မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ သုံးနှစ်တာအတွင်း လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အစီရင်ခံစာ ထုတ်ပြန်မည်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ သုံးနှစ်တာအတွင်း လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အစီရင်ခံစာ ထုတ်ပြန်မည်
Published 8 April 2015
ဇာလီမြင့်ဦး

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ၏ သုံးနှစ်တာအတွင်း လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အစီရင်ခံစာအဖြစ် ထုတ်ပြန်မည်ဖြစ်ကြောင်း ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ဧပြီ ၈ ရက်တွင် ပြောကြားသည်။ဦးစစ်မြိုင်က “ကျွန်တော်တို့ သုံးနှစ်စာဆောင်ရွက်ချက် ထုတ်ပြန်ဖို့ ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင် စတင်ဖွဲ့စည်းတဲ့ အချိန်ကနေပြီးတော့ ၂၀၁၄ စက်တင်ဘာအထိ ဆောင်ရွက်ချက်တွေ ပါဝင်ပါမယ်။ ကော်မရှင် တစ်ခုလုံးရဲ့ ဆောင်ရွက်ချက်အားလုံး ပါဝင်တယ်။ အခုတော့ စာမူတော့ပြီးပြီ။ ကျွန်တော်ထင်တယ်။ ဒီအပတ် (သို့မဟုတ်) သင်္ကြန်အပြီးလောက် ထုတ်ပြန်ဖို့ ရှိတယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခဲ့သည့် သုံးနှစ်တာ ကာလအတွင်း တိုင်းနှင့်ပြည်နယ် အသီးသီးမှ မြို့နယ် ၅၀ ကျော်သို့ သွားရောက်၍ လူ့အခွင့်အရေး အသိပညာ ဗဟုသုတများ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်က နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ကော်မရှင်အနေဖြင့် ပြည်နယ်များတွင် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်သည့် လုပ်ပိုင်ခွင့် အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယခင်ကထက် ပိုမိုလုပ်ပိုင်ခွင့် ရရှိထားကြောင်း သိရသည်။“ကော်မရှင်ကတော့ ၂၀၁၄ နှစ်ကုန်တုန်းက ကော်မရှင်လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဌာနရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့က ၂၀၁၄ နှစ်ကုန်ပိုင်းတုန်းက ကိန်းဂဏန်း စာရင်းဇယားအရ ထုတ်ပြန်ထားတာ ရှိတယ်။ ကြားနာဖို့ကျန်တဲ့ အရေအတွက်ကိုလည်း ဖော်ပြတယ်။ လက်ရှိအဲဒါတွေက ဆက်လက်ဆောင်ရွက်တယ်။ ပြီးရင် နောက်ထပ်လာတာတွေကို ထပ်ကိုင်တာပေါ့။ လုပ်တာကတော့ အဲဒီလိုနည်းနဲ့ လုပ်တာပေါ့” ဟု ဦးစစ်မြိုင်က ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် သေဆုံးခဲ့သည့် ကိုအောင်နိုင် (ခ) ကိုအောင်ကျာ်နိုင် (ခ) ကိုပါကြီး သေဆုံးမှုဖြစ်စဉ်နှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်း အဓိကရုဏ်း ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံဒေါ်ခင်ဝင်း သေဆုံးခဲ့သည့် ဖြစ်စဉ်များအား သွားရောက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ခြင်း၊ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမည်များကို အကြံပြုခြင်းတို့ ပြုလုပ်ခဲ့သည်။ထို့ပြင် ဧရာဝတီ၊ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စစ်ဆေးခြင်းကိစ္စများ ဆောင်ရွက်ရန်ရှိပါက ဖြစ်ပွားရာဒေသများသို့ စုံစမ်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ စေလွှတ်စုံစမ်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။          

Most Read

Most Recent