အစိုးရအဖွဲ့၏ ကန့်ကွက်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရန် အိမ်ရာများ ဆောက်လုပ်မပေးနိုင်ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်နာယက တောင်းပန်

အစိုးရအဖွဲ့၏ ကန့်ကွက်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရန် အိမ်ရာများ ဆောက်လုပ်မပေးနိုင်ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်နာယက တောင်းပန်
Published 8 April 2015
ဝေယံဖြိုးဦး

အစိုးရအဖွဲ့၏ ကန့်ကွက်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရန် အိမ်ရာများ ဆောက်လုပ်မပေးနိုင်ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တောင်းပန်ခဲ့သည်။ဧပြီ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော် နာယက,က လွှတ်တော်ကိုယ်စားလှယ်များအား တောင်းပန်စကား ပြောကြားခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်တင်မြင့် တင်သွင်းခဲ့သည့် “လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာ အဆောက်အအုံများကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းကာလ မတိုင်မီ အပြီးတည်ဆောက်ပေးပါရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်၍ ဆက်စပ်ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က “လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်တဲ့ အချိန်မှာ တည်းခိုနေထိုင်တဲ့ တည်းခိုစရိတ်အတွက် သက်ဆိုင်ရာ ဥပဒေများအရ ခံစားခွင့်ပြုထားပြီး ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များအတွက် တည်းခိုဆောင်များကို နိုင်ငံတော်က သီးသန့်တည်ဆောက်ပေးရန် ကိစ္စမှာ ဥပဒေပြဋ္ဌာန်းချက်တွင် ပါဝင်ခြင်းမရှိတာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း လွှတ်တော်ကိုယ်စားလှယ် အများစုဟာ သက်ဆိုင်ရာ ပါတီများကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ခံရသူများ ဖြစ်တဲ့အလျောက် ပါတီတာဝန်များကို ပူးတွဲထမ်းဆောင်ရတဲ့အတွက် နိုင်ငံရေးပါတီနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးများ ကျင်းပခြင်းနဲ့ ပါတီရဲ့ သဘောထား ရယူဆောင်ရွက်ခြင်းများကို နိုင်ငံပိုင် အဆောက်အအုံများတွင် ဆောင်ရွက်ခြင်းပြုပါက နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် နိုင်ငံပိုင်ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်းပြုရာ ရောက်နိုင်တဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ဂ)ပါ နိုင်ငံပိုင်ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲတဲ့ အဖွဲ့အစည်းသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားခွင့် မရှိစေရဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့လည်း ငြိစွန်းနေမှာကို တွေ့ရှိရပါတယ်” ဟု ဆွေးနွေးသည်။ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက “ခုနက လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ဖို့ အဆောက်အအုံနဲ့ ပတ်သက်ပြီးတော့ ဒီနှစ်မှစတင်ပြီး ဆောင်ရွက်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်များက စတင်ပြီး ဆောင်ရွက်ခဲ့တာပါ။ ခုနက တချို့ကိစ္စတွေ ကျွန်တော် မမှတ်မိပေမယ့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီအငယ်လေးတွေက လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြသွားတဲ့ အတိုင်းပါပဲ။ နေဖို့၊ ထိုင်ဖို့ အခက်အခဲတွေ ရှိတယ်။ ရှိတဲ့အတွက် လွှတ်တော်အဆောက်အအုံ ဆောက်ဖို့အတွက် ဘတ်ဂျက်တင်လိုက်တယ်။ ဘတ်ဂျက်ကို ခွင့်ပြုပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ တာဝန်ရှိတဲ့ အစိုးရအဖွဲ့ကနေ ငြိမ်းချမ်းရေးအတွက် လုပ်စရာတွေ ရှိပါတယ်။ ဒီကိစ္စအတွက် ဒီငွေတွေ မသုံးဘဲနဲ့ ပြန်အပ်ပေးပါ။ လွှတ်တော်ကိုယ်စားလှယ်များအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ ကတိစကားအရ ရပြီးသား ဘတ်ဂျက်တွေကို ပြန်အပ်ပေးလိုက်တယ်။ အဲဒီလိုကနေပြီးတော့ ဒီနေ့ အရေးကြီးအဆို ဖြစ်ပေါ်လာတဲ့ ကိစ္စက လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုတဲ့နေရာသည် နိုင်ငံပိုင် အဆောက်အအုံ ဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးကိစ္စနဲ့ ပါတီကိစ္စနဲ့ ဒီမှာဆွေးနွေးလို့ မသင့်ဘူး ဆိုလာတဲ့အခါမှာ ခုနက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသွားတဲ့ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးသမားတွေလေ။ နိုင်ငံရေးလုပ်တာလေ။ သူ့ပါတီကိစ္စရော၊ အခြားနိုင်ငံရေး ကိစ္စရော လုပ်ကြမှာပေါ့။ အဲဒါကို နိုင်ငံပိုင် အဆောက်အအုံထဲမှာ မလုပ်ပါနဲ့ မသင့်ပါဘူးလို့ ပြောတဲ့ဟာက ဆီလျော်မှု ရှိမရှိ၊ သဘာ၀ ကျမကျ သုံးသပ်ဖို့ လိုပါတယ်။ ဒီလွှတ်တော် အဆောက်အအုံကြီးဟာ နိုင်ငံပိုင် အဆောက်အအုံကြီးပဲ။ အဲဒီထဲမှာ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံရေးစကားတွေ ပြောတာပဲ။ နိုင်ငံရေးစကား ဆိုတဲ့နေရာမှာ အမျိုးသား နိုင်ငံရေးလည်းပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံရေးလုပ်တဲ့အတွက် အဲဒီပါတီကို ဖျက်သိမ်းနိုင်တယ် ဆိုတာဟာကော ဥပဒေထဲမှာ ရှိခဲ့တယ် ဆိုလို့ရှိရင် ဒီလို သုံးသပ်ဆောင်ရွက်တာ မှန်သလားဆိုတဲ့ဟာမျိုး ခုနကပြောသွားတာ ရှိပါတယ်။ အဲဒီတော့ ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်များကို တောင်းပန်ပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ သူရဦးရွှေမန်းက အစိုးရအဖွဲ့က ဥပဒေနှင့်မညီဟု တင်ပြလာသည့်အတွက် ၎င်းအဆိုအား လွှတ်တော်၌ ဆက်လက်ဆွေးနွေးခြင်း မပြုဘဲ ရပ်ဆိုင်းထားခဲ့သည်။  

Most Read

Most Recent