အနည်းဆုံးအခကြေးငွေနှုန်းထားကို အမြန်ဆုံးသတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အလုပ်သမားဝန်ကြီးဌာနအား ထပ်မံသတိပေး

အနည်းဆုံးအခကြေးငွေနှုန်းထားကို အမြန်ဆုံးသတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အလုပ်သမားဝန်ကြီးဌာနအား ထပ်မံသတိပေး
Published 24 April 2015
မျိုးမင်းထိုက်

အနည်းဆုံးအခကြေးငွေနှုန်းထားကို အမြန်ဆုံးသတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အလုပ်သမားဝန်ကြီးဌာနအား ထပ်မံသတိပေးပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ဧပြီ ၂၄ ရက်ကပြုလုပ်သည့် လွှတ်တော်နာယကနှင့် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်ရှင်၊ အလုပ်သမားတွေ့ဆုံပွဲ၌ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက အနည်းဆုံးအခကြေးငွေနှုန်းထားကို မေလကုန်ပိုင်းတွင် အကြမ်းဖျင်းထုတ်ပြန်မည်ဟု ပြောကြားသည်။ဆက်လက်ပြီး ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက အနည်းဆုံးအခကြေးငွေနှုန်းထားနှင့်ပတ်သက်၍  "သတ်မှတ်တဲ့ပုံစံ ငါးမျိုးလောက်ရှိပါတယ်။ အနည်းဆုံးအခကြေးငွေသတ်မှတ်တဲ့အခါမှာ ပုံစံငါးမျိုးထဲမှာ နိုင်ငံတစ်ဝန်းလုံးကို သတ်မှတ်မလား၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် သတ်မှတ်မလား။ လုပ်ငန်းအမျိုးအစားအလိုက်သတ်မှတ်မလား (ဥပမာ-အထည်ချုပ်တွေ၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေများစွာပါရှိပါတယ်)။ နောက်တစ်ခုက ကျွမ်းကျင်မှုအလိုက်သတ်မှတ်မလား။ ဒါမှမဟုတ်ရင်လည်း ဦးစားပေးလုပ်ငန်းအလိုက် သတ်မှတ်ကြမလား။ ဒါလေးတွေလည်း တွေ့ရပါတယ်" ဟုပြောကြားသည်။အနည်းဆုံး အခကြေးငွေနှုန်းထားသတ်မှတ်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "ငါးမျိုးစလုံးထည့်သွင်းစဉ်းစားရမယ်။ စဉ်းစားတဲ့အခါမှာ ဆွေးနွေးသွားပါတယ်။ ကျွန်တော်တို့ကြောင့်လားတော့မသိဘူး။ သို့မဟုတ် အရင်ကအစီအစဉ်ရှိလားမသိဘူး။ မနက်ဖြန်ကျလို့ရှိရင်တော့ အလုပ်ရှင်များနဲ့ဆွေးနွေးမယ်။ ပြောမယ်ဆိုရင် အဲဒီလိုဖြစ်အောင် ကျွန်တော်တို့ဒီလိုလုပ်တာပဲ။ နောက်တစ်ရက်ကျလို့ရှိရင် အလုပ်သမားတွေနဲ့ဆွေးနွေးမယ်။ အဲဒီလိုဖြစ်အောင်လုပ်တာ။ ဘာကြောင့်လဲ။ ကျွန်တော်တို့ အချိန်တွေတအားမစောင့်ချင်ဘူး။ အချိန်ကို စောင့်တိုင်းစောင့်တိုင်း ပြဿနာဖြစ်ဖို့ မီးမွှေးဖန်တီးပေးနေခြင်းပဲဖြစ်တယ်" ဟုပြောကြားသည်။အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဧပြီ  ၂၅ ရက်တွင် UMFCCI ၌ အလုပ်ရှင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဧပြီ ၂၆ ရက်တွင်လည်း အလုပ်သမားများနှင့်တွေ့ဆုံကာ အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။"ဒီနေရာမှာ ကျွန်တော်တို့က ဘာပဲလုပ်လုပ် အလုပ်တစ်ခုလုပ်တဲ့အခါမှာ ရာနှုန်းပြည့် အားလုံးကောင်းမသွားနိုင်ဘူး။ မပြည့်စုံနိုင်ဘူး။ လုပ်တဲ့အခါမှာ စဉ်းစားဉာဏ်အပြည့်အစုံနဲ့ မျှမျှတတစဉ်းစားပြီးလုပ်လိုက်ပါ။ မျှမျှတတဖြစ်အောင် ဟိုဘက်ဒီဘက်ဆွေးနွေးပြီးတော့ လုပ်လိုက်ပါ။ အဲဒါတွေအားလုံး ပြည့်စုံကောင်းမွန်အောင်လုပ်ရမယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိတော့ မှန်သွားလိမ့်မယ်" ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ဆက်လက်ပြီး သူရဦးရွှေမန်းက "လိုအပ်ချက်ရှိလို့ရှိရင် ပြန်လည်သုံးသပ်ပြီးတော့ ပြင်ပေးရမယ့်သဘောရှိတယ်။ အဲဒါကိုကြောက်နေပြီးတဲ့အခါမှာ လုပ်လိုက်လို့ရှိရင် မှားသွားမှာပဲ။ မှားသွားမယ်ဆိုရင် ဘယ်လိုမှလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒေါ်ဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်မှာနေပြီးသွားတဲ့ ဟိုတစ်နေ့က ကျွန်တော့်ဆီလာပြီးတော့ ဂါရဝပြုတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ဆူပြောတောင်ပြောလိုက်ပါတယ်။ ကြာတယ်။ ကျွန်တော် ဒီလိုတောင်ပြောလိုက်ပါတယ်။ ဒါအမှန်ပဲ။ စေတနာနဲ့ပါ။ ဒါကြောင့်မို့လို့ ဒါဆောင်ရွက်ပါ" ဟုပြောကြားသည်။"သတ္တိရှိရှိလုပ်ပါ၊ မှန်မှန်ကန်ကန်လုပ်ပါ၊ ရဲရဲတင်းတင်းလုပ်ပါ။ မျှမျှတတလုပ်ပါ။ ဘယ်ကိစ္စမဆို စံဆိုတာရှိတယ်။ စံမရှိဘူး၊ မတိုင်းတာနိုင်ဘူးဆိုရင် ပြဿနာ ဖြစ်ဖို့ဖန်တီးတာ။ အခုနပြောသွားတဲ့ လာမယ့်မေလမှာဆိုတဲ့အတွက် နောက်တစ်လဆိုရင်ပြီးပြီ။ ကျွန်တော့်ဘက်က အကြံပြုတင်ပြရမယ်ဆိုရင် စောလေကောင်းလေပဲ။ ဒါက ဒေါ်ဝင်းမော်ထွန်းကိုရှင်းပြတာ" ဟု သူရဦးရွှေမန်းကပြောကြားသည်။ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာရပ်များနှင့်ပတ်သက်၍ "ဒီနေ့ ဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်ကိုလည်း တကယ်တမ်းကျတော့ လက်တွေ့ကျကျနဲ့ ထိထိရောက်ရောက်ဖြေရှင်းပေးရမှာကတော့ ရန်ကုန်တိုင်းအစိုးရပဲဖြစ်ပါတယ်" ဟု သူရဦးရွှေမန်းကဆိုသည်။ပြည်ထောင်စုလွှတ်တော်နာယက  သူရဦးရွှေမန်းက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့်တွေ့ဆုံရာတွင် အနည်းဆုံးအခကြေးငွေနှုန်းထား မသတ်မှတ်နိုင်ခြင်းကြောင့် အလုပ်သမားပြဿနာများဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးသတ်မှတ်ပေးရန်လိုကြောင်း ပြောကြားသည်။