၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့ပါက အစိုးရနှင့် တပ်မတော် အနေဖြင့် အဆိုပါ ရလဒ်အား အသိအမှတ် မပြုမည်ကို လူထုက စိုးရိမ်မှုများ ရှိနေဟု The Globe and Mail သတင်းစာနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့ပါက အစိုးရနှင့် တပ်မတော် အနေဖြင့် အဆိုပါ ရလဒ်အား အသိအမှတ် မပြုမည်ကို လူထုက စိုးရိမ်မှုများ ရှိနေဟု The Globe and Mail သတင်းစာနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 6 April 2015
ဇေယျာနန္ဒ

ဧပြီ ၃ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံအတွင်း ကနေဒါအခြေစိုက် The Globe and Mail သတင်းစာနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့ပါက အဆိုပါရလဒ်ကို အစိုးရနှင့် တပ်မတော်မှ အသိအမှတ် မပြုမည်ကို ပြည်သူလူထုက စိုးရိမ်မှုများရှိကြောင်း ပြောကြားသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြောရမယ်ဆိုရင် ကျွန်မတို့ (NLD ပါတီ) အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမြဲတမ်း စတင်လုပ်ဆောင်နိုင်ပါတယ်။ ကျွန်မတို့ပါတီဟာ သန့်ရှင်းပါတယ်။ ဆင်းရဲပေမယ့် သန့်ရှင်းပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ ပထမဆုံး ခြေလှမ်းတစ်ရပ်ပါပဲ” ဟု The Globe and Mail သတင်းစာသို့ ပြောကြားသည်။ရိုက်တာတင်းဌာနနှင့် တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အနေဖြင့် အစိုးရတာဝန် ထမ်းဆောင်ရန် အဆင်သင့် ဖြစ်ကြောင်းနှင့် အခြေခံဥပဒေသည် အစဉ်တည်မြဲနေသောအရာ မဟုတ်သောကြောင့် သူမအနေဖြင့် သမ္မတဖြစ်နိုင်ခြေ ရှိသေးကြောင်း ပြောကြားသည်။၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ကျွန်မတို့ အနေနဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ မနှစ်က သမ္မတကြီး ပြောခဲ့တဲ့ စကားထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲထက်ပိုပြီး အရေးပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလို့ ရတယ်လို့ ဆိုလိုချင်တာလား” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို The Globe and Mail သတင်းစာတွင် ဖော်ပြထားသည်။အလားတူ ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံစဉ်ကလည်း အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြောင်းပြကာ ရွေးကောက်ပွဲ အချိန်ဆွဲရန် လုပ်ဆောင်လာနိုင်ဖွယ် ရှိသည့်အပေါ် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ပြည်သူလူထု အများစုက တကယ်ကို ပြောင်းလဲဖို့ ဆန္ဒရှိတယ်ဆိုရင် ပြောင်းလဲမှုတွေဟာ ဖြစ်ပေါ်လာမှာပါပဲ။ တပ်မတော် အနေနဲ့လည်း နိုင်ငံတစ်ခုလုံးရဲ့ ကောင်းကျိုးကိုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ သူတို့ ကြည့်ချင်တာနဲ့ သူတို့ ဖြစ်သင့်တယ်လို့ ယူဆတဲ့ အရာတွေကိုပဲ ကြည့်မနေသင့်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ “မွတ်စလင်တွေဟာ လူနည်းစုတွေပါ။ ဒါပေမဲ့ ကမ္ဘာနဲ့ ပြန်ယှဉ်ကြည့်ရင် ဗုဒ္ဓဘာသာဝင်တွေဟာ လူနည်းစုအဖြစ် ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ အနေနဲ့ ကမ္ဘာ့မွတ်စလင် အသိုင်းအဝိုင်းက သူတို့အပေါ် ဆန့်ကျင်နေတယ်ဆိုတဲ့ ခံစားမှုတွေ ရှိပါတယ်။ ဒါဟာ တကယ်တော့ ခံယူချက် အမြင်ပါပဲ။ ဒါပေမဲ့ ဒီလို ကိစ္စရပ်မျိုးမှာတော့ ခံယူချက် အမြင်တွေဟာ အချက်အလက်တွေလိုမျိုး ထိရောက်မှု ရှိနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉ဝ ခုနှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာ၌  ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် ယင်းရလဒ်အား စစ်အစိုးရက အကောင်အထည်ဖော်ပေးခြင်း မရှိခဲ့ဘဲ အစိုးရဖွဲ့ရန် ငြင်းဆန်ခံခဲ့ရကာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အများစုမှာ အကျဉ်းချခြင်း ခံခဲ့ရသည်။     

Most Read

Most Recent