ရန်ကုန်မြို့ရှိ ပန်းခြံများ ဝင်ကြေးအခမဲ့ဖြင့် ခွင့်ပြုပြီးနောက်ပိုင်း လာရောက်အပန်းဖြေသူ ယခင်ထက် နှစ်ဆခန့် မြင့်တက်လာ

ရန်ကုန်မြို့ရှိ ပန်းခြံများ ဝင်ကြေးအခမဲ့ဖြင့် ခွင့်ပြုပြီးနောက်ပိုင်း လာရောက်အပန်းဖြေသူ ယခင်ထက် နှစ်ဆခန့် မြင့်တက်လာ
Published 19 April 2015
ကျော်ထင်

ရန်ကုန်မြို့ရှိ ပန်းခြံများတွင် ဝင်ကြေးအခမဲ့ ခွင့်ပြုပြီးနောက်ပိုင်း အပန်းဖြေသူ နှစ်ဆခန့် မြင့်တက်လာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ ကန်တော်ကြီးမျှော်စင်ကျွန်း၊ မြကျွန်းသာ၊ ရှစ်မိုင်ရှိ မြိုင်ဟေဝန်၊ ပြည်သူ့ရင်ပြင်ရှိ ခေတ်မီကစားကွင်းများမှလွဲ၍ ကျန်ရှိသည့် ပန်းခြံများ ဝင်ကြေးအခမဲ့ဖြင့် ဧပြီ ၁ ရက်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ ခုရှိသည့်အနက် ပန်းခြံ ၅၉ ခုကို အခမဲ့ ဝင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ထိုသို့ အခမဲ့ ဝင်ရောက်ခွင့် ပေးလိုက်သဖြင့် ဝင်ရောက်အပန်းဖြေသူ နှစ်ဆခန့်မြင့် တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“လမကုန်သေးလို့ လူအဝင်အထွက်စာရင်း မချုပ်ရသေးပေမယ့် အရင်ဝင်ကြေး ပေးဆောင်ရစဉ် ကာလကထက် ဝင်ရောက်အပန်းဖြေသူ နှစ်ဆမြင့်လာတယ်လို့ ပျှမ်းမျှခန့်မှန်းထားတယ်။ လကုန်ရင်တော့ စာရင်းချုပ်ရင် အတိအကျ သိရမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစာကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ထိုသို့ ရန်ကုန်မြို့ရှိ ပန်းခြံများကို အခမဲ့ ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု ဆိုသော်လည်း အပန်းဖြေသူ သွားရောက်မှုများပြားသည့် ကန်တော်ကြီးမျှော်စင်ကျွန်း၊ ပြည်သူ့ရင်ပြင်ရှိ ခေတ်မီကစားကွင်းများ စသည်တို့မှာ ဝင်ကြေးများ ပေးဆောင်နေရဆဲဖြစ်ပြီး အခမဲ့ ခွင့်ပြုသည့်စာရင်းတွင် အပန်းဖြေသူနည်းပါးသည့် ပန်းခြံငယ်များသာ အများအပြား ပါဝင်နေကြောင်း သိရသည်။အဆိုပါ ဝင်ကြေးပေးဆောင်နေရဆဲ ပန်းခြံများမှာမူ ပုဂ္ဂလိကကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုထားသောကြောင့် အခမဲ့ခွင့်ပြု၍ မရနိုင်သေးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစာကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။“ကန်တော်ကြီးမျှော်စင်ကျွန်းက ဇေကမ္ဘာ ကုမ္ပဏီကို ငှားရမ်းထားတယ်။ ပြည်သူ့ရင်ပြင်ကလည်း Natural World ကို စာချုပ်ချုပ်ဆို ငှားရမ်းထားတာဖြစ်လို့ အခမဲ့ ဝင်ခွင့်ပေးလို့ မရသေးပါဘူး” ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။အာဇာနည်ဗိမာန်လို နေရာမျိုးမှာလည်း အခြားနိုင်ငံများတွင် ဝင်ကြေးကောက်ခံသည့် နေရာဖြစ်ကြောင်းနှင့် အလားတူ မြကျွန်းသာပန်းခြံမှာလည်း ပုဂ္ဂလိကကို ငှားရမ်းထားခြင်းဖြစ်၍ ဝင်ကြေးမအခမဲ့ပေး၍ မရနိုင်ကြောင်း သိရသည်။ဝင်ကြေးအခမဲ့ ခွင့်ပြုလိုက်သော်လည်း ပန်းခြံများအတွင်း စီးပွားဖြစ်ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုများအတွက်မူ ယခင်ကကဲသို့ သတ်မှတ်နှုန်းထား ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့တွင် အများပြည်သူ မိသားစုအလိုက် အပန်းဖြေနိုင်သည့် ပန်းခြံများ နည်းပါးနေပြီး မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင် စသည့်နေရာများသာ ရှိနေသည်။