှိသည့်လယ်ယာမြေပြဿနာကို တစ်ခုချင်းစီ အပြီးသတ်ဖြေရှင်းရန် ဆောင်ရွက်နေကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။

Most Read

Most Recent