စာအုပ်

စာအုပ်
Published 10 April 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)ဘဝ၌ ပထမဆုံး ကိုင်ဖူးသောစာအုပ်က ဆင်နှစ်ကောင်ရုပ်ပုံလေးပါသော သင်ပုန်းကြီးစာအုပ် ဖြစ်သည်။ ထိုစာအုပ်သည် ကိုင်ကြည့်ဖူးကာမျှသက်သက် မဟုတ်။ ကိုယ်ပိုင် စာအုပ်တစ်အုပ်လည်း ဖြစ်သောကြောင့် မနှစ်က အမေတို့နှင့်အတူ စစ်ကိုင်းသို့ ခရမ်းချဉ်သီးရောင်း လိုက်သွားစဉ်က အမေဝယ်ပေးသော ဘောင်းဘီတိုလေးကို တယုတယ ရှိခဲ့သည့်နည်းတူ တယုတယဖြစ်ခဲ့ရသော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။အမေကြီးဆင်သည် ဇလုံအမောက်ထည့်ထားသော မြေပဲဇလုံကို ရွက်လျက် သူ့မြေးလက်ကိုဆွဲကာ ဘကြီးကြွယ်ကျောင်းသို့ အပ်နှံသည်။ သူ့မြေးလက်ထဲ၌ကား ဆင်နှစ်ကောင်ပုံလေးပါသော သင်ပုန်းကြီးစာအုပ်လေး တစ်အုပ်။ ထိုစဉ်က မိမိတို့ရွာ၌ အစိုးရမူလတန်းကျောင်းပင် မဖွင့်လှစ်နိုင်သေး။ ကကြီးခခွေး အိမ်ကိုပြေးအရွယ်။(၂)လေးတန်းအောင်ပြီး ကိုရင်ဝတ်နှင့် ရွာမှာနေစဉ် စစ်ကိုင်းတောင်ရိုး၌နေသော အစ်ကိုဝမ်းကွဲ ဦးဇင်းက “နောက်နှစ်ကျရင် တောင်ရိုးကိုခေါ်မည်၊ ရှင်ကျင့်ဝတ်ကျက်ထားနှင့်” ဆိုသဖြင့် ရှင်ကျင့်ဝတ်စာအုပ် ဝယ်ဖြစ်သည်။ နောက်တော့ သမ္မတ ဆယ်စောင်တွဲဝယ်ပြီး ပရိတ်ကြီးကျက်သည်။စစ်ကိုင်းရောက်သွားတော့ သုတ်စဉ်၊ သင်္ဂြ ိုဟ်စာအုပ်တွေ ဝယ်ရသည်။ ဝိနည်း၊ သဒ္ဒါကြီး စာအုပ်တွေ ဝယ်ရသည်။ ကိုရင်လေးဘဝက မဖြစ်ညစ်ကျယ် ကိုယ်ပိုင်စာအုပ်လေး ငါးအုပ်လောက်ကို ကိုယ့်ခေါင်းရင်းမှာထားပြီး တယုတယ၊ တရိုတသေ လုပ်နေခဲ့ရသည်ကိုက အတော်လေးတော့ ကြီးကျယ်သလိုရှိသည်။ နောက်တော့ အသက်တွေက ကြီးလာသည်။ အတန်းတွေက ကြီးလာသည်။ စာအုပ်တွေကလည်း များလာသည်။မိမိကို စစ်ကိုင်းသို့ ခေါ်ဆောင်ခဲ့သော နောင်တော်ဦးဇင်းသည် မိမိ၏ ငယ်ဆရာအရင်းလည်း ဖြစ်သည်။ သူက စာမေးပွဲပြဋ္ဌာန်းစာနှင့် မဆိုင်သော အပြင်စာတွေဖတ်ခြင်းကို လုံးဝမကြိုက်။ ဟိုအတီတေ ရှေးကာလက မိန်းကလေးများ ကာလပေါ်ဝတ္ထုဖတ်ခြင်းကို မိဘများက ကန့်ကွက်သလိုမျိုးနှင့် ဆင်ဆင်တူမည် ထင်ပါသည်။ တစ်ခါက နောင်တော်ဝမ်းကွဲ ကိုရင်ကြီးက ပတ္တမြားစေတီဘုရားပွဲဈေးမှ ဝတ္ထုစာအုပ်တစ်အုပ် ဝယ်လာသည်။ စာရေးဆရာက တက္ကသိုလ်ဟန်ဝင်းအောင်တဲ့ ။ ထိုစာအုပ်ကို ဆရာဦးဇင်းတွေ့သွားသည်။ မိုး ကို မီးမလောင်သော်လည်း စာအုပ်ကိုတော့ မီးအရှို့ခံလိုက်ရသည်။ ပိုင်ရှင်ရှာမတွေ့သော သိန်းဖေမြင့်၏ တက်ဘုန်းကြီးကိုလည်း ဆွဲဖြဲပြီး ချောက်ထဲလွှင့်ပစ်ခဲ့ဖူးသည်။ဆရာသမားက မည်သို့တားမြစ်နေသည်ဖြစ်စေ သူ့ညီတွေ သူ့တပည့်တွေ၏ ရင်ထဲ၌ စာအုပ်ပိုးက ဝင်ခဲ့ပြီဖြစ်သည်။ ထိုကိစ္စကို ဆရာသမား ရိပ်မိသေးဟန်မတူ။ သို့မဟုတ် မသိချင်ယောင်ဆောင်နေခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ ရွာ၌နေစဉ် သူငယ်ဘဝက ပထမဆုံး ဖတ်ဖူးသောစာအုပ်သည် လူထုဦးလှရေးသည့် ကရင်ပုံပြင်များစာအုပ် ဖြစ်သည်။ ပုံပြင်စာအုပ်ဆိုတော့ ဟိုအခန်းဖတ်လိုက် ဒီအခန်းဖတ်လိုက်မျှ ဖြစ်သည်။ တစ်အုပ်လုံးကုန်အောင် မဖတ်ဖူးခဲ့။ ကိုရင်ငယ်ဘဝ၌ တစ်အုပ်လုံးကုန်အောင် ဖတ်ဖူးသော ဝတ္ထုစာအုပ်က ရောင်နီ၏ ဝတ္ထုတစ်ပုဒ်ဖြစ်သည်။စာအုပ်အမည်ကို စဉ်းစား၍ မရတော့သော်လည်း ရှမ်းပြည်နယ် နောက်ခံဝတ္ထုတစ်ပုဒ်ဆိုတာကိုတော့ မှတ်မိနေသည်။ ဝတ္ထုစာအုပ်ကို ဖတ်ပြီးသွားတော့ လူက လေထဲပဲ လွင့်နေသလိုလို တိမ်ထဲပဲ မျောနေသလိုလိုနှင့်။ တစ်စုံတစ်ရာ လွတ်ထွက်နေသလို ခံစားရသည်။စာအုပ်ထဲက မြင်ကွင်းတွေချည်း မြင်နေတွေးနေမိသည်။ ကိုယ်လည်း မရောက်ဖူးပါပဲလျက် ကိုယ့်စိတ်ကူးနှင့် တည်ဆောက်ထားသော ရှမ်းပြည်ကြီးကို စိတ်က အတော်နှင့် ဖျောက်မရ။ ဝတ္ထုစာအုပ်တစ်အုပ်ကို အစအဆုံးဖတ်ဖူးသော ပထမအကြိမ်ခံစားချက်က ထိုအတိုင်းပဲဖြစ်ခဲ့သည်။သို့ဖြင့် စာအုပ်ဖတ်ချင်စိတ်တို့ တစ်စတစ်စ ပိုမိုခိုင်မာလာသည်။ စာအုပ်တွေကို ဖတ်ချင်သည်။ နဝကမ္မကလည်း မရှိ။ မဖြစ် ညစ်ကျယ်နဝကမ္မကို ဆရာက သိမ်းထားသည်။ မရှိတော့ မဝယ်နိုင်။ ငှားဖတ်ရုံလောက်တော့ တတ်နိုင်သည်။ သို့ဖြင့် လိုလျှင်ကြံဆ နည်းလမ်းရလာခဲ့သည်။ ထိုစဉ်က တောင်ပေါ်၌ ရေရှားသည်။ ညနေခင်းရောက်တိုင်း မြစ်ဆိပ်ကို ရေဆင်းချိုးရသည်။ ရေချိုးပြီးအပြန် သရက်ပင်ဆိပ်ဘက်ကို လှည့်သည်။ ပြီးတော့ အငှားဆိုင်မှ စာအုပ်တစ်အုပ်ကို ငှားခဲ့သည်။ ဆရာသမားမြင်သွားလို့လည်း မဖြစ်။ ခေါင်းမြီးခြုံလုံပါပေ့ လုပ်ရသည်။ထိုစာအုပ်ကို ညရောက်တော့မှ ဖတ်ရသည်။ ထိုစဉ်က လျှပ်စစ်မီးကလည်း မရှိသေး။ ဘုရားမီးပူဇော်သော မီးစက်ကြီးက ည ၉ နာရီဆိုလျှင် ပိတ်သည်။ စာအံ၊ စာပြန်ကိစ္စလည်း သိမ်းသည်။ ကိုယ့်အိပ်ရာထဲရောက်ခါမှ လသာမှန်အိမ်လေးကို ထွန်းမီးရောင်ကို အပြင်မှမမြင်ရလေအောင် အကာအကွယ်ပြုပြီးမှ ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရသည်။ စာတစ်အုပ်ဖတ်ရဖို့အရေး စွန့်စားခန်းဝင်ခဲ့ရသော ငယ်ဘဝကာလများ။ဖွတ်ကလိဒင်္ဂါးကို တရားဝင်ကိုင်ခွင့်ရပြီဆိုတော့ စာအုပ်ကလေးဘာလေး ဝယ်နိုင်လာသည်။ ထိုစဉ်က မိမိတို့၏ ဇာတ်လိုက်ကျော်က ကာတွန်းမြင့်သိန်း၏ တစ်ကျပ်တန် စံရွှေမြင့်ရုပ်ပြ ဖြစ်သည်။ မန္တလေးကို ညအိပ်သွားဖြစ်လျှင် ညဈေးတန်းကို ရောက်အောင်သွားသည်။ ၂၆-လမ်း အရှေ့ထိပ်ပိုင်း၌ စာအုပ်ဟောင်းအရောင်းဆိုင်တွေ တန်းစီနေသည်။ စာအုပ်ပုံများ ရှေ့ဆောင့်ကြောင့်ထိုင်ပြီး စာအုပ်တွေကို မွှေနေရသည်ကို အရသာ။ မိမိညီ ဝမ်းကွဲကိုယ်တော်တစ်ပါးဆိုလျှင် စာဖတ်က သိပ်မြန်သည်။ မိမိကလည်း စာအုပ်မွှေတာ အချိန်ကြာတတ်သည်။ ကဲ ပြန်ကြစို့ဆိုတော့ သူက စာတစ်အုပ်လောက်ကို ကုန်အောင်ဖတ်ပြီးနေပြီ။နေ့လယ်နေ့ခင်း မန္တလေးကိုရောက်သည့်ကာလမျိုး၌ နာရီစင်ကြီးအောက်က မန်းတိုင်းသမ စာအုပ်အရောင်းဆိုင်ကို ဝင်သည်။ ဈေးချိုတော်တောင်ဘက်က ရဲရင့်စာအုပ်ဆိုင်ကို ဝင်သည်။ ကျောက်တော်ကြီးပွဲ ရာသီရောက်လျှင်လည်း စာအုပ်ဟောင်းဈေးတန်းမှာ အချိန်ကုန်တာကများသည်။ စာအုပ်ချင်းအတူတူ အဟောင်းဈေးတန်းထဲ ဝင်မွှေပြီး ဝယ်ခဲ့သောစာအုပ်ကိုမှ စာအုပ်ထင်ချင်သည်လားမဆိုနိုင်။ တကယ်တော့ ထိုသို့မဟုတ်။ ဖွတ်ကလိဒင်္ဂါး၏ အလျားအနံကို ချိန်ဆနေရသောကြောင့် အသစ်စက်စက်ဘက်ကို မလှည့်နိုင်ရာမှ အဟောင်းဈေးထဲ တဝဲလည်လည်ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။ကိုယ်ဝယ်လာသောစာအုပ်ကို ကိုယ့်ဘာသာချုပ်သည်။ စက္ကူဂျပ်ပြား၊ ဖောက်စူး၊ နိုင်လွန်ကြိုးနှင့် စာအုပ်ဖိသောညှပ်တို့ကို ဆောင်ထားသည်။ နောက်ပိုင်းရောက်သော် ပင်အပ်နှင့် ရိုက်သွင်းပြီး ချုပ်သောနည်းသစ်ကို ရခဲ့သည်။ ဆရာသမား သိသွားမည်စိုးသောကြောင့် ဝယ်လာသောစာအုပ်၌ ကိုယ့်အမည်ကိုပင် ကမ္ပည်းမတင်ဖြစ်ခဲ့သည့်ကာလ။(၃)ငွေတစ်ဆယ်ချေးပြီး ပြန်မပေးဘဲထားခြင်းကို စိတ်ထဲ သိပ်မခံစားရသော်လည်း ငါးကျပ်မျှတန်သည့် စာတစ်အုပ်ကို “ခဏဖတ်ချင်လို့” ဆိုပြီး ငှားလာမည့်သူများကိုတော့ ကြောက်သည်။ အချို့က စည်းကမ်းမရှိချင်။ သူများစာအုပ်လည်း ငှားဖတ်သေး၊ စာမျက်နှာတွေကို ခေါက်ချိုးချိုးချင် ချိုးကြသည်။  မင်နီမင်ပြာတွေနှင့် အန်ဒါလိုင်းတွေ တားချင်တားကြသည်။ ဘာလို့ အဲလိုလုပ်ရတာလဲဆိုတော့ “အဲဒီစာသားတွေ ကြိုက်လို့”တဲ့။ ခက်ဘူးလား။ကိုယ်ပိုင်စာအုပ်စင်ရှိသော အချို့ပုဂ္ဂိုလ်များကတော့ ရှင်းသည်။ “ပြင်ပသို့ စာအုပ်မငှားပါ” ဟု မြင်သာ ထင်သာရေးထားသည်။ ထိုစာတန်းကိုကြည့်ပြီး ထိုပုဂ္ဂိုလ်၏ ခံစားချက်ကို မြင်လိုက်ရ၏ဟု ထင်သည်။ မိမိသိသော ဘုန်းတော်ကြီးတစ်ပါးကတော့ စာအုပ်တွေကလည်း အများကြီး၊ ငှားချင်သူငှား၊ ကြိုက်သလောက်ငှား၊ ငှားပြီးရင်တော့ ပြန်ပို့၊ စာအုပ်စင်ရှေ့မှာ စာအုပ်ငှားစာရင်း စာအုပ်ကြီးနှင့် ဘောပင်တစ်ချောင်း ချထားပေးသည်။ အဲဒီထဲမှာ ကိုယ့်အမည်၊ ကိုယ်ငှားသော စာအုပ်နှင့် ငှားရမ်းရက်စွဲတို့ကို ကိုယ့်ဘာသာ စာရင်းသွင်းခဲ့ပေတော့။ရဟန်းငယ်ဘဝက ရောက်လေရာအရပ်မှာ “စာအုပ်အငှားဆိုင် ဘယ်နေရာမှာရှိသလဲ” ကို စူးစမ်းချင်သည့်ဉာဉ်ရှိသည်။ နီးနီးဝေးဝေး အရောက်သွားပြီး ငှားဖြစ်သည်။ ကြာတော့ အချို့စာအုပ်အငှားဆိုင်က လူတွေနှင့် မိသားစုလို ဖြစ်သွားသည်။ စာအုပ်ငှားခလည်း မယူကြတော့။ မယူကြရုံမျှမက မိမိ ဖတ်နေကျ စာအုပ်များကိုလည်း တကူးတက ချန်ပေးထားတတ်ကြသည်။ လွမ်းချင်စရာ။ ခုတော့ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုက ကွယ်လုမတတ် ဖြစ်ခဲ့ပြီ ထင်သည်။ရန်ကုန်ရောက်တော့ မြေနီကုန်းစာအုပ်တန်းကို ရောက်ဖြစ်သည်။ သို့သော် မိမိအများဆုံးမွှေဖြစ်သော စာအုပ်ဈေးတန်းက ပန်းဆိုးတန်းလမ်းမှ ဆိုင်များဖြစ်သည်။ ကျမ်းကိစ္စအတွက် အပူတပြင်းဖြစ်ခဲ့စဉ်ကာလများက ဥပုသ်နေ့တိုင်း ပန်းဆိုးတန်းကို ရောက်သည်။ ကြွင်းသောနေ့များ၌ ကမ္ဘာအေးကုန်းမြေရှိ သုတေသနစာကြည့်တိုက်မှာပဲ  တစ်မနက်ခင်း အချိန်ကုန်သည်။ စာကြည့်တိုက်ရောက်တော့ စာအုပ်ကမ္ဘာက ပိုမိုကျယ်ပြန့်သွားသည် ထင်ရပါ၏။ငယ်ငယ်ကတော့ ရုပ်ပြနှင့်ဝတ္ထုစာအုပ်တို့ကို အဖတ်များသည်။ အရွယ်ရလာတော့ ဘာသာပြန်စာအုပ်များ။ နောက်တော့ လစဉ်ထုတ်မဂ္ဂဇင်းများ။ နောက်တော့ အပတ်စဉ်ထုတ်ဂျာနယ်။ မိမိဘဝ၌ စာဖတ်သည့်ပုံစံတွေက ထိုပုံထိုနည်းအတိုင်း ပြောင်းလဲလာခဲ့ရသည်။ ဒါဖြင့် “အခုကော” တဲ့။(၄)လွန်ခဲ့သော တစ်နှစ်ကျော်ကာလက မိတ်ဆွေတစ်ယောက် ရောက်လာသည်။ မိမိကြည့်ချင်တာကြည့်ဖို့၊ မျက်စိပွင့်ဖို့ဆိုပြီး စာအုပ်တစ်အုပ် လုပ်ပေးခဲ့သည်။ ဝယ်ပေးခဲ့ခြင်း မဟုတ်။ လုပ်ပေးခဲ့ခြင်းဖြစ်သည်။ Facebook တဲ့။ အင်း အဲဒါလည်း စာအုပ်တစ်အုပ်ပဲ ထင်ပါရဲ့။တစ်ခုတော့ရှိသည်။ ထိုစာအုပ် လက်ထဲရောက်လာပြီဆိုကတည်းက မိမိ၏ စာအုပ်ကမ္ဘာလည်း ကျွမ်းထိုးမှောက်ခုံဖြစ်တော့သည်။ ဝယ်ပြီး မဖတ်ဖြစ်နိုင်သော စာအုပ်တွေက တစ်စတစ်စ ပိုများလာသည်။ အပုံလိုက်ကြီး ဖြစ်လာသည်။ ကြာတော့ စာရေးဆရာများကိုပင် အားနာလာမိသည်။  မိမိ၏ အကျင့်ဆိုးတစ်ခုက ဘာအမြတ်အစွန်းမျှ မရမည်ကို ဧကန်သိပါလျက် ရေးမိသမျှလေးတွေကိုစုပြီး စာအုပ်ထုတ်လိုခြင်း ဖြစ်သည်။ ထိုထိုစာအုပ်ကလေးများကို “ထွန်းဦး၊ နဂါး၊ ရာပြည့်မန္တလေး” တို့သို့ အရောင်းပစ္စည်းအဖြစ် ပို့ထားသည်။ အစပိုင်းကတော့ နှစ်လတစ်ကြိမ်လောက် သွားပြီး စုံစမ်းမေးမြန်းဖြစ်သည်။ “အခြေအနေဘယ်လိုလဲဗျ” မေးမိလေတိုင်း စာအုပ်က အရာသိပ်မယွင်းချင်။ ကြာတော့ သိပ်မသွားဖြစ်တော့။“အေးလေ၊ ငါတောင်မှ ဆရာကြီးတွေရေးတဲ့ စာအုပ်တွေဝယ်ပြီး မဖတ်ဖြစ် မဖတ်အား ဖြစ်နေသေးတာပဲ။ ငါရေးတဲ့စာအုပ်ကိုရော ဘယ်လိုလူတွေက အချိန်ပေးပြီး ဝယ်ဖတ်ချင်လောက်အောင် စိတ်ဝင်စားကြမှာတဲ့လဲ။ နောက်ပြီး ငါက အရှင်ဇနကာဘိဝံသမှ မဟုတ်တာ။ တက္ကသိုလ်ဘုန်းနိုင်မှ မဟုတ်တာ။ မိုးမိုး (အင်းလျား) မှ မဟုတ်တာ။ ဂျူးမှ မဟုတ်တာ”  စသည်ဖြင့် ကိုယ့် ကိုယ်ကိုယ် နားချရသည်။(၅)ပုဂံခေတ်ကတော့ စာကိုကျောက်ပြား၌ ရေးထွင်းခဲ့သည်။ အင်းဝခေတ်က ပေဖူး၌ ရေးထိုးခဲ့သည်။ ရတနာပုံခေတ်သို့ ရောက်သော် ပုံနှိပ်ခဲစာလုံးများကို အသုံးပြုနေပြီ။ ယခုတော့ အဆိုပါခဲစာလုံးသည်ပင် ရှေးဟောင်း ပစ္စည်းစာရင်းဝင်ခဲ့လေပြီ။ ခုခေတ်က ကွန်ပျူတာစာလုံးခေတ်၊ ဗိုင်ဗာဖြင့်၊ အီးမေးလ်ဖြင့် စာအပြန်အလှန်ပို့သည့်ခေတ်၊ သို့မဟုတ် အင်တာနက်ဖွင့်ပြီး စာဖတ်ကြသည့်ခေတ်။မိမိတို့ငယ်ငယ်က လူငယ်များ လက်ဖက်ရည်ဆိုင်ထိုင်လျှင် စာအကြောင်း ကဗျာအကြောင်း ငြင်းကြခုံကြသည့် မြင်ကွင်းမျိုးကို အများဆုံးတွေ့ရတတ်သည်။ ဖတ်လက်စစာအုပ်ကို လက်ကြားညျပ်ရင်း ဘတ်စ်ကားစောင့်နေသူ၊ မျဉ်းကျားကူးနေသူမျိုးကို တွေ့ရတတ်သည်။ယခုတော့ မြင်ကွင်းတွေက ခြားနားခဲ့ပြီ။ ယခုခေတ်က လက်ကိုင်ဖုန်း ခေတ်၊ လက်ဖက်ရည်ခွက်ရှေ့ချပြီး Facebook  ကို ဖွင့်ကြည့်သည့်ခေတ် ဖြစ်ခဲ့ပြီ။ရှင်မဟာရဋ္ဌသာရ၏ မူရင်းပျို့ကဗျာကို လေ့လာလိုလျှင် ရှေးဟောင်းဘုန်းကြီးကျောင်းအချို့သို့သွားပြီး ပေစာထုတ်များကို လှန်လှောရှာဖွေကြည့်ရသော ကာလတစ်ခု အမှန်တကယ်ရှိခဲ့သည်။ ကာလပေါ် မြန်မာဝတ္ထုမူရင်းစာအုပ်များကို လေ့လာဖို့ အမျိုးသားစာကြည့်တိုက်ကိုသွားပြီး လှန်လှောရှာဖွေရသည်ဆိုသောခေတ်ကတော့ အတော်နှင့် ရောက်မလာသေးဘူးထင်ပါရဲ့။တစ်ခါကတော့ စာအုပ်နှင့် ပတ်သက်လာလျှင် ထမင်းမေ့ဟင်းမေ့ ရူးသွပ်ခဲ့ကြသည့် လူငယ်အတော်များများကို တွေ့ခဲ့ဖူးပါ၏။ ခုကာလလူငယ်တွေက စာအုပ်အပေါ် ဘယ်လို သဘောထားကြပါလိမ့်။ ဘယ်လို ရင်ခုန်ကြပါလိမ့်။ စိတ်က သိချင်နေမိသည်။