သဘာဝရဲ့ အကန့်အသတ်

သဘာဝရဲ့ အကန့်အသတ်
Published 9 April 2015
ဒေါက်တာဇော်မြင့်နီ

ကျွန်တော်တို့ဟာ အကန့်အသတ်တွေနဲ့ ရှင်သန်ဖွံ့ဖြိုးနေရသူတွေ ဖြစ်ပါတယ်။ ဒါကို မိတ်ဆွေ တွေးတောမိဖူးပါသလား။ အကန့်အသတ်တွေက ဘာလဲ။ Earth Resources are Limited ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံ သဘောတရားတစ်ခု ရှိတယ်။ ကမ္ဘာမြေရဲ့ သယံဇာတ အရင်းအမြစ်တွေဆိုတာ အကန့်အသတ်နဲ့ ရှိတယ်လို့ ဆိုပါတယ်။Earth Resources ဆိုတာလဲ နှစ်မျိုးရှိပါတယ်။ ပြန်လည်ဖြစ်ပေါ်နိုင်တဲ့ သယံဇာတ Renewable Resources နဲ့ ပြန်လည်မဖြစ်ပေါ်နိုင်တဲ့ သယံဇာတ Non Renewable Resources တို့ ဖြစ်ပါတယ်။Renewable Resources ဆိုတာ ရေ၊ လေ၊ နေရောင်ခြည်၊ သစ်ပင်၊ တိရစ္ဆာန် စတဲ့အရင်းအမြစ်များကို ဆိုလိုတာပါ။ အဲဒီ အရင်းအမြစ်တွေဟာ လူ့သက်တမ်း တစ်ခုခုအတွင်းမှာ ဖြစ်ပေါ်နိုင်တယ်။ ကုန်ဆုံးနိုင်တယ်။ ပြန်လည်ဖြစ်ပေါ်နိုင်တယ်။ ဒါပေမဲ့ ပြန်လည်ဖြစ်ပေါ်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တယ်။ကျွန်တော်တို့အတွက် လိုအပ်တဲ့ အစာအာဟာရတွေ စိုက်ပျိုးနိုင်တယ်။ မွေးမြူနိုင်တယ်။ နေရောင်ခြည်ဆိုရင် နေ့တိုင်းရနိုင်တယ်။ မြေအောက်ရေဆိုရင် မိုးရွာတိုင်း မိုးရေတွေဟာ မြေကြီးထဲ စိမ့်ဝင်သွားပြီး ကုန်ခမ်းသွားတဲ့ မြေအောက်ရေတွေကို အားဖြည့်ပေးတယ်။ ကုန်သွားတယ်။ ပြန်ဖြစ်ပေါ်နိုင်တယ်။ ဒီလို သယံဇာတ အရင်းအမြစ်တွေကို Renewable Resources လို့ ခေါ်သတဲ့။ ကျွန်တော်တို့ရဲ့ ဘဝမှာ နေ့စဉ်နှင့်အမျှ Renewable Resources တွေနဲ့ စခန်းသွားနေကြရတယ်။ ဒါကို သတိထားမိသူ ရှိတော့ရှိတယ်။ နည်းတယ်။Non Renewable Resources ဆိုတာ ဘာလဲ။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာနဲ့ ဓာတ်သတ္တုတွေဟာ Non Renewable Resources တွေပါပဲ။ အဲဒါတွေဟာ သုံးစွဲပြီး ကုန်သွားရင် လူ့သက်တမ်းတစ်ခု အတွင်းမှာ ပြန်လည်ဖြစ်ပေါ် မလာနိုင်တော့ဘူး။ ဒါတွေဖြစ်ပေါ်ဖို့ဆိုတာ နှစ်ပေါင်းသန်းချီပြီး အချိန်ကာလ လိုအပ်တယ်။ ဘူမိဗေဒဖြစ်စဉ် အမျိုးမျိုး ဖြစ်ပေါ်ဖို့လိုတယ်။ မီးတောင်တွေ ဖြစ်ဖို့လိုတယ်။ Lithospher ဆိုတဲ့ မြေထုချပ်ကြီးတွေ အချင်းချင်းထိဖို့ တိုက်ဖို့လိုတယ်။ ချော်ရည်တွေထွက်ဖို့ လိုတယ်။ ချော်ရည်တွေထဲက ဓာတ်သတ္တုတွေ ပါလာတတ်တယ်။ တိုက်ဆိုင်မှုတွေ လိုတယ်။ကြည့်ပါ...နေရာတိုင်းမှာ ကျောက်မျက်ရတနာ မထွက်ဘူး။ခဲ၊ သွပ်၊ ငွေက ဘော်တွင်းမှာ ထွက်တယ်။ ကြေးနီက မုံရွာဘက်မှာ ထွက်တယ်။ ခဲမဖြူ၊ အဖြိုက်နက်က ထားဝယ်မှာထွက်တယ်။ ဒါတွေက နေရာအကန့်အသတ် ရှိတယ်။ အချိန်အကန့်အသတ် ရှိတယ်။ ဖြစ်စဉ် အကန့်အသတ် ရှိတယ်။ ဒီလို ဓာတ်သတ္တုတွေကို အသုံးပြုပြီးကုန်သွားရင် ဝမ်းနည်းစရာပဲ။ ကျွန်တော်တို့ တစ်သက်မှာတော့ ပြန်မဖြစ်တော့ဘူး။ နှစ်သန်းချီကြာပြီး တိုက်ဆိုင်မှုတွေလည်း ရှိဦးမှ ပြန်ဖြစ်ပေါ်လာမှာ။ ဒါကြောင့် Non Renewable Resources လို့ ခေါ်တာပါ။ ဒီလို Non Renewable Resources တွေမရှိဘဲနဲ့ ကျွန်တော်တို့ဘဝတွေ ရှင်သန်ဖွံ့ဖြိုးဖို့ မဖြစ်နိုင်ပါဘူး။လျှပ်စစ်မီးကြိုးတွေဖြစ်ဖို့ ကြေးနီမရှိရင် မဖြစ်ပါဘူး။ ကြေးနီကို အတုလုပ်လို့ အစားထိုး မရဘူး။ ကျွန်တော်တို့စီးတဲ့ ဆိုင်ကယ်တွေ၊ ကားတွေရွေ့ဖို့ လောင်စာဆီ လိုပါတယ်။ ဒီလောင်စာတွေဟာ သုံးပြီးရင် ပြန်မဖြစ်ပေါ်နိုင်ပါဘူး။ အစားထိုး မရဘူး။ သူတို့ဖြစ်ပေါ်ဖို့ နှစ်သန်းချီပြီး စောင့်ဖို့လိုပါတယ်။ ဒီလောင်စာတွေရဲ့ အရင်းအမြစ်ဟာ ဇီဝပစ္စည်းတွေပါ။ သစ်ပင်ကြီးတွေ၊ တိရစ္ဆာန် ခန္ဓာကိုယ်တွေ စုပုံပြီးရှိခဲ့ဖို့ သေဆုံးဖို့ လိုပါတယ်။ သူတို့သေဆုံးပြီး သူတို့အပေါ်က အနယ်အနှစ်တွေ ဖုံးအုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါတွေက နှစ်သန်းချီကြာတဲ့အခါ ဓာတုပြောင်းလဲခြင်းတွေဖြစ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ ဖြစ်ပေါ်လာရတာပါ။ ဒါ့ကြောင့်ပဲ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ (Fossil Fuel) လို့ ခေါ်ကြတာပါ။ရေနံတွေ၊ ကျောက်မီးသွေးကြောကြီးတွေ တွေ့တယ်ဆိုတာ ဟိုတုန်းက သစ်ပင်သစ်တောကြီးတွေရှိခဲ့၊ သေဆုံးခဲ့၊ အနည်တွေ ပို့ချခဲ့တယ်ဆိုတာ ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။ ဒါကို ဘာလို့ပြောနေရတာလဲ။ ကျွန်တော်တို့ဟာ တစ်ကိုယ်တော် ရွက်လွှင့်လို့ မရဘူး။ ကျွန်တော်တို့ လူမှုဘဝ ရှင်သန်ဖွံ့ဖြိုးဖို့ ကမ္ဘာမြေရဲ့ သယံဇာတတွေကို မဖြစ်မနေ သုံးစွဲနေကြရတယ်။ ဒီသယံဇာတတွေက လွယ်လွယ်ကူကူ ဖြစ်လာတာ မဟုတ်ပါဘူး။ အချိန်လည်း အကန့်အသတ် ရှိတယ်။ ပမာဏလည်း အကန့်အသတ်ရှိတယ်။ သူတို့ကို ခက်ခက်ခဲခဲ ရှာဖွေကြရတယ်။ အရင်းအနှီး ကြီးလှတယ်။ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ခံစားကြရတယ်။ဒါကြောင့် သူတို့ကို တန်ဖိုးထားဖို့ လိုတယ်။ သုံးစွဲတဲ့အခါ စနစ်တကျ စီမံခန့်ခွဲ သုံးကြရမယ်။ သေချာတာက ကျွန်တော်တို့လည်း ဆက်သုံးစွဲရဦးမယ်။ ကျွန်တော်တို့ရဲ့ သား၊ သမီးတွေဖြစ်တဲ့ အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရဦးမယ်။ ကောင်းမွန်ပြည့်စုံတဲ့ အနာဂတ် ချန်ထားခဲ့ရဦးမယ်။ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ။ We must manage them more wisely ကျွန်တော်တို့ဟာ သယံဇာတ အရင်းအမြစ်တွေကို ပညာသားပါပါနဲ့ စီမံခန့်ခွဲကြရပါမယ်။ တတ်နိုင်သမျှ သယံဇာတတွေ မပျက်သုဉ်းအောင် အလဟဿမဖြစ်အောင် ရှာဖွေတဲ့အခါ၊ ထုတ်ဖော်တဲ့အခါ သုံးစွဲတဲ့အခါ ဦးနှောက်သုံးပြီး စီမံခန့်ခွဲကြရမှာပါ။သတိ၊ ဝီရိယရှိရှိ ရှာ...သတိ၊ ဝီရိယရှိရှိ ထုတ်...သတိ၊ ဝီရိယရှိရှိ သုံးကြရမှာပါ။ ဆိုပါတော့ ဖုန်း၊ ဖက်(စ်)၊ အီးမေးလ်တို့နဲ့ ပြီးနိုင်တဲ့ကိစ္စကို ဆိုင်ကယ်၊ ကားတို့နဲ့ မသွားကြနဲ့ပေါ့။ မဖြစ်မနေ လိုအပ်မှသာ ဆိုင်ကယ်၊ ကားသုံးတဲ့ အကျင့်မွေးကြရပါမယ်။ တစ်ပတ်မှာ တစ်ရက်တန်သည် နှစ်ရက်တန်သည် ဆိုင်ကယ်၊ ကားသုံးစွဲမှုကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အနားပေးသင့်ပါတယ်။ ဒါဟာ တစ်နိုင်တစ်ပိုင် စီမံခန့်ခွဲမှုပါ။ လူတိုင်း ဒီလိုလေး လုပ်နိုင်ခဲ့ရင် ကြီးမားတဲ့ကျေးဇူး လက်တွေ့ရမှာ ဖြစ်ပါတယ်။ သယံဇာတတွေကို ဉာဏ်ရှိသလို သုံးစွဲကြဖို့ပါ။