၂ဝ၁၅ ရွေးကောက်ပွဲကို NLD အနေဖြင့် သပိတ်မှောက်ခြင်းမလုပ်ဟု အပြတ်ပြော၍ မရကြောင်းနှင့် ဖြစ်နိုင်စရာ အားလုံးအပေါ် မူတည်ဆုံးဖြတ်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဧပြီ ၉ ရက်တွင် နေပြည်တော် လွှတ်တော်အဆောက်အအုံ I-12 ၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်တဲ့ အခြေအနေဖြစ်နိုင်လားဆိုတာ ဒါက အပြတ်ပြောလို့ မရဘူး။ နိုင်ငံရေးမှာ ဟိုဟာလုံးဝမဖြစ်နိုင်ဘူး၊ ဒီဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ဘယ်လိုမှ အပြတ်ပြောလို့မရဘူး။ ရွေးကောက်ပွဲကို သပိတ်မမှောက်ပါဘူး ဆိုတာလည်း အပြတ်ပြောလို့ မရပါဘူး။ အခြေအနေကို ကြည့်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားရမှာပဲ။ ဘယ်လိုအခြေအနေတွေ ဖြစ်မယ်ဆိုတာ မပြောနိုင်တာကို။ ဒါကြောင့်မို့ နိုင်ငံရေးမှာ ဖြစ်နိုင်ခြေတွေ အားလုံးအပေါ်မှာ အခြေခံပြီး ရွေးချယ်နိုင်မယ့် လမ်းတွေအားလုံး ဖွင့်ထားတယ်ဆိုတဲ့ သဘောပါပဲ။ သပိတ်မှောက်မယ့် လမ်းကိုလည်း မပိတ်ထားဘူးပေါ့။ ဒီနေ့နဲ့မနက်ဖြန်တောင် ဘာဖြစ်မယ်ဆိုတာ ပြောလို့ရတာ မဟုတ်ဘူး” ဟု ပြောကြားသည်။
ထို့ပြင် ၂ဝ၁၅ ရွေးကောက်ပွဲ အောင်မြင်ရေးသည် အဘက်ဘက်နှင့်ဆိုင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ လွှတ်တော်အပြင် တပ်မတော်နှင့်လည်း ဆိုင်ကြောင်း၊ မီဒီယာနှင့်လည်း ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရွေးကောက်ပွဲ သပိတ်မှောက်သည့်အတွက် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်မှုရှိပါသလားဆိုသည့် သတင်းထောက်များ၏ မေးခွန်းအပေါ် “ဒါက သူ့စည်းကမ်းပဲ။ သူ့စည်းကမ်း အတိုင်းပဲဖြစ်မှာပေါ့” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ်များကို အကြောင်းပြ၍ ရွေးကောက်ပွဲကို နောက်ဆုတ်ခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းကထည့်သွင်း ပြောကြားသည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အနေဖြင့်လည်း မည့်သည့်ပါတီဝင် ဖြစ်ခဲ့စေကာမူ ရွေးကောက်ပွဲ၌ တရားမျှတမှုရှိစွာ ဆောင်ရွက်ပေးမှု ရှိ၊ မရှိ ဆိုသည်ကိုသာ စောင့်ကြည့်ရန် လိုအပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် ယင်းရလဒ်အား စစ်အစိုးရက အကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့ရန် ငြင်းဆန်ခံခဲ့ရကာ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်အများစုမှာ အကျဉ်းချခြင်း ခံခဲ့ရသည်။
၂၀၁၅ ရွေးကောက်ပွဲကို NLD အနေဖြင့် သပိတ်မှောက်ခြင်းမလုပ်ဟု အပြတ်ပြော၍ မရကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ အကြောင်းပြ၍ ရွေးကောက်ပွဲကို နောက်မဆုတ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား















