Tomorrow ဂျာနယ်သတင်းထောက် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရမှု ဒဏ်ငွေကျပ်နှစ်သောင်းပေးဆောင်ရန် အမိန့်ချ

Tomorrow ဂျာနယ်သတင်းထောက် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရမှု ဒဏ်ငွေကျပ်နှစ်သောင်းပေးဆောင်ရန် အမိန့်ချ
Published 24 April 2015

ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသည့် Tomorrow သတင်းဂျာနယ်၏ နယ်သတင်းထောက် ဦးတင်ရွှေအား မကွေးမြို့နယ်တရားသူကြီး ဦးသန်းနိုင်ထွေးက ဒဏ်ငွေကျပ်နှစ်သောင်းပေးဆောင်ရန် ဧပြီ ၂၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။မီဒီယာဖိနှိပ်မှုရပ်တန့်ရေး၊ ဖမ်းဆီးခံသတင်းထောက်များအပါအဝင် ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်နှင့် ကျောင်းသားမိဘဦးဝင်းမြင့်လှိုင်တို့လွှတ်ပေးရေးအတွက် မကွေးမြို့၌ ၂၀၁၄ ခုနှစ် မေ ၇ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ပြီး ကိုသူရသက်တင်နှင့် ဦးဝင်းမြင့်လှိုင်တို့ ထောင်မှလွတ်မြောက်၍  လနှင့်ချီကြာမြင့်ပြီးချိန်တွင် ၎င်းတို့လွတ်မြောက်ရေးဆန္ဒပြပွဲအတွက် တရားဥပဒေနှင့်အညီ ဦးဆောင်တင်ပြခဲ့သူ သတင်းထောက်ဦးတင်ရွှေအား ပုဒ်မ ၁၈ ဖြင့် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"ကျွန်တော်က မီဒီယာသမားတွေဖမ်းဆီးခံရပြီး ထောင်ဒဏ်အမြင့်ဆုံးတွေကျခံနေရလို့ မီဒီယာလွတ်လပ်ခွင့်အတွက် နိုင်ငံသားတစ်ဦးရဲ့ လွတ်လပ်ခွင့်အတိုင်းဆန္ဒပြခဲ့တာပါ။ အဲဒီဆန္ဒပြပွဲအတွက် ဥပဒေနဲ့အညီ ခွင့်ပြုမိန့်တင်ခဲ့ပေမယ့် မရခဲ့ပါဘူး။ ခွင့်ပြုမိန့်မပေးဘဲ အခုလိုလတွေအများကြီးကြာပြီးမှ တရားစွဲဒဏ်ငွေရိုက်တာဟာ တရားစွဲသူတွေကို မေးခွန်းထုတ်စရာဖြစ်နေပြီး မီဒီယာလွတ်လပ်ခွင့်မရှိသေးတဲ့သဘောဖြစ်နေပါတယ်။ ဒီလိုမီဒီယာဖိနှိပ်မှုတွေရှိနေချိန်မှာ စာနယ်ဇင်းကောင်စီလိုမီဒီယာအဖွဲ့တွေက ကျွန်တော်တို့အတွက် ဘာအကာအကွယ်မှမပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အမှုမှာဝန်းရံပေးခဲ့တဲ့ သတင်းသမားတွေ၊ ကျွန်တော့်ကိုချမှတ်ခဲ့တဲ့ ဒဏ်ငွေအတွက် စိုက်ထုတ်ပေးခဲ့တဲ့ သတင်းသမားနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ကျေးဇူးတင်ပါတယ်" ဟု ဦးတင်ရွှေက အမိန့်ချအပြီး ပြောကြားသည်။မကွေးတိုင်းဒေသကြီးသည် မီဒီယာလွတ်လပ်ခွင့်တင်းကျပ်သော ဒေသတစ်ခုဖြစ်ပြီး ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင် (ခ) ကိုဇော်ဖေနှင့် ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးဝင်းမြင့်လှိုင်တို့အား ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှစ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်တွင် မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်းကလည်း ယူနတီသတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။ယခုအစိုးရလက်ထက်တွင် မီဒီယာသမားများကို ပုဒ်မမျိုးစုံဖြင့်တရားစွဲဆိုခဲ့ရာတွင် Eleven Medai Group မှ လွိုင်ကော်မြို့နယ် သတင်းထောက်မခိုင်မှာ အိမ်ကျော်နင်းမှုအပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်သုံးလချမှတ်ခံခဲ့ရသလို Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာချုပ်နှင့် သတင်းထောက်လေးဦးကို  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ၃၄ ဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ကာ၊ မြန်မာပို့စ်သတင်းဂျာနယ်မှ အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက်ချုပ်တို့အား မော်လမြိုင်တရားရုံးက ပုဒ်မ (၅၀၀) ဖြင့်  ပထမဆုံး အလုပ်မဲ့ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရသည်။လတ်တလော၌ မြန်မာနိုင်ငံအနှံ့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံနေရသူများအား အနည်းဆုံးထောင်ဒဏ်နှစ်လမှ ခြောက်လအထိ ပြစ်ဒဏ်ချမှတ်ခြင်းခံနေရသည်။ ယင်းပြစ်ဒဏ်များနှင့်နှိုင်းယှဉ်ပါက ဦးတင်ရွှေမှာ ထောင်ဒဏ်တစ်လ(သို့မဟုတ်)ဒဏ်ငွေကျပ်နှစ်သောင်းသာချမှတ်ခံရခြင်းမှာ သက်ညှာသောစီရင်ချက်ဖြစ်သည်။Tomorrow သတင်းဂျာနယ်မှာ သမီးတော်ရာဇဝင်ဆောင်းပါးများဖြင့် လူသိများခဲ့ပြီး တပ်မတော်၏အတွင်းသတင်းများကို ဖော်ပြလေ့ရှိသော ဂျာနယ်တစ်စောင်လည်းဖြစ်သည်။

Most Read

Most Recent