တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းအပေါ် ကြိုဆိုထောက်ခံကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တပ်မတော်၏အရေးကြီးအဆိုကို ဧပြီ ၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက ပြည်ထောင်စုလွှတ်တော်သို့ "ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ ညိနှိုင်းရေးအဖွဲ့တို့၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူညှိနှိုင်းပြုစုရေးဆွဲပြီး အောင်မြင်စွာအတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်က ကြိုဆိုထောက်ခံပါကြောင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း" အရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်းရရှိနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ၃၁.၃.၂၀၁၅ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့၏ သတ္တမအကြိမ်ဆွေးနွေးပွဲအပြီး၌ အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါဝင်သည့် သဘောတူစာချုပ်အတည်ပြုမူကြမ်းကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီး အတည်ပြုချက်ကိုလည်း အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းကဆိုသည်။"ယခုဆောင်ရွက်ချက်များဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အောင်မြင်မှုဖြစ်ပါကြောင်းနှင့် ငြိမ်းချမ်းရေးဟာ ပြည်သူများ၏လိုလားချက်၊ ဆန္ဒနဲ့မျှော်လင့်ချက်များဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးရရှိရန် ပါဝင်ဆောင်ကြဉ်းပေးကြသူများအားလုံးကိုလည်း ပြည်သူများအနေဖြင့် ကြိုဆိုထောက်ခံကြမှာဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ်တင့်ဆန်းက ဆွေးနွေးပြောကြားသည်။ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း မိမိတို့အားလုံးသည် ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း၌ တူညီသောသဘောထားဖြင့် လျှောက်လှမ်းနေပါကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကိုသွားမည်ဆိုပါက တည်ငြိမ်အေးချမ်းမှုများမရှိမဖြစ်လိုအပ်ပါကြောင်း၊ ပြည်သူတို့၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် ဆူပူအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခများဖြင့် ဖြေရှင်းခြင်းဖြင့်မရနိုင်ကြောင်းကို သင်ခန်းစာရရှိခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်များဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တပ်မတော်၏ အမျိုးသားရေးမူဖြင့်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်မှတ်ရေးထိုးရန်ကျန်ရှိနေသောအဖွဲ့ များကိုလည်း တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးကိုကြည့်ရှုပြီး စဉ်းစားဆောင်ရွက်စေရန် တိုက်တွန်းထားပြီးဖြစ်သည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးသည်။"ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုများ အချိန်တိုကာလအတွင်းမှာ အောင်မြင်မှာဖြစ်ပါတယ်။ ဒီလိုအောင်မြင်ရန်ဆောင်ရွက်ရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲတို့အပြင် နိုင်ငံသားအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုမိုအောင်မြင်မှာဖြစ်လို့ ယခုအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ်တင့်ဆန်းက ဆွေးနွေးပြောကြားသည်။ထို့နောက် ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်၏အဆုံးအဖြတ်ခံယူရာတွင် လွှတ်တော်ကိုယ်စားလှယ်အားလုံးကထောက်ခံသဖြင့် အဆိုအတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တပ်မတော်၏အရေးကြီးအဆို တင်သွင်း