ယဉ်ကျေးမှုကို စကားပြောကြည့်ခြင်း

ယဉ်ကျေးမှုကို စကားပြောကြည့်ခြင်း
Published 18 April 2015
အေသင်ဇော်ဇော်

ပြောရမယ်ဆိုရင် ဒီနိုင်ငံက တော်တော်လေးကို ယဉ်ကျေးမှု ထွန်းကားတယ်။ ရပ်ကွက်ထဲမှာ။ စာသင်ကျောင်းမှာ။ လူတွေ ဆုံတွေ့ကြတဲ့အခါတွေမှာ။ ဖေ့စ်ဘွတ်ပေါ်မှာကတော့ ယဉ်ကျေးမှု အထွန်းကားဆုံးပဲ။ ကိုယ့်လူမျိုးတွေ၊ အမျိုးသမီးတွေ ယဉ် ကျေးမှု မပပျောက်အောင် ဆုံးမပဲ့ပြင်ပေးကြတဲ့သူတွေ အတော့်ကိုများသား။ အဝတ်အစား ဝတ်ဆင်မှုဆိုတဲ့အပြင် ဗဟိဒ္ဓသဘောထားအပေါ် ပြစ်တင်ကြတာတွေ မကြာမကြာ တွေ့ရတဲ့အခါ ယဉ်ကျေးမှုဆိုတာ ဘာလဲလို့  ပြန်ပြန် စဉ်းစားဖို့ ဖြစ်လာရတော့တယ်။ ကျွန်တော်ယဉ်ကျေးမှုအကြောင်း စကားပြောကြည့်ချင်ပါရဲ့။
 
ယဉ်ကျေးမှုကို ဘယ်လိုပြောကြမလဲ။ ယဉ်ကျေးမှုဆိုတာ ဘာလဲ။  အင်္ဂလိပ်ဝေါဟာရ Culture ကို မြန်မာလိုယဉ်ကျေးမှုလို့ ဖလှယ်တယ်။ ကျွန်တော်တို့တွေ နေ့တိုင်းပြောနေတဲ့ ယဉ်ကျေးမှုဆိုတာ အဲဒီအဓိပ္ပာယ် စစ် မစစ် တွေးကြည့်သင့်တယ်။ ဒါပေမဲ့ အဲလိုလုပ်ဖို့ လူတော်တော်များက စိတ်မဝင်စားကြဘူးထင်တယ်။
 
တကယ်တော့ Culture ရဲ့ သဘောက တင်းကျပ်မှုတွေ သိပ်မတွေ့ရဘူး။ စည်းမျဉ်းစည်းကမ်းကြီးတွေလည်း မဟုတ်ဘူး။ သူက ပုံစံတစ်ခုကို အသိုင်းအဝိုင်းထဲ ဆွဲသွင်းလိုက်တာမျိုး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဆံပင်ရှည်ထားလို့ လိုက်ထားတာမျိုးတွေ။ 
လူငယ်လေးတွေ Hip Hop ဂီတနောက်လိုက်ပြီး Rapper ပုံစံ အတုခိုးကြတာမျိုးတွေ။ နောက် အဲလိုမျိုးအလားတူပုံစံတွေ။ အခုဆိုရင် ဒါနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ ပြယုဂ်က မိုဘိုင်းယဉ်ကျေးမှုလို့ ပြောရမယ့် လူငယ်တွေရော၊ လူလတ်ပိုင်းတွေရော၊ လူကြီးပိုင်းတွေရော မိုဘိုင်းဖုန်းနဲ့ တောင်ပွတ် မြောက်ပွတ် လုပ်နေကြတာတွေ ဖြစ်တယ်လု့ိ ပြောနိုင်တယ်။
 
ဒီလိုမျိုး ဖြစ်လာကြတဲ့ လူ့ပတ်ဝန်းကျင်ပုံစံလေးကို ယဉ်ကျေးမှုလို့ ခေါင်းစဉ်တပ်လိုက်နိုင်တယ်။ အချိန်ကာလတစ်ခုအထိ တည်တံ့နေတဲ့ ယဉ်ကျေးမှုတွေလည်း ရှိနေတတ်တယ်။ ခဏလေးနဲ့ ပျောက်သွားတာတွေလည်း ရှိတယ်။ သေချာတာကတော့ ယဉ်ကျေးမှုဆိုတာ Custom လို့ခေါ်တဲ့ ဓလေ့ထုံးတမ်းတွေ မဟုတ်ပါဘူး။ လူ့ပတ်ဝန်းကျင်မှာ တစ်စုံတစ်ရာရဲ့ လွှမ်းမိုးမှုကနေ သူ့အလိုလိုဖြစ်လာတဲ့ ပုံစံပဲ။ လူမှုဘဝပြောင်းလဲမှုတွေဟာ ယဉ်ကျေးမှုတွေပါ ပြောင်းလဲသွားစေတယ်။ 
 
တစ်ခါတစ်ရံမှာ လုံးဝလက်ခံဖို့ မဖြစ်တဲ့ တခြားလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေကို တွေ့ရတတ်တယ်။ ယဉ်ကျေးမှုကတော့ အဲလိုမဟုတ်ဘူး။ သူက လူတွေရဲ့နေထိုင်မှု ပုံစံလေးပဲ။ ယဉ်ကျေးမှုလို့ ပြောရမယ့် ပုံစံတွေက ဘဝနဲ့ နီးစပ်တယ်။ 
 
ဓလေ့ထုံးထမ်းက ယုံကြည်ကိုးကွယ်မှုပိုင်းနဲ့ ပိုနီးစပ်တယ်။ ယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှု လုံးဝမပတ်သက်ဘူးလို့တော့ ဆိုလို့မရပေမယ့် ယဉ်ကျေးမှုဆိုတာ သူ့ချည်းသက်သက် အသားကျသွားတတ်တဲ့အရာမျိုးဆိုတာတော့ သေချာတယ်။ မကြာမကြာ ယဉ်ကျေးမှုအသစ်တွေနဲ့ ရင်းနှီးခွင့် ကြုံရတယ်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတာ ယဉ်ကျေးမှုနဲ့ လူမှုဘဝကို တွဲပြလိုက်တဲ့ စကားပုံတွေထဲက တစ်ခုလို့ မြင်မိပါတယ်။
 
ယဉ်ကျေးမှုဆိုတာ အသားကျဖို့ အချိန်ယူရသလို ကိုယ့်ပတ်ဝန်းကျင်နဲ့ မအပ်စပ်တဲ့ ယဉ်ကျေးမှုပုံစံကိုလည်း ယဉ်ကျေးမှုအသစ် တစ်ရပ်အဖြစ် ခေါ်ဆောင်လာဖို့ အရမ်းခက်ခဲနေပါလိမ့်မယ်။ နိုင်ငံခြား ရုပ်ရှင်ကားတွေမှာဆို အရေးကြီးတာတွေကို နိုက်ကလပ်မှာ အေးအေးဆေးဆေး ဆွေးနွေးကြတယ်။ သူတို့ က အပျော်သွားလိုက်တာ မဟုတ်ဘူး။ အလုပ်ကိစ္စ ဆွေးနွေးဖို့သွားတာ။ ဒါ သူတို့ရဲ့ ယဉ်ကျေးမှုပဲ။ ဒီသဘောတရားကို သိတဲ့အခါ ကျွန်တော်တို့ဆီက လူ့ပတ်ဝန်းကျင်တစ်ခု နဲ့တစ်ခု မတူညီတဲ့ ယဉ်ကျေးမှုတွေကိုလည်း ပိုမြင်တတ်လာပါလိမ့်မယ်။
 
ဒီလို ရေမြေရပ်ခြားကလာတဲ့ ယဉ်ကျေးမှုတွေထဲမှာ ကိုရီးယားဇာတ်ကားတွေကတော့ နေရာရတယ်။ တကယ်တော့ အဲဒီဇာတ်ကားတွေက ယဉ်ကျေးမှုမဟုတ်ဘူး။ အဲဒီဇာတ်ကားတွေမှာပါတဲ့ အကြောင်းအရာတွေကသာ ယဉ်ကျေးမှု။ သူတို့ ဘယ်လိုနေထိုင်ကြတယ်။ 
ဘယ်လိုပြောဆိုကြတယ်။ ဘယ်လို တစ်ဦးနဲ့ တစ်ဦးဆက်ဆံကြတယ်။ အဲဒါဟာ ယဉ်ကျေးမှုပဲ။ ဒီလိုယဉ်ကျေးမှုတွေ ကူးစက်တဲ့အခါ ပုံစံချင်းနီးစပ်တဲ့ အမျိုးအစားတွေက လွယ်လွယ်ကူးစက်တယ်။ အမျိုးအစားမတူတာတွေက အချိန်ကြာတယ်။ ခေတ်သစ် နယ်မြေချဲ့ထွင်မှုတွေမှာ စစ်လက်နက်တွေ၊ စစ်ပွဲတွေနဲ့ဆို တရားဝင်ဖို့ အရမ်းခက်တယ်။ နေထိုင်မှုပတ်ဝန်းကျင်စရိုက်ကို တခြားတစ်နေရာဆီ ပို့ဆောင်လိုက်နိုင်တာမျိုးက စီးပွားရေးအရကော နိုင်ငံရေး၊ လူမှုရေးအရပါ အသာစီးယူလိုက်နိုင်ခြင်းဖြစ်ပါရဲ့။
 
တစ်ခါတခါ တွေးမိတယ်။ တစ်နိုင်ငံထဲမှာ အတူနေကြတဲ့သူအချင်းချင်း ယဉ်ကျေးမှုမတူ ဖြစ်ရတာဟာ ဘာမှ မထူးဆန်းဘူးဆိုတဲ့အကြောင်း။ တစ်လမ်းတည်း တစ်ရပ်ကွက်တည်း နေကြတဲ့သူတွေချင်းတောင် ယဉ်ကျေးမှု မတူကြဘူးလေ။
 
တကယ်လို့ ယဉ်ကျေးမှုရဲ့ အဓိပ္ပာယ်အစစ်ကို ရှာဖွေနိုင်ကြမယ်ဆိုရင်ပေါ့။  ညဘက် အပြင်မထွက်ဖြစ်ကြတဲ့ လူငယ်တွေဟာ ဘယ်ကလပ်က ဘယ်လိုနာမည်ကြီးတယ်ဆိုတာမျိုးကို မသိကြဘူး။ သူတို့ကလည်း သူတို့ယဉ်ကျေးမှုနဲ့။ ဟိုလူငယ်တွေကလည်း ဟိုလူငယ်တွေ ယဉ်ကျေးမှုနဲ့။ ဒါတွေဟာ ယဉ်ကျေးမှုလို့ ရိုးရိုးပဲမြင်ဖို့လိုတယ်။ ဒီအပေါ်မှာ အပြစ်တွေ စွတ်မတင်မိဖို့ လိုတယ်။ အပြစ်တွေ မလုပ်မိဖို့ပဲ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်သူတွေက ထိန်းကျောင်းပေးသင့်တယ်။ ယဉ်ကျေးမှုတိုင်းမှာ အားသာချက်တွေ၊ အားနည်းချက်တွေကို ခါးပိုက် ပိုက်ထားကြလို့လေ။ 
 
သီအိုရီတွေ ခဏဘေးချပြီး ကျွန်တော် ခံစားမိသလိုပြောရမယ်ဆိုရင် ယဉ်ကျေးမှုဆိုတာ လူတွေနဲ့ အသားကျနေတတ်တဲ့ ပတ်ဝန်းကျင်ဓလေ့စရိုက်ပါပဲ။ သူက ကိုယ့်အနီးအနားက စဖြစ်တာမျိုးလည်း ဖြစ်နိုင်သလို အဝေးတစ်နေရာက ရောက်လာတာမျိုးလည်း ဖြစ်နိုင်တယ်။ နောက်ပြီး အဲဒီအပေါ်မှာ ရူးသွပ်မိနိုင်တယ်။ လိုက်ပါမိနိုင်တယ်။ စိတ်မဝင်စားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်စွဲထားတဲ့ ယဉ်ကျေးမှုတွေကတော့ ကျွန်တော် တို့တွေရဲ့ လူမှုဘဝရေစီးကြောင်းထဲမှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက် စီးဆင်းနေကြဦးမယ်ဆိုတာ ငြင်းမရနိုင်ပါဘူးဗျာ။