ဧပြီ ၂၃ ရက် လောက်ကိုင်ဒေသတိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်တပ်ရင်းတစ်ခု ကိုးကန့်အဖွဲ့လှုပ်ရှားနယ်မြေအတွင်း ကျွံဝင်သွားပြီး ထိခိုက်သေဆုံးမှုများပြားဟု အတည်မပြုနိုင်သေးသော သတင်းများထွက်ပေါ်နေ

ဧပြီ ၂၃ ရက် လောက်ကိုင်ဒေသတိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်တပ်ရင်းတစ်ခု ကိုးကန့်အဖွဲ့လှုပ်ရှားနယ်မြေအတွင်း ကျွံဝင်သွားပြီး ထိခိုက်သေဆုံးမှုများပြားဟု အတည်မပြုနိုင်သေးသော သတင်းများထွက်ပေါ်နေ
Published 24 April 2015

ဧပြီ ၂၃ ရက် လောက်ကိုင်ဒေသတိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်တပ်ရင်းတစ်ခု ကိုးကန့်အဖွဲ့အခြေပြုလှုပ်ရှားနယ်မြေအတွင်း ကျွံဝင်သွားပြီး ထိခိုက်သေဆုံးမှုများပြားဟု အတည်မပြုနိုင်သေးသော သတင်းများထွက်ပေါ်နေပြီး ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး အင်တာနက်စာမျက်နှာများတွင် ရေးသားထားခြင်းများရှိနေသည်။အတည်မပြုနိုင်သေးသောသတင်းများအရ ယင်းတိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်ဘက်မှ ကျဆုံးမှုများပြားကြောင်းနှင့် တပ်မတော်သားအချို့နှင့် လက်နက်အများအပြားဖမ်းမိထားကြောင်းကို လောက်ကိုင်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး အချက်အလက်များ ဓာတ်ပုံများ ရေးသားဖော်ပြလေ့ရှိသည့် Facebook စာမျက်နှာတွင် ဓာတ်ပုံများဖြင့်ဖော်ပြထားပြီး သေဆုံးသည့်အရေအတွက် ဖမ်းဆီးရမိသည့်အရေအတွက်တို့ကို ရေးသားထားသည်။တပ်မတော်နှင့် ကိုးကန့်အဖွဲ့များ တိုက်ပွဲစတင်ချိန်မှစတင်ပြီး တိုက်ပွဲသတင်းများ ရေးသားတင်ပြလေ့ရှိသည့် Ye Moe အမည်ရှိ Facebook စာမျက်နှာတွင် ဧပြီ ၂၃ ရက် တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး  နယ်စပ်နှင့်ကပ်လျက်ရှိသော လောက်ကိုင်ဒေသ အရှေ့မြောက်ဘက် တောင်ကြောများတွင် အခိုင်အမာအခြေချထားသည့်ရန်သူများအား ချေမှုန်းရန် တပ်မတော်ကဆောင်ရွက်ရာ တပ်ရင်းတစ်ရင်းကျွံဝင်သွားပြီး တစ်ဖက်အဖွဲ့၏ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်မှုခံခဲ့ရကြောင်း၊ တစ်ဖက်အဖွဲ့မှ ဥမင်လိုဏ်များ၊ မြေကျင်းများအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီ ၂၃ ရက်ည တစ်ညလုံးပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဧပြီ ၂၄ ရက် နံနက်အရုဏ်တက်ချိန်တွင် တပ်မတော်မှအဖွဲ့ငယ်များခွဲကာ ပြန်လည်ဖောက်ထွက်လာခဲ့ကြောင်း၊ ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများ၏အဆိုအရ တစ်ဖက်အဖွဲ့တွင် အင်အား ၄၀၀ ခန့်ရှိကြောင်း၊ ကနဦးပျောက်ဆုံးစာရင်းမှာ ခမရ (၁၁၁) မှ အရာရှိငါးဦးနှင့် အခြားအဆင့် ၃၀ ဖြစ်ကြောင်း၊  ခမရ (၁၂၀)မှာ ထိခိုက်မှုရှိသော်လည်း ခမရ (၁၁၁) လောက်အထိမနာဟု ရေးသားထားသည်။

ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ် ဓာတ်ပုံနှင့်အချက်အလက်များ ရေးသားဖော်ပြလေ့ရှိသော Zhengyi Kokang အမည်ရှိ  Facebook စာမျက်နှာတွင်ဖော်ပြထားချက်အချို့ကို တွေ့ရစဉ်အဆိုပါ Ye Moe အမည်ရှိ Facebook အကောင့်ပိုင်ရှင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သည်ဟုသိရပြီး ၎င်းအနေဖြင့် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံများကို စဉ်ဆက်မပြတ်ရေးသားဖော်ပြလေ့ရှိပြီး ၎င်း၏ရေးသားချက်များသည် ဖြစ်စဉ်အမှန်နှင့် နီးစပ်မှုရှိခဲ့သည်။လောက်ကိုင်ဒေသတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (ကကပြည်)မှ တာဝန်ရှိသူတစ်ဦးက "လောလောဆယ် အဲဒီစစ်ဆင်ရေးသတင်းဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဌာနအနေနဲ့တော့ အတိအကျတော့မသိဘူး။ အတည်ပြုချက်သတင်းတွေကိုတော့ ကျွန်တော်တို့က ထုတ်ပြန်ပေးရမယ့်တာဝန်ရှိပါတယ်။ အဲဒီသတင်းတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူးခင်ဗျ။ လောလောဆယ် အဲဒီသတင်း ကျွန်တော်တို့ဆီမရောက်သေးဘူးခင်ဗျ"ဟုပြောကြားသည်။ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံမှတာဝန်ရှိသူတစ်ဦးက "တိုက်ပွဲတွေစဖြစ်ကတည်းက ဒီမှာ တပ်မတော်သားရော အခြားထိခိုက်ဒဏ်ရာရသူတွေပါ ကုသပေးနေတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးရက်လောက်ကနေစပြီး ဒီနေ့အထိ တပ်မတော်သားတစ်ယောက်မှ ဆေးရုံကိုမရောက်သေးပါဘူး" ဟု ဧပြီ ၂၄ ရက် ညနေပိုင်းတွင် ပြောကြားသည်။လောက်ကိုင်ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မချစ်မီးက "လောလောဆယ် လောက်ကိုင်ဘက်မှာ တိုက်ပွဲတွေတော်တော်ဖြစ်နေတယ်လို့ကြားတယ်။ ကျွန်မတို့ကလည်း အခုကွမ်းလုံမှာပဲ  ကျန်နေသေးတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေတယ်။ ဒါပေမဲ့ လောက်ကိုင်ဘက်ကိုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေမစနိုင်သေးဘူး" ဟုပြောကြားသည်။

ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ ဓာတ်ပုံနှင့် အချက်အလက်များ ရေးသားဖော်ပြလေ့ရှိသော  Zhengyi Kokang အမည်ရှိ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အချို့ကို တွေ့ရစဉ်ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ဒေသတွင် အခြေပြုလုပ်ရှားနိုင်ရေးအတွက်ရည်ရွယ်ကာ ဝင်ရောက်လှုပ်ရှားနေသည့် ဦးဖုန်ကြားရှင်၏ ကိုးကန့်အဖွဲ့နှင့် တပ်မတော်တို့အကြား ယခု ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးထိခိုက်ကျဆုံးမှုများပြားကြောင်း သိရသည်။အဆိုပါတိုက်ပွဲစတင်ဖြစ်ပွားချိန်မှ ဧပြီ ၂၃ ရက် တိုက်ပွဲဖြစ်စဉ်မတိုင်မီအထိ တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည် ၁၃၀ ကျော်ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၆၀ ကျော်ရှိကြောင်း သိရသည်။ အလားတူ ကိုးကန့်အဖွဲ့ဘက်မှလည်း ထိခိုက်ကျဆုံးသူများပြားခဲ့ပြီး တပ်မတော်မှဖမ်းဆီးရမိသည့် ကိုးကန့်တပ်ဖွဲ့ဝင်အရေအတွက်ထဲတွင် အလောင်း ၇၄ လောင်း၊ ဖမ်းမိသူနှင့် အလင်းဝင်သူ ၂၂ ဦးရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent