ယုံကြည်မှုနဲ့ လုပ်ရပ်

ယုံကြည်မှုနဲ့ လုပ်ရပ်
Published 19 April 2015
နီမင်းဆွေ

၁၈ ရာစုနှစ်က ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်မှန်ပေါ် မူတည်ပြီး ရိုက်ကူးထားတဲ့ (Mutiny On The Bounty) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားဟာ ၁၉၆၂ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ သင်္ဘောတစ်စီးပေါ်မှာ ဖြစ်ခဲ့ပေမယ့် နိုင်ငံတစ်နိုင်ငံထဲမှာ ဖြစ်ပျက်ခဲ့ပုံမျိုးနဲ့ သဘောတရားချင်း သွားဆင်တူနေပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်မှာ ဖြစ်ပျက်သွားတဲ့ အရေးအခင်းတစ်ခုကို အစအဆုံး ထိုင်ကြည့်နေရသလို တွေ့မြင်နေရတဲ့အပြင် သင်ခန်းစာ ယူစရာတွေလည်း အများကြီးပါလို့ ဒီဇာတ်ကားကို ကြိုက်တဲ့လူ အတော်များပါတယ်။
၁၇၈၇ ခုနှစ်ရဲ့နေ့တစ်နေ့မှာ ကပ္ပတိန် “ဘလိုက်” ဦးဆောင်တဲ့ “ဘောင်တီ” သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းမှာရှိတဲ့ တဟီတီကျွန်းစုဆီကို အင်္ဂလန်က ရွက်လွှင့်ထွက်ခွာ လာခဲ့ပါတယ်။ ဘောင်တီသင်္ဘောရဲ့ အဓိကရည်မှန်းချက် တာဝန်ကတော့ တဟီတီကျွန်းစုမှာ အလေ့ကျပေါက်နေတဲ့ ပေါင်မုန့်သီး ပျိုးပင်တွေကို အခုလက်ရှိ ကျူးဘားနိုင်ငံနားမှာတည်ရှိပြီး အဲဒီတုန်းက အင်္ဂလန်ပိုင်ဖြစ်တဲ့ ဂျမေကာကျွန်းအထိ သင်္ဘောနဲ့ပို့ဆောင် ပေးဖို့ပါပဲ။ ပေါင်မုန့်သီးပင်ဆိုတာ ပိန္နဲသီးနဲ့ ဆင်ဆင်တူတဲ့ အသီးတွေသီးတဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီအပင်တွေဟာ ပေ ၈၀ လောက်ထိ မြင့်တတ်ပြီး ချက်လိုက်ရင် အသီးရဲ့အနံ့က ပေါင်မုန့်ဖုတ်တဲ့ အနံ့နဲ့တူလို့ ပေါင်မုန့်သီးပင်လို့ ခေါ်ကြတာဖြစ်ပါတယ်။ ဒီအပင်တွေကို ဂျမေကာမှာ အကြီးအကျယ်စိုက်ပြီး ငွေဝယ်ကျွန်တွေကို ကုန်ကျမှုသက် သက်သာသာနဲ့ကျွေးချင်လို့ ခုလိုစီစဉ်ခဲ့ကြတာပါ။
သင်္ဘောဟာ စထွက်ကတည်းက ပြဿနာနဲ့စခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောစတိုခန်းထဲက ဒိန်ခဲတွေ ပျောက်သွားလို့ပါပဲ။ ဒိန်ခဲတွေကို သင်္ဘောသား “မင်းစ်” ခိုးတယ်လို့ ကပ္ပတိန်ဘလိုက်က ယူဆပါတယ်။ မင်းစ်ကတော့ စတိုခန်းထဲကို ကပ္ပတိန်ပဲ ခဏခဏဝင်နေတာမို့ ခိုးချင်းခိုးရင် ကပ္ပတိန်ပဲ ခိုးမှာပေါ့လို့ ပြန်ပြောပါတယ်။ ဒီအပြောကြောင့် မင်းစ်ဟာ ကြာပွတ်နဲ့ ၂၄ ချက်ရိုက်ပြီး အပြစ်ပေးခံရပါတယ်။ သင်္ဘောရဲ့ ဒုတိယရာထူး အကြီးဆုံးဖြစ်တဲ့ ဒုတိယဗိုလ် မစ္စတာခရစ်ရှန် (Marlon Brando) ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝဘ၀င်မကျပါဘူး။ “လက်အောက်အပေါ် ရက်စက်တယ်ဆိုတဲ့ နေရာမှာ အကြောင်းလိုအပ်ချက်အရ ရည်ရွယ်ချက်ရှိရှိ ရက်စက်ရင် ရက်စက်တယ်လို့ မခေါ်ဘူး။ လုပ်ရည်ကိုင်ရည် ရှိတယ်လို့ ခေါ်ဆိုရမှာသာဖြစ်တယ်” ဆိုတဲ့ ဘလိုက်ရဲ့ခံယူချက်ကို ခရစ်ရှန်သိလာတဲ့အခါမှာ ဘလိုက်ကို သူအတော် စိတ်ကုန်သွားပါတယ်။
အဲဒီအချိန်တုန်းက စူးအက်တူးမြောင်းတို့ ပနားမားတူးမြောင်းတို့ မရှိသေးတဲ့အချိန်ဖြစ်လို့ အင်္ဂလန်ကနေ တောင်ပစိဖိတ်သမုဒ္ဒရာထဲက တဟီတီကျွန်းစုကို သွားချင်ရင်တောင် အမေရိကတောင်ဘက်အဖျားက ကိပ်ဟွန်းအငူကို ဖြတ်ရင်ဖြတ်၊ မဖြတ်ရင် အာဖရိကတိုက် တောင်ဘက်အဖျားက ဂွတ်ဟုပ်အငူကို ဖြတ်ဖို့ပဲရှိပါတယ်။ ကိတ်ဟွန်းက ဖြတ်မယ်ဆိုရင် ခရီးကတော့ပိုနီးပေမယ့် ပင်လယ်ပြင်ဟာ မျောနေတဲ့ ရေခဲတုံးတွေနဲ့ ပြည့်နေတာမို့ သင်္ဘောပျက်မယ့် အန္တရာယ်နဲ့ ပိုနီးပါတယ်။ ဒါပေမဲ့ ဘလိုက်ဟာ အဲဒီလမ်းကြောင်းကနေ သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆက်သွားမရတော့လို့ အရှေ့ဘက်ကိုပြန်လှည့် လာခဲ့ရတဲ့အတွက် အချိန်တွေ အများကြီးအလဟဿ ဖြစ်သွားရပါတယ်။
ဒီလိုနဲ့ ဘောင်တီဟာ တဟီတီကို ရောက်လာပါတယ်။ တဟီတီကျွန်းသားတွေရဲ့ အပူအပင်ကင်းတဲ့ဘဝ၊ ရည်ရွယ်ချက်ကြီးကြီးမားမား ထားလေ့မရှိတဲ့ဘဝ၊ ရရစားစားပျော်ပျော် နေလို့ရတဲ့ဘဝတွေကို သင်္ဘောသားတွေ တော်တော်အားကျ ခဲ့ကြပါတယ်။ သောက်စား ပျော်ပါးကြပါတယ်။ ကျွန်းသူတွေ အနေနဲ့ကလည်း ခန္ဓာကိုယ်ကို တန်ဖိုးထားရကောင်းမှန်း မသိဘဲ ကြုံသလို စခန်းသွားကြတဲ့ အလေ့အကျင့်ကလည်း ရှိနေလေတော့ သင်္ဘောသားတွေ အားလုံးနီးပါးဟာ နွားငတ်ရေကျဆိုသလို ဖြစ်ကုန်ကြတာပေါ့။ အင်္ဂလန်ကို ပြန်ကိုမပြန်ချင်ကြတော့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးသင်္ဘော ပြန်ထွက်ရမယ့်အချိန် ရောက်လာပါတယ်။ သင်္ဘောနဲ့ ပြန်မလိုက်ချင်လို့ သင်္ဘောသားသုံးယောက် ထွက်ပြေးကြပါတယ်။ မင်းစ်ကတော့ အဲဒီအထဲမှာ ထိပ်ဆုံးကပေါ့။ သုံးယောက် စလုံးကို ပြန်ဖမ်းမိပါတယ်။ တာဝန်ချိန်ကလွဲပြီး သင်္ဘောပေါ်မှာ သံချေကျင်းခတ်ထားတာကို အဲဒီသုံးယောက် ခံကြရပါတယ်။
တဟီတီက ဂျမေကာကို သွားရာလမ်းမှာ ပိုကုန်ခဲ့တဲ့ အချိန်တွေကိုကာမိအောင် ဘလိုက်ဟာ ပျိုးပင်တွေကို သင်္ဘောပေါ်နှစ်ဆ ပိုတင်လာပါတယ်။ ဒါ့အပြင် သင်္ဘောသားတွေဟာ ရေကိုလျှော့သောက်ရပြီး အပိုထွက်လာတဲ့ရေနဲ့ ပျိုးပင်တွေကို ရေလောင်းရပါတယ်။ အဲဒီလို ရေပိုထွက်လာအောင် ရေမှုတ်ကို ရွက်တိုင်ထိပ်ဖျားမှာ ချည်ထားပါတယ်။ ရေသောက်ချင်ရင် ရေမှုတ်ကို တက်ဖြုတ်ရပါတယ်။ ကုန်းပတ်ပေါ်မှာရှိတဲ့ သောက်ရေ စည်ထဲကရေကို ခပ်သောက်ပြီးရင်လည်း ရေမှုတ်ကို နေရာတကျ ပြန်ချိတ်ရတာမို့ တစ်ခါရေသောက်ရဖို့အရေး သင်္ဘောသားတွေဟာ ရွက်တိုင်ထိပ်ကို နှစ်ခါပြန်တက်ရပါတယ်။ တစ်ခါမှာတော့ သင်္ဘောသားတစ်ယောက် ရေမှုတ်တက်ဖြုတ်ရင်း ရွက်တိုင်ထိပ်ကနေ ပြုတ်ကျပြီး သေပါတယ်။ ဒါကို မကျေနပ်လို့ သင်္ဘောသားတစ်ယောက်က ဘလိုက်အပေါ် ခုန်အုပ်ပြီး တိုက်ခိုက်ပါတယ်။ အဲဒီသင်္ဘောသားကို အပြစ်ပေးတဲ့အနေနဲ့ လက်ပြန်ကြိုးတုပ်၊ ခါးကိုကြိုးနဲ့ချည် ရေထဲကိုပစ်ချပြီး ဆွဲအလာမှာ အဲဒီသင်္ဘောသားဟာ ငါးမန်းစာ ဖြစ်သွားရှာပါတယ်။
တစ်ခါမှာတော့ ဖျားနေတဲ့သင်္ဘောသား တစ်ယောက်ဟာ ရွက်တိုင်ထိပ်ကိုတက်ပြီး ရေမှုတ်မယူနိုင်လို့ ပင်လယ်ရေ သောက်မိရာက အဖျားဝေဒနာကြီးပြီး ရူးချင်သလိုလို ဖြစ်လာပါတယ်။ အူထဲကို ရေချိုမရောက်ရင် ခဏအတွင်း သေတော့မှာပါ။ ခရစ်ရှန်က စည်ထဲကရေချိုကို ခပ်ပြီးတိုက်ပါတယ်။ အဲဒီအချိန်မှာ ဘလိုက်က ခရစ်ရှန်ရဲ့ လက်မောင်းကို ခြေထောက်နဲ့ ကန်ချလိုက်ပြီး ဘယ်သူ့အမိန့်နဲ့ ရေတိုက်တာလဲလို့ မေးပါတယ်။ ခရစ်ရှန်ဟာ ဂုဏ်ကြီးသူ အသိုင်းအဝိုင်းက ပေါက်ဖွားကြီးပြင်းလာသူဖြစ်လို့ သင်္ဘောသားတွေရှေ့မှာ ခုလိုအစော်ကား ခံလိုက်ရသလို ဖြစ်သွားတဲ့အတွက် ပေါက်ကွဲသွားပြီး မမျှော်လင့်ဘဲ သင်္ဘောပေါ်မှာ ပုန်ကန်မှုဖြစ်သွားပါတော့တယ်။ သင်္ဘောကို ခရစ်ရှန်ကကွပ်ကဲမှုယူလိုက်ပြီး ဘလိုက်ကို ထောက်ခံသူတွေကိုတော့ ဘလိုက်နဲ့အတူ အသက်ကယ်လှေနဲ့ ထွက်ခွာခွင့် ပေးလိုက်ပါတယ်။ သင်္ဘောပေါ်ကနေ အသက်ကယ်လှေထဲ ဘလိုက်မဆင်းခင်လေးမှာ ရေကြောင်းပြကိရိယာတွေနဲ့ ရိက္ခာငါးရက်စာအတွက် လိုအပ်တာတွေကို ခရစ်ရှန်က စီစဉ်ပေးပါတယ်။ အသက်သေစေဖို့ မရည်ရွယ်ဘဲ ဘလိုက်တို့ကို မိခင်အင်္ဂလန်မြေကို တစ်နည်းနည်းနဲ့ ပြန်ရောက်စေချင်တဲ့ သဘောပါ။
နောက်ဆုံး ဘလိုက်သင်္ဘောပေါ်က မဆင်းခင်းလေးမှာ “ခင်ဗျား အလံယူသွားဦးလေ” ဆိုပြီး သင်္ဘောသားတွေကိုရိုက်တဲ့ နေရာမှာသုံးတဲ့ ကြာပွတ်ကို ခရစ်ရှန်က ဘလိုက်ကို ပေးလိုက်ပါတယ်။ ဘလိုက်က ကြာပွတ်ကို ပြန်ပေးလိုက်ပြီး “ငါအလံမလိုပါဘူး။ ငါ့မှာ နိုင်ငံတစ်နိုင်ငံ ရှိနေတာပဲ။ မင်းလိုမှ မဟုတ်ဘဲ” လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ခရစ်ရှန် သိသိသာသာ မျက်နှာပျက်သွားပါတယ်။ ဘလိုက်တို့ အသက်ကယ်လှေ သင်္ဘောကအခွာမှာ မင်းစ်တို့အဖွဲ့က “ဘလိုက်ရေ ခင်ဗျားအပင်တွေ မေ့မထားခဲ့နဲ့ ယူသွားဦးလေ၊ ကျွန်တော်တို့ ရေမလောင်းနိုင်ဘူးဗျ” လို့ပြောပြီး ပျိုးပင်တွေအားလုံးကို တပျော်တပါး ရေထဲပစ်ချကြလို့ အသက်ကယ်လှေဘေးမှာ ပျိုးပင်တွေ အဖွေးသားမျောနေတာကို တွေ့ကြရပါတယ်။ ဒါကတော့ “ရည်ရွယ်ချက်ရှိရှိနဲ့ ရက်စက်တာမျိုးကို ရက်စက်တာလို့ မခေါ်ဘူး။ လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ခေါ်ဆိုရမှာသာဖြစ်တယ်” ဆိုတဲ့မူကို ဆုပ်ကိုင်ခဲ့တဲ့ ဘလိုက်လိုလူမျိုးအတွက် သူ့ခံယူချက် မှန်၊ မမှန် အဖြေပေးလိုက်တဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။
ခရစ်ရှန်တို့ရဲ့ ဘောင်တီသင်္ဘောဟာ တဟီတီကို ပြန်ဦးလှည့်ခဲ့ပါတယ်။ တဟီတီမှာ အမျိုးသမီးတွေကိုခေါ် ရိက္ခာတွေဖြည့်တင်းပြီး အင်္ဂလိပ်ရေတပ် လွယ်လွယ်နဲ့ ရှာမတွေ့နိုင်ဘူးလို့ သူတို့ယူဆတဲ့ တဟီတီရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ “ပစ်ကမ်း” (Pitcairn) လို့ခေါ်တဲ့ ကျွန်းပေါ်တက်ပြီး ပုန်းအောင်းနေကြပါတယ်။ ခရစ်ရှန်ကတော့ အခွင့်သာတဲ့တစ်နေ့ အင်္ဂလန်ပြန်ပြီး ဘလိုက်ရဲ့ လုပ်ရပ်အမှားတွေကို တတိယမြောက် ဂျော့ရှ်ဘုရင်ထံ တင်ပြဖို့ပဲ စိတ်အားထက်သန် နေခဲ့တာပါ။ ခရစ်ရှန်ရဲ့ စိတ်ကူးကိုရိပ်မိနေကြတဲ့ မင်းစ်နဲ့ သင်္ဘောသား တစ်ယောက်ဟာ တစ်ညမှာတော့ ပင်လယ်ကွေ့ထဲမှာ ကျောက်ချထားတဲ့ ဘောင်တီသင်္ဘောပေါ်တက်ပြီး သင်္ဘောကို မီးတင်ရှို့လိုက်ကြပါတယ်။ ခရစ်ရှန်သိသွားပြီး သင်္ဘောပေါ်တက် မီးငြှိမ်းသတ်ဖို့ ကြိုးစားရာမှာ မီးလောင်ဒဏ်ရာနဲ့ သူကွယ်လွန်သွားခဲ့ပါတယ်။
ဘလိုက်ကတော့ ၂၃ ပေရှည်တဲ့ အသက်ကယ်လှေနဲ့ အနောက်ဘက်ကို စွန့်စွန့်စားစား ရွက်လွှင့်ခဲ့ရာမှာ ၄၇ ရက်အကြာ မိုင်ပေါင်း ၃၆၀၀ ကွာဝေးတဲ့ တီမောကို ရောက်ရှိခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် အင်္ဂလန်ကို ပြန်နိုင်ခဲ့ကြပါတယ်။ ဘောင်တီသင်္ဘော ပုန်ကန်မှုဟာ အဖြစ်မှန်ဖြစ်ပြီး ဒီကနေ့အချိန်အထိ ပစ်ကမ်းကျွန်းပေါ်မှာ မင်းစ်တို့ရဲ့ မျိုးဆက်တွေ ရှိနေပါသေးတယ်။ ဘောင်တီ သင်္ဘောပျက်ကိုလည်း ၁၉၅၇ ခုနှစ်က ရေအောက်မှာ ပြန်ရှာတွေ့ကြပါတယ်။
မီးလောင်ဒဏ်ရာနဲ့ ခရစ်ရှန်သေခါနီးမှာ မင်းစ်ရောက်လာပြီး “ဆရာ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဆရာခုလို ဖြစ်သွားအောင် ကျွန်တော် တကယ်မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော်ယုံကြည်ရာကို ကျွန်တော်လုပ်ခဲ့တာပါ။ ဆရာလည်း သင်္ဘောပုန်ကန်မှုဖြစ်ပြီးကတည်းက ငါယုံကြည်သလို ငါလုပ်မယ်လို့ အမြဲပြောခဲ့တာပဲ မဟုတ်လား” လို့ ပြောပြီး တောင်းပန်ခဲ့ပါတယ်။  
တကယ်တော့ ဘလိုက်ရော၊ ခရစ်ရှန်ရော၊ မင်းစ်ပါ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ခဲ့ကြတာပါပဲ။ အင်္ဂလန်ပြည်သူတွေ သာမက တစ်ကမ္ဘာလုံးက လူတွေကပါ ဒီလူသုံးယောက်စလုံးရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ခဲ့ကြပါဘူး။ လောကမှာ ကိုယ်ယုံကြည်ရာကို ကိုယ်ဇွတ်လုပ်တဲ့အတွက် ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ယုံကြည်မှု ယုံကြည်မှုဆိုပြီး လုပ်လိုက်တဲ့ ကိုယ့်လုပ်ရပ်အတွက် မဆိုင်တဲ့လူတွေ ထိခိုက်နစ်နာ မသွားဖို့ကတော့ လူ့ဘဝမှာ အရေးကြီးလှပါတယ်။

Most Read

Most Recent