လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့
Published 31 March 2015

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ကပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာကြောင်း မတ် ၃၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။အဆိုပါဥပဒေကြမ်းတွင် အချက်ပေါင်း ၉၉ ချက်ရှိသည့်အနက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ၂၄ ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အမျိုးသားလွှတ်တော်ကအတည်ပြုထားသည့် အိမ်ထောင်ရှင်မိခင်တစ်ဦး ကလေးမွေးဖွားပြီးနောက် အနည်းဆုံး ၃၆ လခြားပြီးမှ နောက်ထပ်ကလေးမွေးခြင်းကိုဆိုသည်ဟု အတည်ပြုချက်အား ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုသည်။ပြည်သူ့လွှတ်တော်က အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာရရှိရန်၊  မိခင်နှင့်ကလေးများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုဦးတည်ပြီး လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ဟု ပြင်ဆင်ထားသည်။ဥပဒေကြမ်း၏ အပိုဒ် ၉ တွင် ပြည်သူ့လွှတ်တော်က ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူဦးရေပြောင်းလဲမှု၊ လူဦးရေနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် အပြန်အလှန်ဆက်စပ်မှုကို သုတေသနပြုခြင်းဟု ပြင်ဆင်အတည်ပြုထားသည်။ ထို့အပြင် အပိုဒ် ၁၁ တွင် အမျိုးသားလွှတ်တော်ကအတည်ပြုထားသည့် လုပ်ငန်းဆောင်ရွက်ချက်များကို ဝန်ကြီးဌာနသို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်းဆိုသည့်အချက်အား ပြည်သူ့လွှတ်တော်ကပယ်ဖျက်ခဲ့သည်။လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းအား ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဧပြီ ၁ ရက်နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent