ရေဒီယိုလှိုင်း မိုဘိုင်းဖုန်းနှင့် ကျန်းမာရေးအပေါ် သက်ရောက်မှု

ရေဒီယိုလှိုင်း မိုဘိုင်းဖုန်းနှင့် ကျန်းမာရေးအပေါ် သက်ရောက်မှု
Published 9 April 2015
တက္ကသိုလ်မိုးဝါ

Electromagnetic Field ကို စတင်တွေ့ရှိခဲ့သည့် အချိန်မှစ၍ ကမ္ဘာ့စက်မှုလုပ်ငန်း ကြီးမားစွာ ဖြစ်ပေါ်တိုးတက်ခဲ့သည်။ လုပ်ငန်းကြီးသေးမဟူ နေရာတိုင်း၌ မရှိမဖြစ် အသုံးပြုရသည့် လည်ပတ်သော လျှပ်စစ်မော်တာများတွင် လျှပ်စစ်သံလိုက်စက်ကွင်းတို့၏ အချင်းချင်းတုံ့ပြန်မှုမှတစ်ဆင့် လှုပ်ရှားလည် ပတ်မှုကို ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။ သာဓကအားဖြင့် လျှပ်စစ်မော်တာတစ်လုံးတွင် စတေတာ (Stator)  နှင့်  ရိုတာ (Rotor or Armature)  ဟူ၍ ထိတွေ့ဆက်သွယ်ခြင်း မရှိသည့် အစိတ်အပိုင်းနှစ်ခုပါရှိသည်။  စတေတာသည် ရိုးရိုးသံလိုက် သို့မဟုတ် နန်းကြိုး ပတ်ထားသော လျှပ်စစ်သံလိုက်ဖြစ်ကာ လျှပ်စီးလွှတ်လိုက်ပါက ယင်း၏ ပတ်ဝန်းကျင်၌ သံလိုက်စက်ကွင်းများ ဖြစ်ပေါ်လာသည်။ ရိုတာ (ခေါ်) အာမေချာနန်းကြိုး ပတ်ထဲသို့ လျှပ်စီးလွှတ်လိုက်လျှင်လည်း အလားတူ သံလိုက်စက်ကွင်းတစ်ရပ်ကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
အဆိုပါ လျှပ်စစ်သံလိုက်စက်ကွင်း နှစ်ခုသည် အချင်းချင်း တုံ့ပြန်လျက်လည်အား (Torque) ပေါ်ပေါက်လာပြီး မော်တာကို လည်ပတ်စေမည်ဖြစ်သည်။
ထိုမှတစ်ဆင့်တက်၍ လျှပ်စစ်ဓာတ်ဝင်သော အမှုန်အမွှားများအား အရှိန်ဖြင့်ရွေ့လျားစေပါက လျှပ်စစ်သံလိုက် လှိုင်းများကို ထုတ်လုပ်စေနိုင်ကြောင်း တွေ့ရ၏။ ယင်းလျှပ်စစ် သံလိုက်လှိုင်းတို့သည် စွမ်းအင်တစ်စုံတစ်ရာ သယ်ဆောင်ထားပြီး ယင်းတို့နှင့် ထိတွေ့တုံ့ပြန်သော အရာဝတ္ထုများသို့ စွမ်းအင်လွှဲပြောင်းပေးနိုင်သည့် သတ္တိရှိသည်ဆိုသည်။
လျှပ်စစ်သံလိုက်လှိုင်း အမျိုးအစားများစွာတွင် ရေဒီယိုလှိုင်း၊ မိုက်ခရိုလှိုင်း၊ အနီအောက်ရောင်ခြည် (Infrared Radiation)၊ မြင်နိုင်သော အလင်းရောင်ခြည်၊ ခရမ်းလွန် ရောင်ခြည်၊ အိတ်စ်ရေးနှင့် ဂမ္မာရောင်ခြည် တို့ပါဝင်သည်။ ယင်းတို့ကို ပမာဏမတူ ခြားနားသော ကြိမ်နှုန်း (Frequency) နှင့် လှိုင်းလျား (Wavelength)  ဖြင့် ခွဲခြား သိမှတ်နိုင်သည်။ ယင်းလှိုင်းများအနက် ရေဒီယိုလှိုင်းမှာ ကြိမ်နှုန်းအနိမ့်ဆုံးနှင့် လှိုင်းလျားအရှည်ဆုံးရှိပြီး အိတ်စ်ရေးနှင့် ဂမ္မာလှိုင်းတို့မှာ ကြိမ်နှုန်းအမြင့်ဆုံးနှင့် လှိုင်းလျားအတိုဆုံး လှိုင်းဖြစ်သည်။
လျှပ်စစ်သံလိုက်လှိုင်းများသည် ယင်းတို့အား ထုတ်လုပ်သည့် ဓာတ်ဝင်အမှုန်များနှင့် အကွာအဝေးအားဖြင့် လုံလောက်သော အကွာအဝေးသို့ ရောက်သွားပါက မည်သည့်တွန်းအားမျှမပါဘဲ အလိုအလျောက် လေထုထဲတွင် ဖြာထွက် (Radiate)  ပျံ့နှံ့သွားနိုင်စွမ်းရှိသည်။  ယင်းကိုပင် လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း (Electromagnetic Radiation) ဟု ခေါ်သည်။
အခြားသော လျှပ်စစ်သံလိုက်လှိုင်းများ နည်းတူ ရေဒီယိုလှိုင်းသည်လည်း အလင်း၏ မြန်နှုန်းဖြင့် ရွေ့လျားသည်။
သဘာဝတွင်တွေ့ရသည့် ရေဒီယိုလှိုင်းများမှာ လျှပ်စီးလက်ခြင်းမှ ဖြစ်ပေါ်သည့် လှိုင်းမျိုးဖြစ်သည်။ လူတို့ ထုတ်လုပ်လိုက်သော ရေဒီယိုလှိုင်းတို့ကိုမူ မိုဘိုင်းဆက်သွယ်မှု၊ ရုပ်သံလွှင့်မှု၊ ရေဒါနှင့် အခြားရေကြောင်း လေကြောင်းလမ်းပြစနစ်၊ ဂြိုဟ်တုဆက်သွယ်ရေး စသည်တို့တွင် အသုံးပြုကြသည်။ ရေဒီယိုလှိုင်း၏ ကြိမ်နှုန်းမှာ သုံးကီလိုဟတ်ဇ် (3 kHz) မှ ၃ဝဝ ဂစ်ဂါဟတ်ဇ်  (300 GHz)  အထိရှိကာ လှိုင်းအလျားမှာ ၁ဝဝ ကီလိုမီတာမှ တစ်မီလီမီတာအတွင်း ရှိသည်။
မိုဘိုင်းဖုန်းများ ဖြစ်ထွန်းပေါ်ပေါက်လာသည့် အချိန်မှစပြီး နေ့စဉ်သုံးစွဲသူအပေါ် ကျန်းမာရေး ထိခိုက်နိုင်ခြေနှင့် ပတ်သက်၍ သိပ္ပံနည်းပညာ ရှုထောင့်မှလည်းကောင်း၊ လူထုအကြား၌လည်းကောင်း စိုးရိမ်ပူပန်မှုများ တိုးပွားလာနေခဲ့သည်။ လေ့လာဆန်းစစ်မှုများအရ မိုဘိုင်းဖုန်းသုံးခြင်းနှင့် ကျန်းမာရေးအပေါ် သက်ရောက်မှုအကြား သိသာသော အဆက်အစပ် တစ်စုံတစ်ရာကို မတွေ့ရဟုဆိုသည်။ သို့သော်လည်း ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ပူပန်ခြင်း အဆင့်သည် နိမ့်ကျသွားခြင်းမရှိပေ။ အချို့သောလေ့လာ စမ်းသပ်မှုများအရ ၁ဝ နှစ်ထက်မက မိုဘိုင်းဖုန်း အသုံးပြုခဲ့မှုများ၌ ဦးနှောက်၏ အကြားအာရုံကြောတွင် အသားပို (Tumour) ဖြစ်ပွား ခြေပိုများသည် ဆိုသည်။ အဆိုပါ အသားပိုများအား မိုဘိုင်းဖုန်းနှင့် ထိတွေ့သည့် ဦးခေါင်းဘက်ခြမ်း ဦးနှောက်ထဲတွင် အများအားဖြင့် တွေ့ရှိရသည် ဆိုသည်။ တွေ့ရှိချက်များအတွက် သေချာတပ်အပ် သက်သေမပြနိုင်ဟု ပညာရှင်တို့က ပြောဆိုခဲ့သော်လည်း မိုဘိုင်းဖုန်းသုံးစွဲမှု အချိန်ကို မလွဲမသွေ လျှော့ချသင့်ကြောင်း ဆိုပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO– World Health Organization) သည် ရေဒီယိုလှိုင်းများနှင့် ထိတွေ့မှုဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုအန္တရာယ်ကို ၂ဝ၁၆ ခုနှစ် နောက်ဆုံးထားပြီး လေ့လာဆန်းစစ်မည် ဆိုသည်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသန ပြုလုပ်ရေး အေဂျင်စီကလည်း မိုဘိုင်းဖုန်းမှထုတ်လွှင့်သော လျှပ်စစ်သံလိုက်လှိုင်းများသည် လူသားအတွက် ကင်ဆာဖြစ်စေသော အရာတစ်ခု ဖြစ်နိုင်ခြေရှိသည်ဟု သတ်မှတ်ထားသည်။
မိုဘိုင်းဖုန်းများသည် စွမ်းအားအနည်း ငယ်သာသုံးသော ရေဒီယိုလှိုင်းလွှင့်စက်  (Radio Transmitter) များ ဖြစ်သည်။  ယင်း တို့အလုပ်လုပ်သောကြိမ်နှုန်းမှာ ၄၅ဝ မှ ၂၇ဝဝ MHz  အတွင်းဖြစ်ကာ အမြင့်ဆုံးစွမ်း အားပမာဏ ဝ ဒသမ ၁ မှ ၂ ဝပ်အတွင်းသာ သုံးသည်။ ဤမျှနည်းပါးသောစွမ်းအားသုံး သည့် မိုဘိုင်းဖုန်းမှထုတ်လွှင့်သော ရေဒီယို ကြိမ်နှုန်းနှင့် ထိတွေ့မှုပမာဏသည် ဖုန်းနှင့် ပို၍ဝေးသည့် အကွာအဝေးတွင်ရှိသည့် လေထိတွေ့မှု လျော့နည်းသွားလေပင် ဖြစ်သည်။ ဖုန်းအားနားနားကပ်၍ စကားပြောသူထက်စာလျှင် စာတိုရိုက်သူ၊ အင်တာနက်ချိတ်ဆက် အသုံးပြုသူတို့အတွက် ကျန်းမာရေးထိခိုက်မှု ပိုနည်းမည်ဖြစ်သည်။ သို့တိုင်အောင် ယနေ့မျက်မှောက်ကာလအထိ လူ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်ခြင်း တစ်စုံတစ်ရာကို မတွေ့ရှိရသေးကြောင်း ဆိုသည်။
ရေတိုတွင် လူ့ကိုယ်ခန္ဓာအပေါ်ဖြစ်နိုင် သောသက်ရောက်မှုများမှာ တစ်သျှူး (Tissue)  များအား ပူလာစေသည့် ဖြစ်စဉ်ဖြစ်သည်။ မိုဘိုင်းဖုန်းများ အသုံးပြုနေသော ရေဒီယိုကြိမ်နှုန်းတို့၏ စွမ်းအင်အားလုံးလိုလိုကို လူ့အရေပြားနှင့် အပေါ်လွှာ တစ်သျှူးတို့က စုပ်ယူသွားသဖြင့် ဦးနှောက်နှင့် အခြားခန္ဓာ အစိတ်အပိုင်းတို့၌ မပြောပလောက်သည့် အပူချိန် တိုးမြင့်လာခြင်းသာ ဖြစ်ပေါ်စေသည်။
လူ့ဦးနှောက်၏ လျှပ်စစ်ဓာတ်ဆိုင်ရာ ပုံမှန်လုပ်ဆောင်မှုအပေါ် ရေဒီယိုလှိုင်းသက် ရောက်ပုံကိုလည်းကောင်း၊ ဦးနှောက်၏ အမှတ်သညာ၊ နှလုံးခုန်နှုန်း၊ အိပ်စက်မှုနှင့် သွေးပေါင်ချိန်တို့ကို လည်းကောင်း စမ်းသပ်စစ်ဆေးရာ ထိခိုက်သည်ကို မတွေ့ရှိခဲ့ရဟုဆိုသည်။
မကြာသေးမီက မိုဘိုင်းဆက်သွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရှင်းလင်းပွဲတစ်ရပ်၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ သိပ္ပံနည်းပညာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန တို့ပူးပေါင်းပြီး ဆက်သွယ်ရေးကွန်ရက်နှင့် ရေဒီယိုလှိုင်းများ၏ အန္တရာယ်နှင့်ပတ်သက်၍ လေ့လာတိုင်းတာမှု ပြုလုပ်၍ ရရှိလာသည့် ရလဒ်များအရ ကျန်းမာရေးထိခိုက်မှု မရှိကြောင်း ပြောကြားသည်။
နိုင်ငံပေါင်း ၁၂ဝ မှ လက်ခံထားသော စံနှုန်းများအတိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော ရေဒီယိုလှိုင်း စံနှုန်းထက် များစွာလျော့နည်းနေပြီး ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိကြောင်း ယင်းရှင်းလင်းပွဲ အခမ်းအနားတွင် သက်ဆိုင်သူများက ပြောကြားခဲ့သည်။
စာရေးသူတို့၏ နေ့စဉ်လှုပ်ရှားရုန်းကန်နေသော ဘဝပတ်ဝန်းကျင် တစ်ခုလုံးတွင် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှုအများ အပြားရှိနေသည်ကို သတိမူမိသူ နည်းမည်ဖြစ်သည်။ ဆံပင်အခြောက်ခံ မှုတ်စက်များ၊ လျှပ်စစ်ဓာတ်ကြိုးများ၊ ထရန်စဖော်မာများ၊ တီဗီများ၊ ဖန်ပြွန်မီးချောင်းများ စသည့်ပစ္စည်းများမှလည်း သံလိုက်လှိုင်းဖြာထွက်မှု ရှိနေသည်။ မည်သည့်နေရာတွင် ရှိနေရှိနေ၊ သံလိုက်လှိုင်း ဖြာထွက်မှုနှင့် လွတ်ကင်းသည့်နေရာဟူ၍ မရှိဟု ပြောရမည်။
သုတေသီတစ်ဦး၏ လေ့လာချက်တွင် လျှပ်စစ်သံလိုက်လှိုင်းသည် ခန္ဓာအတွင်း ဆဲလ်များရှိ အီလက်ထရွန်များအား လွတ်ထွက်သွားစေသဖြင့် တစ်သျှူးကို ယိုယွင်းပျက်စီး စေသည်ဆိုသည်။ ကိုယ်ခန္ဓာ ပုံမှန် အလုပ်လုပ်နိုင်ရန် အီလက်ထရွန်များ ရှိနေရန် လိုအပ်သည်ဆိုသည်။ သံလိုက်လှိုင်းဖြာထွက်ခြင်း တာရှည်စွာ သက်ရောက်ခံထားသည့် လူ့ခန္ဓာကိုယ်၏ ဝမ်းဗိုက်အစိတ်အပိုင်း နာကျင်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းချုပ်ဝမ်းပျက်ခြင်း စသည်တို့ ဖြစ်ပွားနိုင်သည်ဟုဆိုသည်။ 
မိုဘိုင်းဖုန်းများမှ ဖြာထွက်သည့် လျှပ်စစ်သံလိုက်လှိုင်းတို့၏ အန္တရာယ်ရှိမှုကို ထောက်ပြရင်း လျှပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာများ အင်စတီကျု (IEEE – The Institute of Electrical & Electronic Engineers) က ကြိုးမဲ့စက်မှုလုပ်ငန်းကုမ္ပဏီ ကြီးများမှ ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံကာ မိုဘိုင်းကိရိယာမှ ဖြာထွက်မှုများ၏ အန္တရာယ်ရှိပုံကို ညွှန်ပြခဲ့ပါသော်လည်း ယင်းကုမ္ပဏီကြီးများက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လျှပ်စစ်သံလိုက်လှိုင်းဖြာ ထွက်ခြင်းပမာဏကို ပို၍ပင်မြှင့်တင်လိုက် ကြသည်ဆိုသည်။ ယင်းလုပ်ရပ်သည် ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်သည့်လုပ်ရပ်မျိုးဖြစ်ကြောင်း ဝေဖန်မှုများရှိနေခဲ့၏။
ချုပ်ရလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်ခြင်း အန္တရာယ်နှင့်စပ်လျဉ်းသော လေ့လာဆန်းစစ်မှုရလဒ် ကို ၂ဝ၁၆ ခုနှစ်တွင် သိရှိရတော့မည်ဟု နားလည်ထားသည်ဖြစ်ရာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာအား မုချပြုလုပ် ချမှတ်နိုင်မည်ဟု မျှော်လင့်ရပေသည်။