တရုတ်နိုင်ငံသမ္မတ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့နှင့် သမ္မတဦးသိန်းစိန် သီးခြားစီ ဆွေးနွေး

တရုတ်နိုင်ငံသမ္မတ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့နှင့် သမ္မတဦးသိန်းစိန် သီးခြားစီ ဆွေးနွေး
Published 22 April 2015

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် (၁၀) နှစ်ပြည့် အာရှ-အာဖရိက ထိပ်သီးညီလာခံနှင့် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်းပင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာတို့အား ဧပြီ ၂၂ ရက်တွင် ဂျာကာတာကွန်ဗင်းရှင်းစင်တာ၌ သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချက်အရ သိရသည်။ထိုသို့တွေ့ဆုံရာတွင် အင်ဒိုနီးရှားနိုင်ငံ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ညနေ ၄ နာရီတွင် တရုတ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။သမ္မတဦးသိန်းစိန်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်းပင်တို့ တွေ့ဆုံရာတွင် ဘန်ဒေါင်းစိတ်ဓာတ်ကို အခြေခံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်၌ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ထို့ပြင် ကျောက်ဖြူစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြန် အကောင်အထည်ဖော်နိုင်ရေး၊ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမစီမံချက်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ကူညီဆောင်ရွက်ရေး၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် တည်ထောင်ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။အလားတူ သမ္မတဦးသိန်းစိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာတို့ တွေ့ဆုံရာ၌ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြန် အကောင်အထည်ဖော်နိုင်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေးကဏ္ဍများ မြှင့်တင်နိုင်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent