အမြဲတမ်းအတွင်းဝန် (သို့မဟုတ်) တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ရာထူးများ တီထွင်ခန့်ထားခြင်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်ခြင်း မပြုရန် NLD ပါတီ အရေးကြီးအဆို တင်သွင်း

အမြဲတမ်းအတွင်းဝန် (သို့မဟုတ်) တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ရာထူးများ တီထွင်ခန့်ထားခြင်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်ခြင်း မပြုရန် NLD ပါတီ အရေးကြီးအဆို တင်သွင်း
Published 8 April 2015
ဝေယံဖြိုးဦး

အမြဲတမ်းအတွင်းဝန် (သို့မဟုတ်) တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ရာထူးများ တီထွင်ခန့်ထားခြင်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်ခြင်း မပြုရန် NLD ပါတီက အရေးကြီးအဆို တင်သွင်းခဲ့သည်။ဧပြီ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်းခဲ့ခြင်းဖြစ်သည်။ဒေါက်တာမြတ်ဉာဏစိုးက “အဆိုက အဆိုတစ်ခုတည်းပါပဲ။ အဆိုမှာ နှစ်ပိုင်းပါပါတယ်။ (က) ကတော့ အုပ်ချုပ်ရေးပုံစံသစ်ဖြင့် ကူးပြောင်းဆောင်ရွက်သည့် အနေနှင့် အမြဲတမ်းအတွင်းဝန်/တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ရာထူးများ တီထွင်ခန့်ထားခြင်းကို ပထမအကြိမ် ပြည်ထောင်စုအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်ခြင်းမပြုဘဲ ဆိုင်းငံ့ထားပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့်အဆို ဖြစ်ပါတယ်။ ဒါပထမအပိုင်း ဖြစ်ပါတယ်။ (ခ) ကတော့ အမြဲတမ်းအတွင်းဝန်၊ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ရာထူးများအတွက် ကျပ်နှစ်သိန်း လစဉ်ချီးမြှင့်ငွေ ပေးအပ်ခြင်း ကိစ္စသည် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၆၂၊ နည်းဥပဒေခွဲ (က) ပါ စည်းကမ်းချက်နှင့် ကိုက်ညီခြင်း မရှိသဖြင့် အမြဲတမ်းနိုင်ငံ့ဝန်ထမ်း မည်သို့သော ရာထူးအဆင့်ကိုမဆို အမြဲတမ်းလစဉ် ယခုကဲ့သို့ ချီးမြှင့်ငွေ ပေးအပ်ခြင်းမျိုး မပြုလုပ်ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့်အဆို ဖြစ်ပါတယ်” ဟု လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။၎င်းအဆိုနှင့် ပတ်သက်၍ နောက်အစည်းအဝေး၌ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။“အမြဲတမ်းအတွင်းဝန်ရာထူး ခန့်ထားရေးကို ကျွန်တော့်အနေနဲ့ကလည်း အမြဲတမ်းကိုပဲ ကန့်ကွက်ပါတယ်။ ဒါဟာ ဗဟိုချုပ်ကိုင်မှု ပိုမိုများပြားပြီးတော့ ကြိုးနီစနစ်မျိုးပဲ ဖြစ်တယ်လို့ တင်ပြလိုပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်၌ ဆွေးနွေးထားသည်။ထို့ပြင် မတ် ၃ဝ ရက်ကလည်း ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းသည့် အစိုးရအဖွဲ့၌ အမြဲတမ်းအတွင်းဝန် ရာထူးများ ခန့်ထားခြင်းသည် ဥပဒေနှင့်မညီဘဲ ကြိုးနီစနစ်ကို ပိုမိုအားကောင်းစေသော လုပ်ရပ်ဖြစ်သဖြင့် ကန့်ကွက်ကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည်။သို့သော် ၎င်းအဆိုနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ လွှတ်တော်သို့ လာရောက်ရှင်းလင်းရာတွင် ဥပဒေနှင့်ညီကြောင်း ပြန်လည်ဆွေးနွေးခဲ့သဖြင့် ၎င်းအဆိုကို ယာယီရွှေ့ဆိုင်းထားကြောင်း နာယကက ကြေညာထားခြင်း ဖြစ်သည်။     

Most Read

Most Recent