ဆရာကြီး ဦးမြင့်ခင်ဗျာ . . .ဆရာကြီးက ဧပြီ ၄ ရက် နေ့စွဲနဲ့ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာကို ဧပြီ ၅ ရက်မှာ လက်ခံရရှိပါတယ်။ဒီပေးစာက ဆရာကြီးရဲ့သဘောထားလား၊ သမ္မတ ဦးသိန်းစိန် ရေးခိုင်းလို့ ရေးရတာလားတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် သိသလောက်တော့ ဧပြီ ၄ ရက်မှာ စီးပွားရေးအကြံပေးတွေ၊ စီးပွားရေးနဲ့ လူမှုရေး အကြံပေး ကောင်စီမှာ ပါဝင်သူတွေကို သမ္မတဦးသိန်းစိန်က ခေါ်မယ်လို့ သတင်းကြိုရခဲ့တယ်။ အဲဒီနေ့ရက်စွဲနဲ့ ဆရာကြီးက ကျွန်တော့်ဆီကို ပေးစာရေးတယ်။ အဲ့ဒီအစည်းအဝေး တကယ် လုပ်ဖြစ်ခဲ့ရင်တော့ မေးခွန်း ထုတ်စရာတွေ ရှိပါတယ်။(၁)ဆရာကြီးရဲ့ပေးစာက ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးထားတာမို့ ကျွန်တော်ကလည်း ပုဂ္ဂိုလ်ရေးရှုထောင့်ကပဲ ပြန်ရေးပါရစေ။အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ ပညာရှင် ဆရာကြီးတစ်ဦးက အသက် ၂၉ နှစ်ပဲရှိသေးတဲ့ ကျွန်တော့်ဆီကို တကူးတက အိတ်ဖွင့်ပေးစာ ပို့ခဲ့တာမို့ ကျေးဇူးတင်ကြောင်း ပထမဆုံးပြောပါရစေ။ ကျွန်တော့်အဖို့ ဆရာကြီးဟာ အဖေအရွယ်တောင်မဟုတ်ပဲ အဘိုး အရွယ်ဖြစ်နေပါတယ်။ဆရာကြီးရဲ့ပေးစာက မတ် ၃၁ ရက်ထုတ် Weekly Eleven သတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "မြန်မာ့စီးပွားရေးပြိုလဲသွားနိုင်သလား . . ." ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ ပေးစာပါ အချက်တွေကို ကြည့်တဲ့အခါ မူရင်း ဆောင်းပါး အင်္ဂလိပ် ဘာသာပြန် အလွဲတွေကို အများဆုံး ထောက်ပြခဲ့တာတွေ့ရပါတယ်။အဲဒီဆောင်းပါးကို ကျွန်တော်က မြန်မာလို ရေးခဲ့တယ်။ Eleven Media Group ရဲ့ ဘာသာပြန် ဌာနက အင်္ဂလိပ်လို ပြန်ခဲ့တာပါ။ ဒါကြောင့်မို့ ဆရာကြီးအနေနဲ့ ကျွန်တော့်ကို မြန်မာလို ပြန်ရေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အင်္ဂလိပ်စာ သင်ကြားပေးချင်ရုံနဲ့ ဒီလောက် စာအရှည်ကြီး ရေးနေစရာ မလိုဘူး ထင်ပါတယ်။ဆရာကြီး ထောက်ပြခဲ့တဲ့ အချက်တွေကို ပြန်မရှင်းခင်မှာ ကျွန်တော်တို့ လူငယ်တွေရဲ့ဘဝကို အရင် ရှင်းပြချင်ပါတယ်။ ဘာကြောင့် ရှင်းပြရသလဲဆိုရင် လူငယ်တွေရဲ့ဘဝကို ဆရာကြီး မသိဘူးဆိုတာ ပေးစာမှာပဲ ထင်ရှားနေလို့ပါ။ကျွန်တော်တို့က ဆရာကြီးလို အင်္ဂလိပ်စာလည်း ကျွမ်းကျွမ်းကျင်ကျင် မတတ်ပါဘူး။ စီးပွားရေးပညာလည်း ဆရာကြီးတို့လောက် မနှံ့စပ်ပါဘူး။ ဒီအတွက် နှိမ်လို့ရပါတယ်။ ဆက်ပြီး နှိမ်ချင်ရင်လည်း နှိမ်ပါ။ ဒါပေမယ့် ကျွန်တော်တို့လို သန်းဆယ်ချီ ရှိနေတဲ့ လူငယ်တွေ ဘာကြောင့် ဆရာကြီးတို့လို မတတ်သလဲ ဆိုတာကိုတော့ ပြောချင်ပါတယ်။(၂)ကျွန်တော်တို့က ဆရာကြီးတို့လို့ ပညာရေး စနစ်ကောင်းကို မမှီခဲ့ပါဘူး။ ရိုက်ချိုးခံ ပညာရေးစနစ်နဲ့ နှစ် ၆၀ ကြာ အာဏာရှင် စနစ်အောက်မှာ ဖိနှိပ်ခံရမှုတွေနဲ့ ကျွန်တော်တို့ ကြီးပြင်းခဲ့ပါတယ်။ဆရာကြီးက ရန်ကုန် တက္ကသိုလ်မှာ ပညာ ဆည်းပူးခဲ့တယ်။ အင်္ဂလိပ်စာပေ၊ နိုင်ငံရေးနဲ့ စီးပွားရေးပညာရပ်တွေ ကောင်းကောင်း သင်ယူခွင့်ရခဲ့သူပါ။ အမေရိကန် Cornell တက္ကသိုလ်မှာ စီးပွားရေးပညာနဲ့ မာစတာ ရခဲ့တယ်။ California တက္ကသိုလ် Berkeley က စီးပွားရေး ပါရဂူဘွဲ့ ရခဲ့တယ် မဟုတ်လား။ကျွန်တော်ကတော့ ဆရာကြီးလို မဟုတ်ပါဘူး။ အလွတ်ကျက် ရေးဖြေ ပညာရေး စနစ်အောက်မှာ ပညာသင်ခဲ့တယ်။ ရက် ၃၀ ပညာရေးစနစ်(ပညာသင်နှစ် တစ်နှစ်မှာ အနီးကပ် ၁၀ ရက်၊ သုံးနှစ်ဘွဲ့တစ်ခုပညာရေး)နဲ့ အဝေးသင်တက္ကသိုလ်မှာ စီးပွားရေးပညာသင်ယူခဲ့ရသူပါ။နောက်ပြီး ကျွန်တော်တို့က ဆရာကြီးလို လူသိများ ထင်ရှားတဲ့ ကြေးရတတ် မိသားစုဝန်းကျင်က ပေါက်ဖွားလာသူ မဟုတ်ဘူး။ ကျွန်တော်တို့ ပညာသင်ဖို့ ကျွန်တော်တို့ ကိုယ်တိုင် ရုန်းကန်ခဲ့ရတာပါ။အဖေက စစ်မှုထမ်းဟောင်း (အရာရှိမဟုတ်ပါဘူး)၊ အမေက မှီခိုသူ၊ အာဏာရှင်စနစ်ဆိုးနဲ့ ဖိနှိပ်ခံရမှုအောက် ရုန်းကန်ခဲ့ရသူ မိသားစုတွေထဲ ကျွန်တော်ပါခဲ့တယ်။ကျွန်တော့်မိဘက အခြေခံပညာ အဆင့်ထိပဲ ပညာရေးအတွက် ထောက်ပံ့နိုင်ခဲ့တယ်။ ကိုးတန်း၊ ဆယ်တန်း ရောက်ချိန်မှာ ပညာသင်စရိတ် အထောက်အကူဖြစ်ဖို့ နွေရာသီဆို နေ့စား အလုပ်တွေရှာခဲ့ပါတယ်။ ဆယ်တန်းအပြီး ပညာ ဆက်သင်ဖို့ဆိုရင် အဝေးသင်တက္ကသိုလ်တစ်ခုပဲ ကျွန်တော်တို့အတွက် အမြင့်ဆုံး မျှော်မှန်းချက်ဖြစ်ခဲ့တယ်။အဝေးသင်တက္ကသိုလ်ကိုရွေးချယ်မှ အလုပ်တစ်ဖက်နဲ့ ပညာဆက်သင်နိုင်မယ်။လစဉ်ဝင်ငွေရှိမှ မိသားစုကိုထောက်ပံ့နိုင်မယ်။ အခုထိလည်း ကျွန်တော့်မိသားစုကို ကျွန်တော်တစ်ဦးတည်းက ထောက်ပံ့နေပါတယ်။ကျွန်တော်တစ်ယောက်ထဲ ဒီအခြေအနေကို ဖြတ်သန်းခဲ့ရတာမဟုတ်ဘူး။ ကျွန်တော့်လို သန်းဆယ်ချီရှိတဲ့ လူငယ်တွေ ဒီလို အခြေအနေကို ဖြတ်သန်းခဲ့ရတာပါ။ အစိုးရပညာရေးစနစ်အောက်မှာ ဘာ ထောက်ပံ့မှုမှမရခဲ့ဘူး။ ကျူရှင် မတက်နိုင်ကြဘူး။ ပညာဒါနကျောင်းတွေကိုပဲ ကျွန်တော်တို့အားကိုးခဲ့ပါတယ်။ဆရာကြီးတို့ခေတ်နဲ့ မတူခဲ့ပါဘူး။ ဒါတွေ ဘာကြောင့်ဖြစ်လဲ ဆရာကြီး သိမယ်ထင်ပါတယ်။ ဆရာကြီးရဲ့ ပေးစာက ကျွန်တော်တင်မကဘူး။ ကျွန်တော်လို့ သန်းဆယ်ချီရှိနေတဲ့ လူငယ်တွေကို ပြောတယ်လို့ ယူဆတယ်။ ငါတို့လောက်မတတ်ပဲ မင်းတို့ ဘာမှ မပြောနဲ့ ဆိုတဲ့ပုံစံမျိုး၊ တလွဲမာနကြီးပြီး လူငယ်တွေကို နှိမ့်ချလိုက်ခြင်းပါပဲ။ကျွန်တော်တို့ ဆရာကြီးတို့လောက် မတတ်ရတဲ့အကြောင်းကိုတော့ ဆရာကြီးက ဘာမှမပြောဘူး။ ကျွန်တော်တို့ မတတ်တာက ပညာရေးစနစ် ရိုက်ချိုးခံရမှုကြောင့် ဖြစ်လာတာပါ။ ဆရာကြီးလို အမေရိကန်မှာ ပညာမသင်ခဲ့၊ မတတ်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ ညီငယ်တွေ၊ ညီမငယ်တွေကို ဆရာကြီးတို့လို တတ်အောင် ကျွန်တော်တို့ ကြိုးစားနေကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဆရာကြီးတို့လို တတ်အောင် ကိုယ်ပိုင် အစွမ်းအစနဲ့ ကြိုးစားနေတယ်။ဦးနေဝင်း၊ ဦးသန်းရွှေ အခုနောက်ဆုံး ဦးခင်ညွန့်အထိ ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ ပညာရေးစနစ်ကြောင့် ကျွန်တော်တို့လို့ သန်းဆယ်ချီရှိတဲ့ လူငယ်တွေရဲ့ အနာဂတ်ပါ ရိုက်ချိုးခံခဲ့ရတာပါ။ ဒါတွေကို နာကြဉ်းမှု အခြေခံနဲ့ ပြောနေတာမဟုတ်ဘူး။ ပြန်ပြင်ဖို့ လိုတယ်ဆိုတာကို ပြောနေတာပါ။ပထမဆုံး ရိုက်ချိုးခံထားရတဲ့ ပညာရေးစနစ်ကို ပြင်ဖို့လိုတယ်။ ပြင်နိုင်ဖို့ ကျွန်တော်တို့ လူငယ်တွေ ကြိုးစားနေတယ်။ အခုတောင် လက်ပံတန်းကိုရောက်လာခဲ့ပြီ မဟုတ်လား။ ဒါပေမဲ့ ဆရာကြီးရဲ့ပေးစာက လက်ပံတန်း အထိချီတက်ပြီး ထောင်ထဲရောက်နေတဲ့ လူငယ်တွေကို မစာနာပဲ အပြစ် ပြောနေသူတွေရဲ့ သဘောထားနဲ့ အတူတူပဲ။ ဖိနှိပ်ခံ လူငယ်တွေကို မစာနာပဲ အာဏာရှင်တွေ အလိုကျ ပြောနေသူတွေရဲ့ သဘောထားနဲ့ ဆရာကြီးရဲ့သဘောထား သိပ်မကွာဘူးဆိုတာ ဆရာကြီးရဲ့ပေးစာက သက်သေခံနေတယ်။(၃)ချိုးနှိမ်ခံ၊ ဖိနှိမ်ခံပညာရေးအောက်မှာ ကြီးပြင်းခဲ့ပေမဲ့ ကျွန်တော်တို့ ရပ်မနေခဲ့ပါဘူး။ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။အသက် ၁၇ နှစ်မှာ လခစား အလုပ်ကို ကျွန်တော်စလုပ်တယ်။ စာအုပ်ဆိုင် တစ်ခုမှာ အရောင်း ဝန်ထမ်းလုပ်ခဲ့တာ။ အသက် ၁၉ နှစ်မှာ ဂျာနယ်လစ်အလုပ်ကို ကျွန်တော်ရွေးချယ်ခဲ့တယ်။ Eleven Media Group မှာ အငယ်တန်း သတင်းထောက်ဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော့်အသက် ၂၉ နှစ်၊ ဂျာနယ်လစ်လုပ်သက် ၁၀ နှစ် ပြည့်ပါပြီ။ဒီနေရာမှာ ကျွန်တော်တို့ Eleven Media Group က အင်္ဂလိပ်ပိုင်းဌာနက လူငယ်အယ်ဒီတာ ကိုဇေယျာနန္ဒအကြောင်း ပြောပြချင်တယ်။ သူ့အသက်က ၂၁ နှစ်ပဲရှိသေးတယ်။ (သူက ကျွန်တော်ရဲ့ မြန်မာပြန်ဆောင်းပါးကို ဘာသာပြန်ခဲ့သူတွေထဲက တစ်ဦးအပါအဝင်ပါ။ သိရသလောက်လည်း သူတို့ရဲ့ဘာသာပြန်မှုက ဆရာကြီး ပြောနေသလောက် မလွဲလောက်ပါဘူး။ ဒီအကြောင်းကို နောက်ပိုင်း ဆက်ပြောသင့် ပြောပါမယ်)ကိုဇေယျာနန္ဒက ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်အရေးအခင်းနဲ့ ပတ်သက်ပြီး နယ်စပ်ကို ထွက်ပြေးခဲ့ရတယ်။ ဆယ်တန်းမအောင်ခဲ့ဘူး။ ဒီနိုင်ငံ ပြန်ရောက်တဲ့အခါ ကျောင်းပြန်တက်ဖို့ အခက်အခဲရှိခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ Self-Study ကြောင့် အင်္ဂလိပ်စာ ထူးချွန်ခဲ့တယ်။ IELTS ပျှမ်းမျှရမှတ် ၈ အဆင့်ရှိတယ်။ သူ့အသက် ၁၈ နှစ်အရွယ်မှာ သူရေးတဲ့အင်္ဂလိပ်ဆောင်းပါးကို ထိုင်းနိုင်ငံထုတ် The Nation မှာ ပထမဆုံးဖော်ပြခံရပါတယ်။သူ့ကြိုးစားမှု၊ သူ့အရည်အချင်းနဲ့ ပညာသင်ဆုရခဲ့ပေမဲ့ သူရရှိခဲ့တဲ့ အစီအစဉ် ရပ်ဆိုင်းသွားတာမို့ ပညာ ဆက်မသင်နိုင်ဘဲ ဖြစ်နေတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ဆီမှာ အာဏာရှင် အစိုးရနဲ့ စနစ်ဆိုးက ဖိနှိပ်ထားပေမယ့် ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ထူးချွန်လူငယ်တွေ အများကြီးရှိတယ်။ ဆရာကြီးထင်နေသလို ခပ်တုံးတုံးတွေ မဟုတ်ဘူးဆိုတာကိုပါ။ပညာရေးစနစ် ရိုက်ချိုးခံရပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာရှိခဲ့ပါတယ်။ စာအုပ်တွေက တစ်ဆင့် သင်ယူခဲ့တယ်။ ကျောင်းက သင်ပေးလိုက်တာတွေ အသုံးမဝင်တာမို့ ကိုယ်ကိုယ်တိုင် ရှာဖွေ လေ့လာဆည်းပူးရတဲ့ Self-Study ကိုပဲ အားထားခဲ့တယ်။ ဒီလိုအချိန်မှာ အခုလိုလူငယ်တွေ သန်းဆယ်ချီရှိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း Self-Study ကိုအားပြုရင်း အငယ်တန်း သတင်းထောက်ကနေ အမှုဆောင်အယ်ဒီတာ ဖြစ်လာတာပါ။ နိုင်ငံတကာ ဂျာနယ်လစ်တွေနဲ့ အလုပ်အတူ လုပ်နိုင်တယ်။ အင်္ဂလိပ်စာ အကောင်းကြီးမဟုတ်ပေမဲ့ အတန်အသင့်တော့ တတ်ကျွမ်းပါတယ်။ ဆရာကြီးသိဖို့ ပြောတာပါ။ကျွန်တော် အပါအဝင် မြန်မာမီဒီယာလောကမှာရှိနေတဲ့ ၉၅ ရာခိုင်နှုန်းသော လူငယ်ဂျာနယ်လစ်တွေက ဂျာနယ်လစ်ဇင်ပညာကို စနစ်တကျတတ်ခဲ့သူတွေမဟုတ်ဘူး။ Self-Study လုပ်ရင်း ကိုယ့်ကိုကိုယ်သင်ခဲ့ရတာပါ။ ကျွန်တော်ဆိုရင် အခုချိန်ထိ နေ့ညမရွေး Self-Study လုပ်နေပါတယ်။ အဲဒီအကျိုးဆက်ကို ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတွေမှာ တွေ့နိုင်ပါလိမ့်မယ်။ကျွန်တော်တို့ဟာ ရေပေါ်ဆီ အခွင့်ထူးခံ လူတန်းစားက ဆင်းသက်လာသူတွေ မဟုတ်ဘူး။ အခွင့်ထူးခံ၊ အကျိုးမျှော်သူတွေနဲ့ပေါင်းပြီး ပညာသင်ဆု၊ စကော်လာတွေရနိုင်ပေမယ့် ကျွန်တော်တို့မလျှောက်ခဲ့ဘူး။ သူတို့ ပေးတဲ့ အခွင့်အရေးတွေကိုလည်း မယူခဲ့ဘူး။ကျွန်တော်ရေးခဲ့တာတွေကလည်း ဖိနှိပ်ခံလူထုဘက်ကပဲ ရပ်တည်ခဲ့တယ်။ ဂျာနယ်လစ်မှန်ရင် ပြည်သူလူထု မျက်နှာတစ်ခုတည်းကို ကြည့်ရတယ်လို့ ကျွန်တော်နဲ့ အနေနီးစပ်တဲ့ ဆရာလူထုစိန်ဝင်းက သင်ပေးခဲ့ဖူးတယ်။ ဆရာလူထုစိန်ဝင်းရဲ့ ရပ်တည်ချက်၊ ခံယူချက်နဲ့ပဲ ဂျာနယ်လစ်တစ်ယောက်ပီသအောင် နေထိုင်တယ်။ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးတွေက ရေပေါ်ဆီအခွင့်ထူးခံလူတန်းစားတွေ၊ အီလစ်တွေ၊ အာဏာရှင်တွေအတွက် မဟုတ်ခဲ့ဘူး။ ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမယူခဲ့ဘူး။ လူထုကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူးဆိုတာ ကျိန်းသေအာမခံပါတယ်။အခုချိန်ထိ ဝမ်းရေးအတွက် ကျွန်တော်ရုန်းကန်နေရတုန်းပဲ။ ဂျာနယ်လစ်ယောက်ပီသအောင် Self-Study တွေကို နေ့ညမရွေးလုပ်နေရတုန်းပဲ။ ကိုယ့်ထက် သိကျွမ်းတတ်မြောက်သူတွေဆီက သင်ယူနေရတုန်းပဲ။ အခုရထားတဲ့ဘဝကို ကျွန်တော်ကျေနပ်တယ်။ဒါပေမဲ့ ဆရာကြီးရဲ့ပေးစာမှာ ကျွန်တော့်လို ရုန်းကန်နေရတဲ့ လူငယ် သန်းပေါင်းများစွာကို စာနာမှုမပေးဘဲ ငါ့လောက် မတတ်ရကောင်းလားဆိုပြီး အင်္ဂလိပ်စာ သင်ကြားပေးရင်း အပြစ်ဖို့ခဲ့တယ်။ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေ၊ ဆင်းရဲချမ်းသာကွာဟမှု ဒဏ်ကို ခံနေရတဲ့ ပြည်သူတွေကို လျစ်လျူရှုပြီး အခွင့်ထူးခံ ရေပေါ်ဆီ လူတန်းစားတွေ၊ အီလစ်တွေရဲ့ သဘောထား အမြင်အတိုင်း ဆရာကြီး ရေးခဲ့တာကိုဖတ်ရတော့ ဝမ်းနည်းပါတယ်။အထူးသဖြင့် ဆရာကြီးလို လူတစ်ယောက်ဆီက လူငယ်တွေအပေါ် သဘောထားကိုမြင်ရတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အထူးစိတ်မကောင်းဖြစ်မိပါတယ်။(၄)ရှင်းရှင်းပြောရရင် ဂျာနယ်လစ်တစ်ဦး လုပ်ရမယ့်အလုပ်ကို ကျွန်တော်လုပ်ခဲ့ပါတယ်။ဂျာနယ်လစ်တစ်ဦးဟာ သတင်းမီဒီယာရှုထောင့်ကနေ ပြည်သူလူထုရဲ့အသံကို နားထောင်ရတယ်။ အချက်အလက်တွေကိုစုဆောင်းရတယ်။ သမိုင်း၊ ပထဝီ၊ အခြေအနေအရာရာအားလုံးကို သုံးသပ်ရတယ်။ ပြီးတော့ ကိုယ့်ရဲ့တတ်ကျွမ်းမှု၊ ကိုယ့်ရဲ့ Common Sense နဲ့ ပြည်သူလူထုကို နားလည်အောင် ပြန်လည်ရှင်းပြရတာ ဂျာနယ်လစ်အလုပ်ပဲဖြစ်ပါတယ်။ နောက်ပြီး သတင်းမီဒီယာ၊ ဂျာနယ်လစ်တစ်ဦးက ပြည်သူလူထုကိုတင်ပြတဲ့အချိန်မှာ သွယ်ဝိုက်တဲ့နည်းတွေနဲ့တင်ပြရတာရှိသလို တစ်ခါတစ်လေမှာလည်း တည့်တည့် Straight Forward တင်ပြရတာရှိပါတယ်။ဆရာကြီးထောက်ပြတဲ့ ဆောင်းပါးမှမဟုတ်ပါဘူး။ ကျွန်တော်ရေးခဲ့သမျှတိုင်းမှာ ဒီအချက်တွေအတိုင်းလုပ်ခဲ့ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဂျာနယ်လစ်တွေဟာ ပညာရှင်တွေမဟုတ်ပါဘူး။ ဘက်ပေါင်းစုံ၊ ဘာသာရပ်မျိုးစုံကို သိရှိထားရမှာဖြစ်ပေမဲ့ ပညာရှင်တွေလို နှိုက်နှိုက်ချွတ်ချွတ်သိသူတွေမဟုတ်ဘူး။ဆရာကြီးက ပေးစာမှာ ကျွန်တော့်ရဲ့ဆောင်းပါးက သမ္မတဦးသိန်းစိန်၊ သူ့ရဲ့အစိုးရ၊ သူ့ရဲ့အကြံပေး၊ လွှတ်တော်နဲ့အတိုက်အခံတွေကို Jihad (မွတ်စလင်ဘာသာရေးစစ်ပွဲ) လုပ်တယ်လို့ပြောတယ်။ ကျွန်တော့်ကို မွတ်စလင်တစ်ဦး စွပ်စွဲတာလား။ ကျွန်တော်တို့ Eleven Media Group ကို ဘာသာရေးအရခွဲခြားဆက်ဆံပြီး တနည်းအားဖြင့် စစ်ပွဲတစ်ရပ်လို ဆင်နွှဲတိုက်ခိုက်နေတယ်လို့ စွပ်စွဲချင်တာလား။ ဆရာကြီးစွပ်စွဲသလို တစ်ခုမှမဟုတ်ပါဘူး။ဒါမှမဟုတ် ဆရာကြီးဆီမှာ ဘာသာရေးအရ ခွဲခြား ဆက်ဆံဆက်ဆံချင်တဲ့စိတ် ရှိနေတာလားလို့ ကျွန်တော်ကပြန်မေးချင်ပါတယ်။နောက်ပြီး ဆရာကြီးက သမ္မတဦးသိန်းစိန်အစိုးရ စီးပွားရေးအကြံပေးခေါင်းဆောင်တစ်ဦးတင်မကဘဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးအဆင်ပြေသူလို့ သိထားတယ်။ဆရာကြီးရဲ့ပေးစာမှာ သမ္မတဦးသိန်းစိန်၊ သူ့ရဲ့အစိုးရ၊ အကြံပေးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့တို့ ကာကွယ်ရေးခဲ့ပါတယ်။ဒါပေမဲ့ ဆရာကြီးရဲ့စေတနာ ဖြူစင်တယ်လို့ မယူဆပါဘူး။ ဆရာကြီးက အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့လူငယ်တွေ၊ ဆင်းရဲချမ်းသာကွာဟမှုအောက်မှာ ချိုးနှိမ်ခံနေရတဲ့ပြည်သူတွေကို လျစ်လျူရှုခဲ့ပါတယ်။နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီး ခင်မင်တိုင်း ဆရာကြီးဟာ ပြည်သူလူထု အကျိုးကိုလုပ်ဆောင်နေတယ်၊ တိုင်းပြည်အတွက် ပြည်သူအတွက် ကောင်းကျိုးဆောင်ရွက်နေတယ်လို့ မယူဆပါဘူး။ကျွန်တော်တို့ ယူဆချက် ဘယ်လောက် မှန်လဲ၊ မှားလဲဆိုတာ ဆရာကြီးရဲ့ပေးစာကိုကြည့်ရင် သိပါတယ်။ဒါတွေက ဆရာကြီးရဲ့ပေးစာပါ ချိုးနှိမ်မှုတွေ၊ ပေးစာ ပထမသုံးပိုဒ်ပါ စာသားတွေနဲ့ပ တ်သက်ပြီး ပြန်ရှင်းပြတာပါ။ဆက်ရေးပါဦးမယ်။