တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သော ညီလာခံကျင်းပနိုင်ရေးအတွက် ဧပြီ နောက်ဆုံးပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် NCCT အစည်းအဝေး ရွှေ့ဆိုင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သော ညီလာခံကျင်းပနိုင်ရေးအတွက် ဧပြီ နောက်ဆုံးပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် NCCT အစည်းအဝေး ရွှေ့ဆိုင်း
Published 24 April 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ၏ ခေါင်းဆောင်များဖြစ်သော အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ပဒိုစောကွယ်ထူးဝင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်တို့အားလုံး မေ ၁ ရက် မှ ၃ ရက်အထိ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) က ကြီးမှူးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံသို့ တက်ရောက်မည်ဖြစ်၍  NCCT ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပရေး ကိစ္စ ပန်ဆန်းမြို့၌ပင် ဆွေးနွေးမည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။
 
မူလက NCCT ၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံကျင်းပမည့်နေရာ သတ်မှတ်နိုင်ရေးအတွက် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ထိုင်းနိုင်ငံ၌ NCCT အဖွဲ့ အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသော်လည်း NCCT  ခေါင်းဆောင်များ ပန်ဆန်းညီလာခံ တက်ရောက်မည်ဖြစ်၍  အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
 
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ရွှေ့ဆိုင်းလိုက်တယ်ဗျ။  အချိန်မရှိ လူတွေက မအားကြလို့။ ပန်ဆန်းညီလာခံကို သွားကြဖို့ ပြင်နေတော့ မအားတော့ဘူး။ ပန်ဆန်းညီလာခံမှာ ဆုံးဖြတ်နိုင်တာပေါ့။  ပန်ဆန်းမှာက ၁၂ ဖွဲ့ပဲ ဆုံကြမှာဆိုတော့ ၁၂ ဖွဲ့ခေါင်းဆောင်တွေ ကနေ နောက်ထပ်အဖွဲ့ ၂၀ ပွဲ ဘယ်မှာလုပ်မလဲဆိုတာ ပြန်စဉ်းစားမှာပေါ့” ဟု ပြောကြားသည်။
 
ဆက်လက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “NCCT မှာ အဖွဲ့ခေါင်းဆောင် သုံးယောက် ရှိတယ်။ အဲဒီသုံးယောက်ကပဲ ဆွေးနွေးဆုံးဖြတ်နိုင်တာ။ သို့သော် ဒီသုံးယောက်က မဆုံနိုင်ဘူးဖြစ်နေတယ်။ တစ်ယောက်က ကရင်ပြည်နယ်မှာ အစည်းအဝေး လုပ်နေတယ်။ တစ်ယောက်က ကချင်ပြည်နယ် ရောက်နေတယ်။ တစ်ယောက်က မွန်ပြည်နယ်မှာ ရောက်နေတယ်။ ဒါကြောင့် ဒီအဖွဲ့ခေါင်းဆောင် သုံးယောက်ရဲ့ ဆုံးဖြတ်ချက်ရဖို့ဆိုရင် မဖြစ်နိုင်ဘူး။ သူတို့သုံးယောက်က မဆုံဘူးဖြစ်နေတယ်။ ဒါပေမဲ့ ဒီသုံးယောက်က ပန်ဆန်းမှာ ဆုံမယ်လေ။ ပန်ဆန်းမှာဆုံရင် အဲဒီမှာ ညှိရမှာပေါ့။ NCCT အစည်းအဝေးကတော့ အချိန်မလောက်တဲ့အပေါ်မှာ ရွှေ့ဆိုင်းလိုက်တာပေါ့။ ပန်ဆန်းမှာ တွေ့မှာက NCCT အဖွဲ့ဝင်အားလုံး မဟုတ်ဘူး။ အဖွဲ့ခေါင်းဆောင်တို့ တွဲဖက် ၁၊ ၂ တို့ တွေ့ ကြမယ်။ 
ကျွန်တော်လည်း ပါမှာပေါ့”ဟု ပြောကြားသည်။
 
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့အကြား မတ် ၃၁ ရက်က အတည်ပြုပြီး ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း (Final Draft) ကို NCCT ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် တင်ပြကာ  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၏ သဘောထားရယူရန်အတွက် မူလက ညီလာခံကို ဧပြီ ၂၀ ရက်မှ ၃၀ ရက် ကြားပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း NCCT အဖွဲ့ဝင်မဟုတ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ကလည်း မေ ၁ ရက် မှ ၃ ရက်အထိ ၎င်းတို့ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့အား ဖိတ်ကြားကာ ညီလာခံတစ်ခုကျင်းပရန် ရှိသောကြောင့် ယခုကဲ့သို့ ထပ်မံညှိနှိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။
 
UWSA ကပြုလုပ်သည့် ညီလာခံတွင် NCCT အဖွဲ့ဝင် အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားရန် NCCT က UWSA ထံ အကြံ ပြုခဲ့သော်လည်း လက်မခံသောကြောင့် NCCT ထိပ်သီးညီလာခံကို သီးခြားကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
 
UWSA အနေဖြင့် ပန်ဆန်းညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အချို့ကို သီးခြား ဖိတ်ကြားထားသည်ဟု သိရသည်။ 
 
ယင်းနှင့်ပတ်သက်၍ “တစ်ဖွဲ့ချင်းလည်း ဖိတ်တယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းလည်း ဖိတ်တယ်။ PNLO အဖွဲ့လည်း ဖိတ်တယ်။ ကျွန်တော့်ကို တစ်ဦးချင်းအနေနဲ့လည်း ဖိတ်တယ်။ အဲဒါကြောင့် ကျွန်တော်တစ်ဦးချင်းအနေနဲ့ သွားတာ။ ကျွန်တော်ကတော့ မနက်ဖြန်သွားပြီ” ဟု PNLO အဖွဲ့၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။